News

“မြန်မာနိုင်ငံအတွက် အိန္ဒိယက မှာထားတဲ့ ကိုဗစ်- ၁၉ ကာကွယ်ဆေးတွေ ရောက်ပြီ”

နေပြည်တော်-ဇန်နဝါရီ၂၁-၂၀၂၁

ကိုထွန်း(နေပြည်တော်)

အိန္ဒိယကမှာယူထားတဲ့ ကိုဗစ်၁၉ ကာကွယ်ဆေး ပထမအသုတ် မြန်မာပြည်ရောက်ပြီလို့ ကျန်းမာရေးဝန်ကြီးဌာနအသိုင်းအဝိုင်းကသိရပါတယ်။

ပထမဆုံးရောက်တဲ့ ဆေးတွေကို ရောဂါကူးစက်မှုအနီးစပ်ဆုံးနဲ့ ကူးစက်ခံရမှုအများဆုံးဖြစ်နေတဲ့ ကျန်းမာရေး၀န်ထမ်းနဲ့ Volunteer တွေကို အရင် စတင်ထိုးပေးမှာဖြစ်ပြီး နောက်ရောက်တာတွေကို အသက် ၆၅နှစ်အထက်တွေကို ထိုးပေးမယ်လို့သိရပါတယ်။

ကိုဗစ်၁၉ကာကွယ်ဆေးတလုံးဟာ အမျိုးအစားလိုက်ပြီး တချို့ဆေးဟာ လူ၈ဦးထိုးလို့ရပြီး တချို့ကတော့ ၁၀ ဦးထိထိုးပေးလို့ရပါတယ်။ ဆေးရဲ့ အကျိုးအာနိသင်ကိုလိုက်ပြီး ပထမထိုးနှံပြီးသူဟာ နောက်ထပ် ၃ပတ်နေမှ ဒုတိယအကြိမ်ထပ်ထိုးရမှာဖြစ်သလို တချို့ဆေးကတော့ နောက် ၄ပတ်နေမှ ဒုတိယအကြိမ်ထပ်ထိုးရတဲ့ဆေးမျိုးလည်းရှိပါတယ်။

မြန်မာနိုင်ငံအနေနဲ့ အိန္ဒိယကနေ ကိုဗစ်ကာကွယ်ဆေး၀ယ်ယူတာအပြင် CEPI, GAVI နဲ့။ WHO တို့ချမှတ်တဲ့ COVAX ကိုဗစ်ကာကွယ်ဆေးအစီအစဉ်နဲ့လည်း ကိုဗစ်ကာကွယ်ဆေး‌ တွေ မှာယူထားပါတယ်။တရုတ်နိုင်ငံကလည်း ကာကွယ်ဆေးအချို့ လှူဒါန်းထားပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်ပိုးတွေ့လူနာအရေအတွက်ကို ဇန်နဝါရီ ၂၀ ည ၈နာရီထုတ်ပြန်ချက်အရ ၁၃၅၇၂၁ ဦးရှိခဲ့ပြီး သေဆုံးသူ ၁၉၉၇ ရှိခဲ့ပါတယ်။ ကျန်းမာရေးဝန်ကြီးဌာန စာရင်းတွေအရ ကိုဗစ်ပိုးကူးစက်ခံရတဲ့ ကျမ္မာရေးဝန်ထမ်းဟာ ၂ထောင်ကျော်ရှိနေပြီဖြစ်ပါတယ်။

#voiceofmyanmar