News

ထပ်တိုးအိမ်ထောင်စု သိန်း ၂၀ ကျော်အတွက် ကျပ် ၅၆ ဘီလီယံကျော် ထောက်ပံ့ရန် ခွင့်ပြုချက်ရပြီဟုဆို

ပုံမှန် ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စုများကို စတုတ္ထအကြိမ်ထောက်ပံ့ငွေ ပေးအပ်ရာတွင် ထောက်ပံ့ကြေးရယူလိုကြောင်း တင်ပြ၊ တိုင်ကြားထားသည့် ထပ်တိုးအိမ်ထောင်စု သိန်း ၂၀ ကျော်အတွက် ကျပ် ၅၆ ဘီလီယံကျော် ထပ်မံထောက်ပံ့ပေးရန် ခွင့်ပြုချက်ရပြီဟု ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူက လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် သတင်းစကားပါးသည်။

“COVID-19 ကာလအတွင်းမှာ စီးပွားရေး ထိခိုက်မှုသက်သာရေးစီမံချက် (CERP ) အရ ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံ လူတန်းစား အိမ်ထောင်စုတွေကို စားသောက်ရေး အဆင်ပြေစေဖို့ ထောက်ပံ့မှု (၄)ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး နိုင်ငံတော် ဘဏ္ဍာငွေမှ ကျပ် ၅၆၈ ဒသမ ၆၄ ဘီလီယံကို သုံးစွဲခဲ့ပါတယ်။ ယခုနောက်ဆုံးစိစစ်တွေ့ရှိချက်တွေအရ ထပ်တိုးအိမ်ထောင်စု (၂၀၁၁၀၉၅ ) စုအတွက် ငွေကျပ် ( ၅၆.၀၇၆၆) ဘီလီယံ ထပ်မံ ထောက်ပံ့ပေးဖို့ အမျိုးသားအဆင့်ဗဟိုကော်မတီက ခွင့်ပြုပေးလိုက်ပါပြီ။ မကြာခင်မှာ ထောက်ပံ့ငွေတွေ လက်ရောက်ပေးအပ်နိုင်တော့မှာဖြစ်ကြောင်း သတင်းစကားပါးလိုပါတယ်။” ဟု ၎င်းက ဆိုသည်။

စတုတ္ထအကြိမ် ထောက်ပံ့ငွေပေးအပ်မည့် စာရင်းများတွင် မပါဝင်ခြင်း၊ COVID – 19 ဖြစ်ပွားသည့်ကာလ ရှည်ကြာလာပြီး အလုပ်အကိုင်အခွင့်အလမ်းများ နည်းပါးသွားခြင်းစသည့် အကြောင်းတရားများအပေါ် မူတည်ပြီး စားရေးသောက်ရေးအခက်အခဲ ကြုံတွေ့လာ၍ ထောက်ပံ့ကြေးရယူလိုသည့် အိမ်ထောင်စုများက တင်ပြတိုင်ကြားခြင်းများအပေါ် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၏ ဦးဆောင်မှုဖြင့် အဖွဲ့ငယ်များ ဖွဲ့ပြီး စိစစ်ခဲ့ကြရာ အချို့သော အဖွဲ့ငယ်များတွင် လွှတ်တော်ကိုယ်စားလှယ်များပါ တက်ကြွစွာပါဝင်ဆောင်ရွက်ခဲ့၍ ကျေးဇူးတင်ရှိပါကြောင်း သတင်းစကားတွင် မှတ်တမ်းတင်ဖော်ပြခဲ့သည်။

ထပ်တိုးထောက်ပံ့မည့် အိမ်ထောင်စုများကို ထောက်ပံ့မှုပြုရာတွင် အငြင်းပွားဖွယ်ရာကိစ္စများ မဖြစ်ပွားစေရန်၊ ပွင့်လင်းမြင်သာသည့် ထောက်ပံ့မှုမျိုးဖြစ်စေရန်၊ သက်ဆိုင်ရာ အိမ်ထောင်စုများ လက်ဝယ်သို့ ထောက်ပံ့ငွေများ မှန်မှန်ကန်ကန်ရောက်ရှိစေရန်နှင့် ကြီးကြပ်ကွပ်ကဲမှုအားနည်းသည့်အတွက်ကြောင့် မလိုလားအပ်သော ပြဿနာများ မဖြစ်ပေါ်စေရန်တို့အတွက် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများက ထိရောက်စွာ ကြီးကြပ်ကွပ်ကဲပြီး အဖွဲ့စနစ်ဖြင့် စနစ်တကျ လက်ရောက်ပေးအပ်သွားရန်လည်း ဗဟိုကော်မတီက ညွှန်ကြားထားကြောင်း သိရသည်။

အစိုးရထောက်ပံ့ကြေးကိစ္စ တိုင်ကြားစာဖြေရှင်းရေးဌာနများကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၁၆ ရက်တွင် စတင်ဖွင့် လှစ်ခဲ့ပြီး ဒီဇင်ဘာ ၇ ရက်အထိ တိုင်ကြားစာ စုစုပေါင်း ( ၂၁၀၇၄၈ ) စောင်လက်ခံရရှိခဲ့ရာတွင် မှန်ကန်သည့် တိုင်ကြားစာပေါင်း (၁၇၆၅၁၀) စောင် (၉၇ ဒသမ ၀၂ ရာခိုင်နှုန်း)နှင့် မှန်ကန်မှု မရှိသည့် တိုင်ကြားစာပေါင်း ( ၅၄၁၉ ) စောင်( ၂ ဒသမ ၉၈ ရာခိုင်နှုန်း ) တွေ့ရှိရကြောင်း ပြည်ထောင်စုဝန်ကြီး၏ သတင်းထုတ်ပြန်ခဲ့မှုများအရ သိရသည်။

စိစစ်ခဲ့သည့် တိုင်ကြားစာပါ တိုင်ကြားရသည့် အမျိုးအစားများအရ အလုပ်အကိုင်အဆင်မပြေမှုများနှင့် ထောက်ပံ့မှု စာရင်းတွင် မပါဝင်ခြင်းများကြောင့် ထောက်ပံ့ကြေးရယူလိုမှု ၉၆ ဒသမ ၈ ရာခိုင်နှုန်း၊ ထောက်ပံ့ကြေး အပြည့်အဝမရရှိမှု သုည ဒသမ ၀၈ ရာခိုင်နှုန်း၊ ထောက်ပံ့မှုများ ပွင့်လင်းမြင်သာမှုမရှိမှု သုည ဒသမ ၀၇ ရာခိုင်နှုန်း၊ ယခင်ထောက်ပံ့မှုတွင် ပါဝင်ပြီး ယခုထောက်ပံ့မှုတွင် မပါဝင်မှု သုည ဒသမ ၀၄ ရာခိုင်နှုန်း၊ တင်ပြသည့် အိမ်ထောင်စုအတိုင်း မဟုတ်ဘဲ ချန်လှပ်ထားမှု သုည ဒသမ ၀၃ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

ထို့ကြောင့် ပထမအကြိမ်မှ စတုတ္တအကြိမ်အထိ ငွေကြေး၊ ပစ္စည်း ( ၅ ) မျိုး ထောက်ပံ့မှုနှင့်စပ်လျဉ်းပြီး ပြည်သူများကို ပွင့်လင်းမြင်သာစွာ အသိပေးကြေညာလိုသည့်အတွက် ရပ်ကွက်/ကျေးရွာအုပ်စုအလိုက် ထောက်ပံ့ပေးခဲ့သည့် အိမ်ထောင်စု၏ အိမ်ထောင်ဦးစီး အမည်စာရင်း၊ ထောက်ပံ့ပေးအပ်သည့် နှုန်းထားများကို ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးများ၌ ကပ်ထားပေးရန် ညွှန်ကြားခဲ့ရသည်။

Crd

တင့်ဇော်ထွန်း 23 JAN 2021 | မြန်မာတိုင်းမ်နေ့စဉ်