News

“လူထွက်ပြီး လက်ထပ်မယ်လို့ (၁၈) နှစ်သမီးလေးကို ကတိပေးခဲ့ပြီးမှ ကိုယ်ဝန်(၇)လ ရှိချိန်မှာ ထွက်ပြေးတဲ့ ကျောင်းထိုင်ဆရာတော်”

အောင်မြသန်း/ဧရာဝတီတိုင်းမ်

(ကျိုက်လတ်) ဇန်နဝါရီ ၁၈ ရက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုတ်လတ်မြို့နယ်၊ သပြေတန်းကျေးရွာအုပ်စု၊ ဆန်လှည့်ကျေးရွာတွင် အသက် ၁၈ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးအား ကျောင်းထိုင်ဘုန်းကြီးဖြစ်သူမှ လူထွက်၍ လက်ထက်ယူမည်ဟု ပြောဆိုကာ ဇနီးမယားအဖြစ်ပေါင်းသင်းဆက်ဆံ၍ ကာမလိမ်လည်ရယူမှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဆန်လှည့်ကျေးရွာမှ အသက် ၁၈ နှစ်အရွယ် အမျိုးသမီးငယ်မှာ ၂၀၁၆ ခုနှစ်ခန့်ကစတင်၍ ဆန်လှည့်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတိုက်ကျောင်းထိုင်ဆရာတော် ဦးစန္ဒိမာ (သက်တော် ၂၅ နှစ်ခန့်)နှင့် ချစ်ကြိုက်ခဲ့ကြောင်း၊ ဆရာတော်မှ လူထွက်၍ လက်ထက်ယူမည်ဟုပြောဆိုကာ အမျိုးသမီးငယ်အား ဇနီးမယားအဖြစ် ပေါင်းသင်း ဆက်ဆံကာ ကာမရယူခဲ့ပြီး ယခုအခါ အမျိုးသမီးငယ်၌ ကိုယ်ဝန် ၇ လ ရှိခဲ့ချိန်တွင် ၎င်းကျောင်းထိုင်သည့် ဘုန်းကြီးကျောင်းမှ ထွက်ပြေးသွားခဲ့ကြောင်း ဆန်လှည့်ကျေးရွာ ဒေသခံများထံမှ သိရသည်။

“ကျွန်တော်က အစကတည်းက ဒီကိစ္စကို ရိပ်မိထားလို့ လာပြီးမေးတယ်စမ်းတယ်ပေါ့လေ။ ဘုန်းကြီးကိစ္စဖြစ်နေတော့ အတင်းစွပ်စွဲလို့မကောင်းတာနဲ့ အခြေအနေစောင့်ကြည့်နေတာ။ ကလေးမလေးမှာ ဘုန်းကြီးနဲ့ပတ်သတ်ပြီး ကိုယ်ဝန်ရှိတယ်လို့ သတင်းကြားတဲ့အချိန်မှာ အသားတွေတောင် တဆတ်ဆတ်တုန်တယ်။ အဲ့ကိုယ်တော်က တန်ဆော်ငမုန်းလဆန်း ၁၄ ရက်နေ့က ဘုရားကုန်းလို့ခေါ်တဲ့တာထိပ်ကနေပြီးတော့ ဆိုင်ကယ်ကယ်ရီနဲ့ ထွက်သွားတယ်။

ကယ်ရီသမားကိုမေးတော့ ထန်းတပင်ကို သွားပို့ရတယ်လို့ပဲ ပြောတယ်။ အခုချိန်အထိ အဲ့ကိုယ်တော် ပြန်မလာဘူး။ ဘယ်ရောက်နေလဲမသိရဘူး။ ဆက်သွယ်လို့လည်း မရတော့ဘူး”ဟု အမျိုးသမီးငယ်၏ ဦးလေးတော်စပ်သူ သပြေတန်းကျေးရွာအုပ်စု၊ ဆန်လှည့်ကျေးရွာမှ ဦးစိန်ဝင်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဆန်လှည့်ကျေးရွာ၏ ပထမကျောင်းထိုင်ဆရာတော်ကြီးမှာ လူကြီးရောဂါဖြင့် ပျံလွန်တော်မူခဲ့သည့်အတွက် ဦးဇင်း ဦးစန္ဒိမာကို ယာယီကျောင်းထိုင်အဖြစ် ထားရှိခဲ့ရာမှ နောက်ပိုင်းတွင် ဒေသခံကျေးရွာသားများ၏ သဘောတူညီ ချက်ဖြင့် သာသနာရေးဆိုင်ရာ တာဝန်ရှိသူများက ၂၀၁၆ ခုနှစ်မှစတင်ကာ ဆန်လှည့်ကျေးရွာကျောင်းထိုင်ဆရာတော် အဖြစ် ဦးစန္ဒိမာကို ခန့်အပ်ခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

သက်တော် ၂၅ နှစ်ခန့်အရွယ် ကျောင်းထိုင်ဆရာတော် ဦးစန္ဒိမာမှာ ဆန်လှည့်ကျေးရွာတွင် ကျောင်းထိုင်ပြီးချိန်တွင် သူမအား ဘုန်းကြီးကျောင်းသားမှတဆင့် ရည်းစားစာပေးခဲ့ကြောင်း၊ နောက်ပိုင်းတွင် ချစ်သူရည်းစားဖြစ်သွား ပြီးနောက် သူမအား ဇနီးမယားအဖြစ် ပေါင်းသင်းဆက်ဆံခဲ့ကြောင်း ဆန်လှည့်ကျေးရွာမှ အသက် ၁၈ နှစ်အရွယ် မိန်းကလေးငယ်က ပြောသည်။

“ကျွန်မတို့ကျေးရွာကို ရန်ကုန်ကဆိုပြီးရွာဦးကျောင်းထိုင်အဖြစ် ရောက်ရှိလာပြီး တပတ်လောက်အကြာမှာ ကျောင်းသားတစ်ယောက်နဲ့ ကျွန်မကို ရည်းစားစာပေးခိုင်းတယ်။ ကျမက စဉ်းစားပါရစေဦးလို့ ပြောထားပြီး ကျောင်းရဲ့ဝေယျာဝစ္စ တွေကို ဆက်လုပ်ပေးနေတယ်။ သူကခဏခဏပြောနေတာကြာလာတော့ သမီးရည်းစား ဖြစ်သွားတယ်။ သူက လူထွက်ပြီး ယူပါမယ်ပြောလို့ ယုံမိတာပါ။ ကျွန်မကို သူ့ရဲ့ကျက်သရေခန်းထဲကိုခေါ်ပြီးတော့ သူလုပ်တယ်။

ကျွန်မကို ယူပါမယ် လက်ထက်ပါမယ်ဆိုပြီး ၄ ကြိမ် ၅ ကြိမ်လောက် ဖြစ်တယ်။ အခု ကျွန်မမှာ ကိုယ်ဝန်က ၆ လကျော် ၇ လနီးပါးလောက် ဖြစ်နေပြီ။ ကျွန်မမှာကိုယ်ဝန်ရှိတာ သူလည်းသိပါတယ်။ သူ့ကို ကျွန်မပြောထားတယ်။ ကျွန်မကို တာဝန်ယူမယ်၊ သူလက်ထပ်ပါမယ်လို့ပဲ ပြောတယ်။

သူထွက်သွားတဲ့အချိန်ကျရင် နောက်ကနေ လိုက်လာခဲ့ပါလို့ ပြောသွားတယ်။ သူပေးခဲ့တဲ့ဖုန်း တယ်လီနောနဲ့ Mytel ဖုန်းနံပါတ် ၂ လုံးရှိတယ်။ ဖုန်းဆက်တော့ ၂ လုံးစလုံး စက်ပိတ်ထားတယ်။ ကျွန်မခံစားချက်ကတော့ သူ့ကိုမတွေ့တွေ့အောင်ရှာပြီးတော့ ဒီကလေးအဖေအဖြစ် တာဝန်ယူပေးဖို့ လုပ်ပါမယ်”ဟု ဆန်လှည့်ကျေးရွာမှ အသက် ၁၈ နှစ်အရွယ် မိန်းကလေးငယ်က ပြောသည်။

အသက် ၁၈ နှစ်အရွယ် မိန်းကလေးငယ်ကိစ္စနှင့် ပတ်သတ်၍ ဆန်လှည့်ကျေးရွာမှ ရရှိလာသည့် ကျောင်းထိုင် ဆရာတော် ဦးစန္ဒိမာ၏ ဖုန်းနံပါတ်များကို ဧရာဝတီတိုင်းမ်သတင်းဌာနမှ ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းစက်ပိတ်ထား၍ မေးမြန်းမရခဲ့ပါ။

လက်ရှိတွင် ကျောင်းထိုင်ဆရာတော် ဦးစန္ဒိမာမှာ ကျေးရွာမှထွက်သွားပြီးနောက် အဆက်အသွယ်ပြတ်နေပြီး ဦးစန္ဒိမာ၏မိသားစုဝင်များထံ သွားရောက်စုံစမ်းသော်လည်း ၎င်းတို့ထံပြန်မလာသလို ဆက်သွယ်လာခြင်းလည်း မရှိကြောင်း ဆန်လှည့်ကျေးရွာမှ ဒေသခံများက ပြောသည်။

“ရွာကအကြောင်းတွေသိပြီး ကျွန်တော် ရန်ကုန်ကိုရောက်တဲ့အချိန်မှာ သူ့ရဲ့ဆရာဖြစ်တဲ့ ဆရာတော်ဆီကို သွားလျှောက်တော့ ဒီကို မဆက်သွယ်တာ ၆ လ ၇ လ ဖြစ်နေပြီပြောတယ်။ သူ့နှမ ရန်ကုန်မှာရှိတယ်ပြောတယ်။ တပည့်တော်ကို ပို့ပေးပါ ပြောတော့ ဆရာတော်က လိုက်ပို့တယ်။ သူ့အမေနဲ့ သူ့နှမဆီကိုရောက်တော့ သူတို့ ဆီကိုလည်း မလာဘူး။ မရှိဘူး။ သတင်းကြားရင်ဆက်သွယ်ပါမယ်ဆိုပြီး ဒီလောက်ပဲပြောတယ်။ ကျွန်တော်တို့ ကတော့ သူ့ကို သက်ဆိုင်ရာကနေ အမှုဖွင့်ဖို့ ဆောင်ရွက်သွားပါမယ်”ဟု ဒေသခံ ဦးစိန်ဝင်းက ပြောသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သတ်၍ သပြေတန်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးရွှေမိုးကို ဧရာဝတီတိုင်းမ်သတင်းဌာနမှ ဆက်သွယ်မေးမြန်းရာ “ကျွန်တော့်အနေနဲ့ ပြေားရမှာတော့ ခက်တယ်။ လူနဲ့ဘုန်းကြီးကိစ္စဆိုတော့လေ။ ကျွန်တော် နေတာက သပြေတန်းကျေးရွာဆိုတော့ ဖြစ်တဲ့နေရာနဲ့လည်း နည်းနည်းဝေးတယ်။ ဒီကိစ္စကို ကျွန်တော့်ဆီ အကြောင်းကြားလာတာလည်း မရှိဘူး။

ဘုန်းကြီးကတော့ ကျောင်းထိုင်တာ ၄ နှစ်ကျော်လောက်ရှိပြီ။ ဒီကိစ္စမှာ နစ်နာသူဘက်က မှန်ကန်ပြီး တကယ်ဟုတ်ရင်တော့ အမှုဖွင့်ပေါ့။ ဒီကိစ္စကို ကျွန်တော့်ဆီကို အကြောင်းကြား လာတာတော့ ခုချိန်ထိ မရှိသေးပါဘူး”ဟု ပြောသည်။

ဓာတ်ပုံ – ဧရာဝတီတိုင်းမ်

#ကျိုက်လတ် #ဆန်လှည့်ကျေးရွာ #ကျောင်းထိုင်ဘုန်းကြီး #ကာမလိမ်လည်မှု

#Ayeyarwaddy_Times