News

“ငှက်တွေဖမ်းပြီး ရောင်းနေသူ (၃) ဦး ၊ထောင် (၁၀) နှစ်ထိ ချနိုင်တဲ့ ပုဒ်မနှင့် အရေးယူခံရတော့မည်”

“စွန်၊ ကြက်တူရွေးနှင့် သာလိကာများ ရောင်းချသူသုံးဦးကို သစ်တောဦးစီးဌာနက အရေးယူမည်”

ရန်ကုန်တိုင်းဒေသကြီး ထောက်ကြန့်မြို့နယ်တွင် စွန်ငှက်အပါအဝင် ကာကွယ်ထားသော ကျေးငှက်တိရစ္ဆာန်များ ရောင်းချနေသူသုံးဦးကို ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာဥပဒေပုဒ်မ ၄၁ (က)ဖြင့် အရေးယူမည်ဟု အင်းစိန်သစ်တောဦးစီးဌာန ဦးစီးအရာရှိဦးဖိုးလတ်ကပြောသည်။

ထောက်ကြန့်မြို့နယ် လှော်ကားလမ်းနှင့် ပြည်လမ်းထောင့် တွင် ကျေးငှက်များ ရောင်းချနေ သည်ဟု သတင်းရသဖြင့် အင်းစိန်မြို့နယ် သစ်တောဦးစီးဌာနက သွားရောက်စစ်ဆေးခဲ့ရာ စွန်တစ်ကောင်၊ သာလိကာ ခြောက်ကောင်၊ ကြက်တူရွေး ၃၂ ကောင် ရောင်းချနေသူသုံးဦးကို တွေ့ရှိခဲ့ သည်။

‘‘ဒါတွေက လုံးဝ ကာကွယ်ထားတဲ့ တောရိုင်းတိရစ္ဆာန်တွေ ဖြစ်တဲ့အတွက် ထောက်ကြန့်ရဲစခန်းမှာ အမှုဖွင့်လှစ်သွားမှာပါ’’ ဟု ဦးဖိုးလတ်ကပြောသည်။ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေး နယ်မြေများ ကာကွယ် စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေအရ မြန်မာတစ်နိုင်ငံလုံး တွင် မျိုးဆက်ပျက်သုဉ်းမည့် အန္တရာယ်ရှိသဖြင့် ကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန်များစာရင်းတွင်စွန်၊ ကြက်တူရွေးတို့မှာ လုံးဝကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန် မျိုးစိတ်များ ဖြစ်သည်။

ပုဒ်မ ၄၁(က)အရ လုံးဝကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန် (သို့မဟုတ်) နိုင်ငံတကာ ကုန်သွယ်မှုတွင် ထိန်းချုပ်သည့် တိရစ္ဆာန်ကို အမဲလိုက်ခြင်း၊(သို့မဟုတ်) အနာတရဖြစ်စေခြင်း၊စုဆောင်းခြင်း၊ရောင်းချခြင်း (သို့မဟုတ်) တစ် နည်းနည်းဖြင့် လွှဲပြောင်းခြင်း၊ယင်းတိရစ္ဆာန်ကိုဖြစ်စေ၊

ယင်းတို့ ၏အစိတ်အပိုင်းကိုဖြစ်စေ ယင်းတို့ပါရှိသည့် ဆင့်ပွား ထုတ်လုပ်ထားသော ပစ္စည်းကိုဖြစ်စေ ခွင့်ပြုချက်မရှိဘဲ လက်ဝယ်ထားခြင်း (သို့မဟုတ်) သယ်ဆောင်ခြင်းကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင်အနည်းဆုံးသုံးနှစ်မှ အများဆုံး ဆယ်နှစ်အထိ ထောင် ဒဏ်ချမှတ်ခံရမည့်အပြင် ငွေဒဏ်လည်း ချမှတ်ခံရနိုင်သည်ဟု ဖော်ပြထားသည်။

7day.news