News

“ပြသနာက ပိုကြီးသွားပြီ….အချိူရည်နဲ့ ကော်ဖီမစ်အတုလုပ်သူထံမှာ ကိုဗစ်ပိုးတွေ့လို့ ဖမ်းဆီးတဲ့ ရဲ (၅) ဦးပါ Q ဝင်လိုက်ရ”

အချိုရည်နှင့် ကော်ဖီမစ် အတုပြုလုပ်သူများကို အောင်မြေသာစံနှင့် ပုသိမ်ကြီးမြို့နယ် ရဲစခန်းများတွင် ပုဒ်မ နှစ်ခုဖြင့် အမှုဖွင့်ထား၊

မောင်မင်းမော်၊ ဇန်နဝါရီ- ၂၂

မန္တလေးမြို့တွင် M-150 အားဖြည့်အချိုရည်နှင့် Birdy ကော်ဖီမစ်များ အတုပြုလုပ် ရောင်းချမှုဖြင့် ဖမ်းဆီး အမှုဖွင့်စစ်ဆေးနေသည့် အမျိုးသားတစ်ဦး COVID-19 ပိုးတွေ့သဖြင့် အမှုစစ် နှစ်ဦးအပါအဝင် ရဲတပ်ဖွဲ့ဝင် ငါးဦးခန့် ကွာရန်တင်း ဝင်နေရကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ဇန်နဝါရီ(၁၄)ရက်က မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ် ကုန်းတန်းကျေးရွာရှိ နေအိမ်တစ်အိမ်နှင့် အောင်မြေသာစံမြို့နယ် ဒေါနဘွားရပ်ကွက်၊ ၆၂လမ်း၊ ၁၆လမ်းနှင့် ၁ရလမ်းကြားရှိ နေအိမ်တစ်အိမ်တွင် M-150 အားဖြည့်အချိုရည်နှင့် Birdy ကော်ဖီမစ်ထုပ်များ အတုပြုလုပ် နေသည်ကို ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းမိခဲ့ပြီးနောက် ပိုင်ရှင် အမျိုးသားနှင့် အတုပြုလုပ်ရာတွင် ပါဝင်သူအချို့ကို ဖမ်းဆီးထားကြောင်း ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ဖမ်းဆီးထားသည့် ပိုင်ရှင်အမျိုးသားကို COVID-19 ရှိ၊မရှိ စစ်ဆေးရာ ရောဂါပိုး တွေ့ရှိသဖြင့် အောင်မြေသာစံမြို့နယ် အမှတ်(၁)မှ အမှုစစ် ရဲအရာရှိတစ်ဦးနှင့် ပုသိမ်ကြီးမြို့မရဲစခန်းမှ အမှုစစ်နှင့် ရဲတပ်ဖွဲ့ဝင်များ ကွာရန်တင်း ဝင်နေရခြင်း ဖြစ်ကြောင်း သက်ဆိုင်ရာမြို့နယ် ရဲတပ်ဖွဲ့ တာဝန်ရှိသူများက Mandalay In-depth News အား ပြောသည်။

“အဲဒီလူ (အချိုရည်နှင့် ကော်ဖီမစ် အတုပြုလုပ်မှုဖြင့် ဖမ်းဆီးထားသူ)က ကိုဗစ် Positive တွေ့လို့တဲ့ ဒီဘက်က အမှုစစ်တစ်ယောက် Q (ကွာရန်တင်း) ဝင်နေရတယ်။ ပုသိမ်ကြီးကတော့ ဘယ်နှစ်ယောက်လဲ မသိဘူး၊ ပိုင်ရှင်က သူတစ်ယောက်ထဲကိုး” ဟု အောင်မြေသာစံမြို့နယ် ရဲတပ်ဖွ့မှူး ရဲမှူးကျော်ဇင်မြင့်က ပြောသည်။

အထက်ပါ အမှုနှင့် ဆက်စပ်၍ ဖမ်းဆီးထားသူတစ်ဦး ကိုဗစ် ပိုးတွေ့သဖြင့် ပုသိမ်ကြီးမြို့မ ရဲစခန်းမှ အမှုစစ် ရဲအရာရှိတစ်ဦး အပါအဝင် ရဲတပ်ဖွဲ့ဝင် လေးဦးခန့် ကွာရန်တင်း ဝင်နေရသည်ဟု ပုသိမ်ကြီးမြို့နယ်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးကလည်း အတည်ပြုသည်။

“ပုသိမ်ကြီး စခန်းမှာတော့ အမှုဖွင့်ထားတာ အမျိုးသားနှစ်ယောက်။ တစ်ယောက်က ကိုဗစ်တွေ့လို့ ရဲတပ်ဖွဲ့ဝင် လေးဦးပေါ့။ Q ဝင်ရတာ” ဟု အထက်ပါ ရဲအရာရှိက ပြောသည်။

မန္တလေးတွင် အားဖြည့် အချိုရည်နှင့် ကော်ဖီမစ်များ အတုအပ ပြုလုပ်ရောင်းချနေကြောင်း သတင်းအရ ပြီးခဲ့သည့် ဇန်နဝါရီ(၁၄)ရက် ညပိုင်းတွင် ရဲတပ်ဖွဲ့နှင့် ဌာနဆိုင်ရာအချို့ ပါဝင်သော ပူပေါင်းအဖွဲ့သည် ပုသိမ်ကြီးမြို့နယ်၊ ကုန်းတန်းကျေးရွာရှိ နေအိမ်တစ်အိမ်နှင့် အောင်မြေသာစံမြို့နယ် ဒေါနဘွားရပ်ကွက်၊ ၆၂လမ်း၊ ၁၆ လမ်းနှင့် ၁၇ လမ်းကြားရှိ နေအိမ်တစ်အိမ်သို့ ရှာဖွေခဲ့ရာ M-150 အားဖြည့်အချိုရည်နှင့် Birdy ကော်ဖီမစ်ထုပ်များ အတုပြုလုပ်နေသည်ကို ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းမိခဲ့ကြောင်း သက်ဆိုင်ရာမြို့နယ် ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

အဆိုပါ ဖမ်းမိမှုတွင် ပုသိမ်ကြီးမြို့နယ် ဖြစ်စဉ်နှင့်ပတ်သက်၍ အတုအပ ပြုလုပ်သည့် ပိုင်ရှင် အမျိုးသား အပါအဝင် အမျိုးသားနှစ်ဦးကို ပုသိမ်ကြီးမြို့မရဲစခန်း၌ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၄၂၀/၄၈၆ ဖြင့်လည်းကောင်း၊ အောင်မြေသာစံမြို့နယ် ဖြစ်စဉ်နှင့်ပတ်သက်၍ ပိုင်ရှင်အမျိုးသားကို အောင်မြေသာစံမြို့နယ် အမှတ်(၁)ရဲစခန်း၌ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၄၂၀/၄၈၆ ဖြင့်လည်းကောင်း အမှုဖွင့်ထားသည်ဟု သက်ဆိုင်ရာ ရဲတပ်ဖွဲ့ တာဝန်ရှိသူများက ပြောသည်။

အဆိုပါ ပုဒ်မများသည် အာမခံပေး၍ရသော ပုဒ်မများ ဖြစ်သည့်အတွက် အာမခံပေးထားကြောင်း၊ ပိုးတွေ့အမျိုးသားသည် သက်ဆိုင်ရာ ကိုဗစ်ကုသရေးဆေးရုံ၌ တက်ရောက်နေကြောင်း အထက်ပါ ရဲအရာရှိများက ပြောသည်။

ဇန်နဝါရီ(၁၄)ရက် ညပိုင်းက ဖမ်းမိခဲ့သည့် အချိုရည်နှင့် ကော်ဖီမစ် အတုများ/ Photo – ပေးပို့