ခြင်္သေ့ကြီးနှစ်ကောင် လှူချင်တဲ့ ဒကာကြီးကို ဆရာတော်ကြီးက ယခုလို မိန့်ကြားတော်မူသည်။
“ခြင်္သေ့ကြီးတစ်ကောင်ဆိုရင် ဘယ်လောက်ကုန်ကျမှာလဲ ဒကာကြီးရဲ့။”
“ပစ္စည်းဖိုးရော လက်ခပါ အပါအ၀င်ဆိုရင် ခြင်္သေ့ရုပ်တစ်ကောင်ကို ၄၀၀၀ိ/-ကျော်လောက်ကုန်ကျပါမယ်။နှစ်ကောင်ဆိုတော့ ၈၀၀၀ိ/-ကျော် ၉၀၀၀ိ/-လောက် ကုန်ကျပါမယ်ဘုရား။”
“ဒကာကြီးရယ် ဒီလောက်အကုန်အကျခံပြီး ပြုလုပ်ပေမယ့်ခြင်္သေ့နှစ်ကောင်အောက်မှာ မိုးရွာ နေပူလို့မှ လူတစ်ယောက် ခိုလှုံလို့ မရပါဘူး။ မလုပ်ချင်ပါနဲ့ ဒကာကြီးရာ။”
“သဘာဝခြင်္သေ့ကြီးတွေဆိုတော့ လူအများ အလှကြည့်ရတာပေါ့ဘုရား။”
“သဘာဝခြင်္သေ့ရုပ်ကို အလှကြည့်ချင်တာဖြင့် မန္တလေးက ဘုရားကြီးမြောက်ဘက်မုခ်ကို သွားကြည့်နိုင်ပါတယ်။ ဘုန်းကြီးတို့ကျောင်းတိုက်မှာတော့ ဒီလောက်တန်ဖိုးများပြီး လူတစ်ယောက်မျှ အရိပ်မခို မနားရတဲ့ ဒကာကြီးရဲ့သဘာ၀ ခြင်္သေ့နှစ်ကောင်ကို မလုပ်ချင်ပါနဲ့ ဒကာကြီးရယ်။”
“ဒါဖြင့်ရင် တပည့်တော်တို့ ဘာဆောက်လုပ်လှူရမလဲဘုရား။ တပည့်တော်တို့ အလှူဒါနပြုချင်လို့ပါ။”
“သည်လိုဆိုရင် မင်းကွန်းမှာ ကျေးလက်ကျန်းမာရေးဌာန အဆောက်အအုံလေးတစ်ခုရှိတယ်။ ”
“အဲဒီအဆောက်အအုံကလေးကိုကျေးရွာက စုပြီးတော့ ဝါးထရံကာ၊ သက်ကယ်မိုးနဲ့ ဆောက်လုပ်ထားတယ်။ မကြာမီ ခြစားဖြစ်ပြီး ပြိုပျက်တော့မယ်။ စံချိန်မှီ ကျေးလက် ကျန်းမာရေးဆေးခန်းအဆောက်အဦးတစ်ခု ခိုင်ခိုင်ခံ့ခံ့ ဆောက်လုပ်လှူဒါန်းရင် အလွန်သင့်မြတ်မယ်။”
“ကျေးရွာလူထု ကျန်းမာရေးအတွက် အထူးအကျိုးများမယ် ဒကာကြီး။”
ဤတွင် ဆရာတော်ကြီး၏ ညွှန်ပြဆုံးမချက်ကို ၀မ်းမြောက်၀မ်းသာ နှစ်သက်လက်ခံကာကျောင်းဒကာ ဇနီးမောင်နှံသည် အုတ်ပတ်ကား၊ သွပ်မိုး၊ သစ်မာတို့ဖြင့် ထိုခေတ် ငွေကျပ် ၃၀၀၀၀ိ/-ကျော်တန် စံချိန်မှီ ကျေးလက် ကျန်းမာရေးဆေးပေးဌာန အဆောက်အအုံကို အခိုင်အခံ့ ဆောက်လုပ် လှူဒါန်းခဲ့ပေသည်။
အဆိုပါအလှူရှင်ကျောင်းဒကာ ဇနီးမောင်နှံကား မန္တလေးမြို့မှ ကျောင်းဒကာကြီး ဦးဖိုးမှီနှင့်ဒေါ်ရွှေညွှန့်တို့ဖြစ်သည်။
ဆရာတော်ကြီးကား တိပိဋကဓရ ဆရာတော်ကြီး ဦးဝိစိတ္တသာရာဘိဝံသပင် ဖြစ်ပေသည်။
လွန်ခဲ့သော ၃၃နှစ်၊ ၁၃၃၃ ခုနှစ်က မိုးကုတ်မြို့မှ ကျောင်းဒကာကြီး ဦးဘရှင်းနှင့် သားသမီးတို့က ဆရာတော်ကြီး၏ ဓမ္မနာဒကျောင်းတိုက်တွင်သိန်းကျော်တန် ဓမ္မာရုံကြီးကို ဆောက်လုပ်လှူဒါန်းလိုကြောင်း လျှောက်ထားကြသည်။
ထိုအခါဆရာတော်ကြီးက ဓမ္မနာဒကျောင်းတိုက်မှာ ဓမ္မာရုံရှိပြီးဖြစ်နေတယ်။
နောက်ထပ်ပြီး ဆောက်လုပ်ရင် အဟောသိကံ ဖြစ်နိုင်တယ်။လူထုအတွက် အကျိုးများမယ့် တိုက်နယ်ဆေးရုံ တစ်ခုဆောက်လုပ်နိုင်ရင် ပိုအကျိုးထူးမယ်ဟူ၍ မိန့်တော်မူသည်။
ဦးဘရှင်းနှင့်သားသမီးတို့လည်းနှစ်သက်၀မ်းမြောက်စွာပင် ဆရာတော်ကြီး၏ ဆန္ဒအတိုင်း မင်းကွန်းတိုက်နယ်ဆေးရုံကို ဆောက်လုပ် လှူဒါန်းခဲ့ကြသည်။
တိုက်နယ်ဆေးရုံနှင့်တကွ ဆရာ၀န်နေရန် အိမ်၊ အမှုထမ်းများနေရန် နေအိမ်များ၊ ဂိလာနသံဃာဆောင်၊ ကူးစက်ရောဂါဆောင်၊ လူနာရှင် ဧည့်ရိပ်သာဆောင်
သောက်ရေကန်စသည်တို့ အပါအ၀င် အားလုံးအတွက် ကျပ်ငွေငါးသိန်းကျော် တန်ဖိုးရှိလေသည်။
ထို့ပြင် တိုက်နယ်ဆေးရုံထောက်ပံ့ရေး ရန်ပုံငွေကိုလည်း အမြဲဖွင့်လှစ်ထားရန် ဆရာတော်ကြီးကပင် ဦးဆောင်ညွှန်ပြတော်မူခဲ့သည်။ဆရာတော်ကြီး၏ သီလဂုဏ် သမာဓိဂုဏ် ပညာဂုဏ်ကိုကြည်ညိုလွန်းသဖြင့် အနယ်နယ်အရပ်ရပ်မှ ဒကာဒကာမများသည် ဆရာတော်ကြီးကို ၀တ္ထုပစ္စည်းများဖြင့် စေတနာသဒ္ဓါထက်သန်စွာ လှူဒါန်းပူဇော်ခဲ့ကြသည်။
ဆရာတော်ကြီးသည် ယင်းတို့ကို သာသနာတော်အတွက် အကျိုးရှိမည့်ပုဂ္ဂိုလ်၊ အရပ်၊ ဌာနတို့သို့ တစ်ဖန်ပြန်လည်စွန့်ကြဲလှူဒါန်းခဲ့လေသည်။
ထို့ပြင် လူထုအတွက်လည်း လူမှုရေးဆိုင်ရာ အလှူများ အံ့ချီးဖွယ် ပြတော်မူခဲ့သည်။ဆရာတော်ကြီးသည် မင်းကွန်းတိုက်နယ်အတွင်းရှိ လူငယ်လူရွယ်တို့ ပညာရေးအတွက် လိုအပ်သော မူလတန်း စာသင်ကျောင်းကိုလည်း ဆောက်လုပ်လှူဒါန်းခဲ့သည်။
အုတ်နံရံကပ် နှစ်ထပ် အလယ်တန်းကျောင်းကြီးကိုလည်း လှူဒါန်းခဲ့သည်။ ဆရာ ဆရာမများနှင့် ကျောင်းသူ ကျောင်းသားများအတွက်သောက်ရေကန်တည်ဆောက်၍လည်း လှူဒါန်းခဲ့သည်။
ယခုအခါ မင်းကွန်းအလယ်တန်းကျောင်းသည် ဆရာတော်ကြီး၏ အကူအညီအထောက်အပံ့ဖြင့်တွဲဖက် အထက်တန်းကျောင်းကိုပါ ဖွင့်လှစ်နိုင်နေပြီဖြစ်ပါသည်။
ဆရာတော်ကြီးသည် မိမိဇာတိဖြစ်သောမြင်းခြံမြို့နယ်၊ ကျည်းပင်ရွာကျောင်းအနီးချောင်းရိုးကိုလည်း သွားရေး လာရေးလွယ်ကူရန် ကျောက်တံတား၊ ကျောက်လမ်းခင်းပေးခဲ့သည်။
သဲဖြူ၀ရွာနှင့် သင်္ဘောဆိပ်အသွားတွင်ချောင်းရိုးကိုဖြတ်၍ တံတားတစ်ခုလည်း ဆောက်လုပ် လှူဒါန်းခဲ့သည်။ သဲဖြူ၀နှင့်ကျည်းပင်ရွာကလေးများ စာသင်ရာ မူလတန်းနှစ်ထပ်ကျောင်းနှစ်ဆောင်ကိုလည်းဆောက်လုပ်လှူဒါန်းတော်မူခဲ့သည်။
ဆရာတော်ကြီးသည် မိမိအတွက် မရှိလျှင်မဖြစ်သော ရဟန်းအသုံးအဆောင်တို့ကိုသာ သုံးဆောင်တော်မူသည်။ ရိုးရိုးပင် နေထိုင်စားသောက်ဘုန်းပေးတော်မူသည်။
၁၃၁၈ခုနှစ်၊ သင်္ဂါယနာအောင်ပွဲနှင့် သာသနာ ၂၅၀၀-ပြည့်၊ ဗုဒ္ဓဇယန္တီပွဲတော် ကျင်းပချိန်တွင်နိုင်ငံတော်အစိုးရက ဆရာတော်ကြီးအား မှန်လုံရုရှကားကြီးတစ်စီး အပြီးအပိုင်လှူဒါန်းသည်။
ဆရာတော်ကြီးက လက်မခံပေ။ဘုန်းကြီးဟာ တောမှာနေတဲ့ ဘုန်းကြီးပါ။ ဒီလို ကားမျိုးစီးလို့ မလျော်ပါဘူး။ အပြီးအပိုင် အလှူ မခံပါရစေနဲ့။ အစိုးရစေတနာကိုငဲ့ပြီး သင်္ဂါယနာအောင်ပွဲပြီးရုံအထိသာ အသုံးပြုပါရစေဟူ၍ မိန့်တော်မူကာ ၅-ရက်မျှသာ အသုံးပြုတော်မူခဲ့သည်။
ထို့နောက် နိုင်ငံတော်အားပြန်၍စွန့်လှူ လိုက်လေသည်။ဆရာတော်ကြီးသည် သူကိုယ်တိုင် ခြိုးခြံစွာ ကျင့်သုံးနေထိုင်သော်လည်း ဆင်းရဲနွမ်းပါးသော ရဟန်းရှင်လူများကိုမူတတ်စွမ်းသမျှ ပေးလှူလေ့ ရှိပေသည်။
လွန်ခဲ့သော ၃၇-နှစ်၊ ၁၃၃၉-ခုနှစ်၊ တန်ခူးလက မန္တလေးတောင်ပြင်တွင် မီးအကြီးအကျယ်လောင်ကျွမ်းခဲ့သည်။ ဘုန်းတော်ကြီးကျောင်း အတော်များများ မီးထဲပါသွားသည်။ မီးဘေးသင့် သံဃာတော်များအတိဒုက္ခရောက်ခဲ့ကြသည်။
ထိုအခါ ဆရာတော်ကြီးသည် စုစုပေါင်း သံဃာတော် ၂၅၀ကျော်အတွက် မိမိ၌ ရှိသမျှသော သင်္ကန်း၊ ထီး၊ ဖိနပ်၊ စောင်၊မျက်နှာသုပ်ပဝါ၊ ဆပ်ပြာ၊ ဆန်၊ ဆီ၊ ဆား၊ ပဲတို့ကို အချိုးကျ ခွဲဝေ၍ လှူဒါန်းခဲ့သည်။ စုစုပေါင်းတန်ဖိုးကျပ် ၆၀၀၀၀ိ/- ကျော်ခန့်ရှိလေသည်။
လွန်ခဲ့သော ၃၄-နှစ်၊ ၁၉၈၁-ခုနှစ် မေလတွင် မန္တလေး၌ မီးအကြီးအကျယ်လောင်ကျွမ်းစဉ် ဘုန်းတော်ကြီးကျောင်း ကျောင်းတိုက်ပေါင်း ၁၅တိုက်၊ ကျောင်းပေါင်း ၆၂-ကျောင်း မီးဘေးသင့်ခဲ့သည်။ သံဃာတော်ပေါင်း အပါး ၄၀၀-ခန့်အထိ အတိဒုက္ခရောက်ရှာသည်။
ထိုအခါမေတ္တာရှင် ဆရာတော်ကြီးသည် မီးဘေးသင့် သံဃာတော်များအား ပလာတာဆွမ်းကပ်ပြီးလျှင် သံဃာစေ့ သင်္ကန်းဒွိစုံ၊ ထီး(သို့)ဖိနပ်၊ ဆွမ်းဆန်စသည်တို့ကို အချိုးကျခွဲဝေ၍ လှူဒါန်းခဲ့ပြန်သည်။ စုစုပေါင်း တန်ဖိုးကျပ် ၉၀၀၀၀ိ/-ကျော်ခန့်ရှိပေသည်။
တိပိဋကဓရ ဆရာတော်ဘုရားကြီး ဦးဝိစိတ္တသာရာဘိဝံသသည် သာသနာရေးအတွက် သာမက လူမူရေးအတွက်ပါ အလှူဒါနများ ပြုခဲ့သည်။ မရေမတွက်နိုင်လောက်အောင် များပြားလှသည်။
ယခုတင်ပြချက်မှာ လူမူရေး အလှူများအနက် အချို့တ၀က်သာလျှင်ဖြစ်ပါသည်။
(မင်းကွန်းဆရာတော်ဘုရားကြီး)
#အမှောင်ပျောက်၍ အလင်းရောက်ပါစေ။
crd# Org author
#winhlaingoo