ကိုဗစ် – ၁၉ ကာကွယ်ဆေးဝယ်ယူရန် နိုင်ငံတော်သို့ ပထမအကြိမ်အဖြစ် ငွေကျပ်သိန်းပေါင်း (၁၂,၀၀၀) လှူဒါန်း
ရန်ကုန်၊ (ဇန်နဝါရီ ၂၄)
နိုင်ငံတော်၏ ကိုဗစ် – ၁၉ ရောဂါ ကာကွယ်ဆေးဝယ်ယူရေးအတွက် အသုံးပြုရန် မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးနှင့် အစ္စလာမ်ဘာသာဝင်များ စုပေါင်းကာပထမအကြိမ်အဖြစ် အလှူငွေကျပ် သိန်းပေါင်း (၁၂,၀၀၀)ကို ဇန်နဝါရီ (၂၂) ရက်က ဘဏ်မှတစ်ဆင့် လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါ လှူဒါန်းမှုတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေး အဖွဲ့ကြီးနှင့် အနယ်နယ်အရပ်ရပ်မှ အစ္စလာမ်ဘာသာဝင်အလှူရှင်များ စုပေါင်းထည့်ဝင်လှူဒါန်းခဲ့သော အလှူငွေကျပ်သိန်း (၁၂,၀၀၀)ကို ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ ကိုဗစ်-၁၉ ကာကွယ် ဆေးဝယ်ယူရေး ရန်ပုံငွေစာရင်းသို့ လွှဲပို့လှူဒါန်းခဲ့ခြင်းဖြစ်သည်။
ကိုဗစ်-၁၉ကာကွယ်ဆေးဝယ်ယူရေးအတွက် အလှူငွေများကိုဒုတိယအကြိမ် ဆက်လက်လှူဒါန်းရန် စီစဉ်ထားပြီး ထပ်မံလှူဒါန်းလိုသော အလှူရှင်များအနေဖြင့် ဖေဖော်ဝါရီ ၁၁ ရက် နောက်ဆုံးထား၍ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေး အဖွဲ့ကြီး၊ ကိုဗစ် -၁၉ ကာကွယ်ရေး လုပ်ငန်းစဉ်များ ကူညီပံ့ပိုးရေး ကော်မတီသို့ ဆက်သွယ်လှူဒါန်းကြပါရန် နှိုးဆော်ဖိတ်ခေါ်ထားကြောင်း သိရသည်။
# သူဇာနွယ်(ဖျာပုံ)
# Myanmaalinn
# MRTV