News

“မြစ်ချောင်း အင်းအိုင်တွေမှာ စုပ်ခွက်ငါးတွေပိုများလာတာကြောင့် ရေလုပ်သားတွေ အခက်တွေ့”

စစ်ကိုင်း ၊ဇန်နဝါရီ ၁၇

စစ်ကိုင်းမြို့နယ်အတွင်းရှိ မြစ်ချောင်းအင်းအိုင်များတွင် စုပ်ခွက်ငါးများ အများအပြားတွေ့ရှိလာရခြင်းကြောင့် ငါးအထွက်နူန်းလျော့ကျ၍ ဒေသခံရေလုပ်သားများ အခက်အခဲဖြစ်ပေါ်နေကြောင်းသိရသည်။

” ငါးနှစ်အတွင်းသိသိသာသာ စုပ်ခွက်ငါးတွေအတွေ့များလာရတယ်။ ပိုက်တစ်ခါဖော်ရင် ပိဿာထောင်ချီတွေ့တယ်။ ကျန်တဲ့ငါးတွေကသူတို့နဲ့ပွတ်တိုက်မိရင်းသေတယ်။ဟိုတလောက ငါးလပိ၊ငါးကြင်းပိဿာထောင်ချီသေခဲ့တယ်။စုပ်ခွက်ငါးတွေက ငါးသားပေါက်တွေကိုစားတယ်၊‌

‌အောက်ကရေမှော်တွေကိုလည်းစားတယ်၊ မျိုးပွားနူန်းကလည်း သိပ်မြန်တယ်တစ်နှစ်ကို ငါးကြိမ်လောက်သားပေါက်တယ်။အင်းတိုင်းလိုလိုဖြစ်နေကြတာ ဒီစုပ်ခွက်ငါးတွေ ‌အများကြီးဖြစ်လာတော့ ရောင်းတန်း၀င်ငါး အထွက်နူန်းလျော့လာတယ်။ ရေလုပ်သားတွေလည်းအများကြီးအခက်အခဲဖြစ်လာတယ်၊စုပ်ခွက်ငါးကို စားလည်းမစားကြ ရောင်းလည်းမရတော့ မီးရှို့ပစ်ရတယ်” ဟု စစ်ကိုင်းမြို့နယ် မအူပင်ကျေးရွာမှ ဦးထွန်းရီကပြောကြားသည်။

စစ်ကိုင်းမြို့နယ်အတွင်းရှိအင်းများတွင် စုပ်ခွက်ငါးများ အများအပြားတွေ့ရှိလာကြောင်း၊အဆိုပါ ‌စုပ်ခွက်ငါးများကို စားသုံးသူမရှိခြင်း၊ ရောင်းချ၍မရ သောကြောင့် မီးရှို့ဖျတ်ဆီးခြင်းများပြုလုပ်နေရကြောင်းသိရသည်။

စုပ်ခွက်ငါးများသည် မြန်မာနိုင်ငံရှိ ငါးမျိုးစိတ်မဟုတ်ဘဲ ပြည်ပနိုင်ငံများမှ အလှမွေးငါးမျိုးစိတ်အဖြစ်တင်သွင်းလာရာမှ မြစ်ချောင်းအင်းအိုင်များအတွင်း ပျံ့နှံ့သွားခြင်းဖြစ်ကြောင်းသိရသည်။

စုပ်ခွက်ငါးများကို အလှမွေးငါးမွေးမြူသူများမှ မွေးမြူပြီး အကောင်ကြီးလာသောအခါ ဆက်လက်မွေးမြူရန်ခက်ခဲ‌ သောကြောင့်မြစ်ချောင်းများအတွင်းစွန့်ပစ်ရာမှ ပျံ့နှံ့မှုစတင်ခဲ့ကြောင်းသိရပြီး ဇိဝိတဒါန ငါးလွှတ်ခြင်းများတွင်လည်းစုပ်ခွက်ငါးများပါ၀င်မှုကြောင့် မြစ်ချောင်းအင်းအိုင်များအတွင်းယ‌ခုနှစ်များတွင်စုပ်ခွက်ငါး များအများအပြားတွေ့ရှိလာရကြောင်းသိရသည်။

စုပ်ခွက်ငါးများကြောင့် မြစ်ချောင်းအင်းအိုင်များအတွင်း ငါးသယံဇာတရှားပါးလာနိုင်ခြင်း၊ ရေ၀ပ်ဒေသများပျက်စီးလာနိုင်ခြင်း‌ကြောင့်ရေလုပ်ငန်းလုပ်ကိုင်နေသူများ၏ လူမှုစီးပွားများ များစွာထိခိုက်လာနိုင်ကြောင်းသိရသည်။

#ဇေယျာတိုင်းမ်

#စစ်ကိုင်းမြို့နယ်

#စုပ်ခွက်ငါးများ တွေ့ရှိမှုများခြင်းကြောင့်

#ငါးထွက်နူန်းလျော့ကျ