ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ စံလင်းဖြိုးကုမ္ပဏီ အိမ်ယာစီမံကိန်း ဖော်ဆောင်နေသည့် ဝိုင်းကွက်အလွတ်ရှေ့လမ်းပေါ်တွင် ဇန်နဝါရီလ (၂၀)ရက်နေ့၊ ည (၉)နာရီခွဲက သမီးရည်းစားနှစ်ယောက်ချိန်းတွေ့နေစဉ် ဓါးထောက်၊ ဆိုင်ကယ်လုယက်ခံရမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယင်းနောက် အမှုမှကျူးလွန်သူများကို တယ်လီဖုန်း GPS မှတဆင့် အချိန် (၂)နာရီအတွင်း ချိတ်ဆက်ဖမ်းမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
“ညကအခင်းဖြစ်ပွားပြီးမကြာဘူး။ နယ်ထိန်းအဖွဲ့တွေနဲ့ ပိတ်ဆို့ရမယ့်နေရာတွေ၊ ရှာဖွေရမယ့် နေရာကိုတွေ၊ ဝယ်လက်ရှ်ိတဲ့နေရာတွေကို လိုက်လံစုံစမ်းဖို့ချက်ချင်းတွန်းပေးပါတယ်။ အခင်းဖြစ်ပြီး (၂)နာရီပဲ ကြာတဲ့အချိန်မှာ ဆိုင်ကယ်ပစ္စည်းတွေဝယ်တဲ့သူရဲ့အိမ်ကို သတင်းအရဝင်ရှာတော့ ဆိုင်ကယ်ကိုတွေ့တယ်။
မေးတဲ့အခါမှာ သီဟ လာပေါင်တယ်။ နောက် သီဟ ကလည်း သူ့သူငယ်ချင်းနှစ်ယောက်သိရတဲ့အတွက် သူ့သူငယ်ချင်းနှစ်ယောက်ကို ည(၁)နာရီလောက်မှာ သွားဖမ်းခဲ့ပါတယ်” ဟု တာချီလိတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ညီညီဌေး ကပြောသည်။
အခင်းဖြစ်နေရာတွင် ဇန်နဝါရီ (၂၀)ရက်နေ့၊ ည (၉)နာရီခွဲက သမီးရည်းစားနှစ်ယောက်ချိန်းတွေ့နေစဉ် အမည်မသိလူငယ်(၂)ဦးရောက်ရှိလာပြီး အမျိုးသားအားဓါးဖြင့်ထောက်ခြိမ်းခြောက်ပြီး မျက်နှာအား လက်သီးဖြင့်ထိုး၍ ၎င်းပိုင်ဆိုင်သော ZOOMAR-X အမျိုးအစား မော်တော်ဆိုင်ကယ်နှင့် i Phone -12 အမျိုးအစားလက်ကိုင်ဖုန်း (၁)လုံး၊ i Phone-8 အမျိုးအစားလက်ကိုင်ဖုန်း (၁)လုံး၊ အမျိုးသမီးပိုင်ဆိုင်သော VIVO အမျိုးအစား လက်ကိုင်ဖုန်း (၁)လုံး၊ စုစုပေါင်းဖုန်း(၃)လုံး၊ KBZ ဘဏ်ကဒ် (၁)ခု၊ ထိုင်းဘတ်ငွေ(၂)ထောင်တို့အား လုယူထွက်ပြေးသွားကြောင်း သိရသည်။
တရားခံဖမ်းခဲ့စဉ်ပါဝင်ခဲ့သည့် နယ်ထိန်းရဲတပ်ဖွဲ့ဝင်တစ်ဦးကလည်း ” အလုခံရတဲ့ကောင်လေးဖုန်းက i Phone ဆိုတော့ GPS ပါတယ်။ ချိတ်ဆက်ကြည့်တဲ့အခါမှာ အဲဒီဖုန်းကို လုသွားတဲ့သူတွေက ရိုက်ခွဲခဲ့နေရာ ပေါ်နေတယ်။ အဲဒီနေရာရဲ့ အနီးဆုံးရှိတဲ့ ဆိုင်ကယ်အပေါင်ခံတဲ့ သူတွေကိုလိုက်စစ်တော့ တရားခံကို ရှာတွေ့ခဲ့တာပါ။ အလုခံရတဲ့သူကလည်း လုတဲ့သူတွေကို ညမှောင်နေလို့ မမှတ်မိဘူး။ ဖုန်းရဲ့ GPS ကြောင့် အနီးနားကနေတဆင့် ရှာဖွေဖမ်းဆီးရမိခဲ့တာပါ” ဟု ပြောသည်။
အခင်းဖြစ်ပြီး(၂)နာရီခန့်အကြာတွင် တာဝန်ရှိသူများသည် မြို့ပေါ်ရပ်ကွက်များအတွင်း ဆိုင်ကယ်အပေါင်ခံလေ့ရှိသူ တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက်နေ မင်းဇော်ဦး(ခ) ဝတုတ် (ခ)သားဇော် (၃၇)နှစ်၏နေအိမ်အား ဝင်ရောက်ရှာဖွေခဲ့ရာ အခင်းဖြစ်စဉ်တွင် လုယက်ခံရသည့် ZOO MAR-X အမျိုးအစား မော်တော်ဆိုင်ကယ်အား နေအိမ်အတွင်း၌ ရှာဖွေတွေ့ရှိခဲ့သဖြင့် စစ်ဆေးမေးမြန်းခဲ့ရာ အဆိုပါဆိုင်ကယ်အား ည (၁၀)နာရီ (၁၅)မိနစ်အချိန်ခန့်တွင် သီဟဆိုသူက ထိုင်းဘတ်ငွေ (၁၅၀၀၀) ဖြင့် လာရောက် ပေါင်နှံခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးသိရှိခဲ့ရသည်ဟု ရဲတပ်ဖွဲ့ထံမှ သိရသည်။
ယင်းအတွက် လိုက်လံစုံစမ်းဖမ်းဆီးရာ သီဟဆိုသူအား ရန်အောင်မြေရပ်ကွက်ရှိ တည်းခိုခန်းတွင် ဖမ်းဆီးရမိခဲ့ပြီး ၎င်းအားစစ်ဆေးရာ အဆိုပါဆိုင်ကယ်အား ၎င်းနှင့်ခင်မင်ရင်းနှီးသူ ရဲနောင်နှင့်အမည်မသိလူငယ်တစ်ဦးတို့က ယူလာပြီး ပေါင်နှံခိုင်းခဲ့ခြင်းဖြစ်ကြောင်း ၊ ယင်းနောက် ည (၁၁)နာရီခွဲအချိန်တွင် ရဲနောင်ဆိုသူအား ဝမ်မိုင်ရွာ၊ ဆန်ဆိုင်း(ခ) ရပ်ကွက်ရှိ ၎င်း၏သူငယ်ချင်း အမ်းကူ၏ နေအိမ် တွင်လည်းကောင်း၊ ရဲနောင်၏ထွက်ဆို ချက်အရ ၎င်းနှင့်အတူ ဆိုင်ကယ်လုခဲ့သူ ဝါခေါင် (ခ)ဉာဏ်လင်းထွန်း အား ဇန်နဝါရီလ (၂၁)ရက်နေ့ နံနက်(၁)နာရီတွင် ဂေါက်ကွင်းအနီးတွင် ဖမ်းဆီးရမိခဲ့ကြောင်း သ်ိရသည်။
“ ဆိုင်ရှင်တွေအနေနဲ့ကလည်း ဆိုင်ကယ်လာရောင်းတဲ့သူတွေရဲ့ အခြေအနေကိုသုံးသပ်ပြီး ဝယ်သင့်ပါတယ်။ နောက်ဆိုင်မှာ လာရောင်းတဲ့သူ၊ လာပေါင်တဲ့သူတွေက်ို မှတ်တမ်းလေးထားပေးရင် ပိုအဆင်ပြေပါတယ်။ ကျွန်တော်တို့ကိုလည်း ကူညီရာရောက်ပါတယ် ” ဟု တာချီလိတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ညီညီဌေး ကပြောသည်။
ယခုဆိုင်ကယ်အား လုယူခဲ့သူ ရဲနောင်၊ (၂၃)နှစ်၊ ဝမ်ကောင်းရပ်ကွက်၊ ဝါခေါင် (ခ) ဉာဏ်လင်းထွန်း၊ (၂၁)နှစ်၊ မကာဟိုခမ်းရပ်ကွက်နေသူနှင့် ဆိုင်ကယ်အားပေါင်နှံပေးသူ သီဟ (၂၇)နှစ်၊ ဆန်ဆိုင်း ( ခ )ရပ်ကွက်နေသူတို့အား တာချီလိတ်မြို့မရဲစခန်းတွင် (ပ)၁၇/၂၀၂၁. ပုဒ်မ ၃၈၂/၃၂၃/၁၁၄ အရအမှုဖွင့်လှစ်ထားပြီး ဆိုင်ကယ်အားအပေါင်ခံသူ မင်းဇော်ဦး(ခ) ဝတုတ်(ခ) သားဇော်၊ (၃၇)နှစ်၊ မယ်ခေါင်ရပ်ကွက်နေသူကိုလည်း ဥပဒေအရ အမှုဖွင့်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဇင်လတ်(တာချီလိတ်)