News

2013 လောက်ကစိုက်ကြတဲ့ယူကလစ်တွေကပြင်ဦးလွင်ကိုအကျည်းတန်ရေ ရှား စေ ပြီ

2013 လောက်ကစိုက်ကြတဲ့ယူကလစ်တွေကပြင်ဦးလွင်ကိုအကျည်းတန်ရေ ရှား စေ ပြီ။

ပြင်ဦးလွင်ကို ဒုက္ခပေးလာမည့် ယူကလစ်တောများယူကလစ်ပင်ဆိုသည်ကား အမှန်တကယ်တွင် ရေဝပ်ရေလျှံသော နေရာ၊ ရေဘေး အန္တရာယ် ကျရောက်နိုင်သည့် နေရာတို့ တွင် သာ ရေထိန်းသည့် သဘောဖြင့် စိုက်ပျိုးရန် သင့်လျော်ပြီး တောင်ပေါ် ဒေသ၊ ရေရှားပါးသည့် ဒေသတို့တွင် ရေနှင့် ဓာတ်ဆားတို့ကို အလျှံပယ် စုပ်ယူလေ့ရှိသော ယူကလစ်ပင်များကို လုံးဝ (လုံးဝ) စိုက်ပျိုးရန် မသင့်လျော်ပေ။

လွန်ခဲ့သည့် အနှစ် ၄၀ ကျော်က မုံရွာမြို့ရှိ ပေ ၁၂၀ – ၈၀ ရှိ ခြံထဲတွင် သနပ်ခါး၊ စပယ်နှင့် မြတ်လေး နှင့် သီးနှံပင်များ အကြား၊ ယူကလစ်ပင်ကို စိုက်ပျိုးခဲ့ရာ၊ ယူကလစ်ပင် ဖြစ်ထွန်းလာလေလေ ထိုအပင်နှင့် အနီးဆုံး ဖြစ်သော အုန်းပင်၊ ရှောက်ပင်၊ သလဲပင် တို့က ခြောက်သွေ့လာလေလေ ဖြစ်သည်။

ယူကလစ်ပင် အမြင့် ၁၀ ပေခန့်တွင် အနီးရှိ ရေကြိုက်သော အုန်းပင်က ဦးစွာပထမ ခြောက်သွေ့ကာ သေသွားပြီးနောက်၊ တခြား အပင်များလည်း ခြောက်သွေ့ပျက်စီး သွားကြသည်။

ရုက္ခဗေဒ ပညာအရ ယူကလစ်ပင် စိုက်ပျိုးသော ဒေသတိုင်း ရေခန်းခြောက်သွား၍ ရေရှားပါးခြင်းများ၊ ကန္တာရ ဆန်သော မြေများအဖြစ် ပြောင်းလဲသွားပြီး ဂေဟစနစ် (Ecosystem) များ လုံးဝပြောင်းလဲသွားလေ့ရှိကြောင်း သိရှိရသည်။ယခု ပြင်ဦးလွင် တောင်ပေါ်ဒေသတွင် ယူကလစ်ပင်များ အများအပြား စိုက်ပျိုးနေပေသည်။

ယူကလစ်ပင်၏ သဘောသဘာဝမှာ ကြီးမြန် သစ်ပင်အမျိုးအစားဖြစ်ပြီး အပင်ဖြစ်ထွန်း လွယ်သည့်အတွက် အစားအသောက် လောဘကြီးစွာ စားသုံးသူနှင့်တူသည်။

ယူကလစ်သည် သူ့အနီးတွင်ရှိသော ရေနှင့် ဓာတ်ဆားတို့ ရနိုင်မည့်နေရာတို့ကို အမြစ်များ၊ မြစ်မြွှာများဖြင့် မြေလွှာအောက်တွင် ခက်ဖြာ၍ အစာရှိရာ တိုးသွားကာ၊ အစာရေစာတို့ကို လုယူစားသုံးသည်။

ယူကလစ်အပင်က ဖွံ့ဖြိုးမြင့်မားလာလေလေ၊ အနီးရှိ တခြားသော အပင်များက ရေ၊ ဓာတ်ဆား လုယူစားသုံးခြင်း ခံရကာ ခြောက်သွေ့ ပျက်စီးလေလေဖြစ်သည်။

ယခု ပြင်ဦးလွင်ဒေသတွင် ယူကလစ်ပင်များ လွှမ်းမိုးအုပ်စိုးစ ပြုလာသည်။ယူကလစ်သည် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း ရေးအတွက် ဂေဟစနစ်ကို ထိခိုက်အကောင်း မက၊ လူ့ ကျန်းမာ ရေးအတွက်ပါ အကျိုးယုတ်စေကြောင်း တွေ့ရသည့်အတွက် ကမ္ဘာ့မှတ်တမ်းများအရ ယူကလစ်စိုက်ခြင်း၏ အကောင်းအဆိုး သုံး သပ်ချက်တွင် ယူကလစ်သည် နာမည်ပျက် စာရင်း၀င်ဟုပင် ဆိုရပေမည်။

ရေတံခွန်၊ စိမ့်စမ်းတို့ကို ခန်းခြောက်စေလျက် ဂေဟစနစ်ကို လုံးဝဖျက်ဆီးမည့် ယူကလစ်ပင် စိုက်ပျိုးမှုတို့ လုံးဝကင်းရာဒေသ ဖြစ် သင့်ပါသည်။

သစ်တောနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနသည်လည်း ပြင်ဦးလွင်ဒေသတွင် ယူကလစ်ပင် စိုက်ပျိုးခြင်းထက် တခြားသော အသုံးလည်း ကျ၊ သဘာဝ ပတ်ဝန်းကျင်လည်း ထိန်းသိမ်းနိုင်စွမ်း ရှိသည့် အမြဲစိမ်း သစ်တော တို့ကိုသာ ပြုစုပျိုးထောင် ပေးခြင်း အားဖြင့် ပြင်ဦးလွင်ဒေသကို လှပစိမ်းစိုသော ဒေသအဖြစ် ပြန်လည် ဖော်ဆောင်သင့်ပါသည်။ ။

Credit-ဒေါက်တာကျော်သန်းထွန်း

(ဒေါက်တာ ကျော်သန်းထွန်းသည် တရုတ်နိုင်ငံ ကန်တုန် ဆေးတက္ကသိုလ်မှ ဘွဲ့ရရှိခဲ့ပြီး တိုင်းရင်းဆေး သိပ္ပံ သုတေသန ဌာနတွင် သုတေသနမှူး တာ၀န် ထမ်းဆောင်ခဲ့သည်။ အမျိုးသား စာပေဆု၊ ပခုက္ကူ ဦးအုံးဖေ စာပေဆုများ ရရှိထားသူလည်းဖြစ်သည်။

REF: Irrawaddy