ပြီးခဲ့တဲ့ဇန်နဝါရီလ(၉)ရက်နေ့ ညနေပိုင်းလောက်မှာ ဂျာကာတာကနေ ထွက်ခွာလာခဲ့တဲ့ အင်ဒိုခရီးသည်တင် လေယာဉ်တစ်စီးဟာ အမြင့်ပေ(၁၀၀၀၀)ကျော်ကနေ ပျက်ကျခဲ့ပါတယ်။ ပျက်ကျခဲ့တဲ့လေယာဉ်ကတော့ Sriwijaya Air လေကြောင်းလိုင်းပိုင် လေယာဉ်ဖြစ်ပြီး၊ Boeing 737 အမျိုးအစား ဖြစ်ပြီး၊ လိုက်ပါသွားသူ (၆၂)ဦးစလုံး တိမ်းပါးခဲ့တယ်လို့ သိရပါတယ်။
အဆိုပါလေယာဉ်ကို မောင်းနှင်တဲ့ လေယာဉ်မှူး ကပ္ပတိန် Afwan ဟာ စိတ်ပိုင်းဆိုင်ရာ ဖိအားတွေခံစားနေရတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ လေကြောင်းလိုင်း ကုမ္ပဏီ CEO ကတော့ စက်ပိုင်းဆိုင်ရာ အမှားအယွင်း မရှိဘူးလို့ ယတိပြတ် ထုတ်ဖော်ပြောဆိုခဲ့သလို၊ အခြားတစ်ဖက်ကလည်း စက်ပိုင်းက ကိစ္စမရှိပေမယ့်၊ လေယာဉ်မှူးက ကိစ္စတစ်ခုခု ရှိနေပုံရတယ်လို့ ထောက်ပြကြပါတယ်။
တူဖြစ်သူရဲ့ ထွက်ဆိုချက်အရ ကပ္ပတိန် Afwan ဟာ နေအိမ်ကနေ ကပိုကယို ကသီကလင် ထွက်ခွာသွားခဲ့တာလို့ ဆိုပါတယ်။ Afwan ဟာ နှစ်(၃၀)ကြာ လေယာဉ်မှူးအတွေ့အကြုံကို ပိုင်ဆိုင်ထားပြီး၊ နိုင်ငံတကာနဲ့ ပြည်တွင်းပိုင်းမှာ အတွေ့အကြုံစုံလင်တဲ့ ပိုင်းလော့တစ်ယောက်ပါ။ သို့ပေမယ့် လူတစ်ယောက်ရဲ့ စိတ်ပိုင်းဆိုင်ရာ ဖိအားတွေဟာ တစ်စုံတစ်ခုသော ရလဒ်ကို ဦးတည်စေနိုင်ပါတယ်။
တူဖြစ်သူက ဦးလေးကို စိတ်ပိုင်းဆိုင်ရာ တစ်ခုခုခံစားနေရတယ်လို့ မပြောသော်လည်း၊ အခြေအနေကို သုံးသပ်ရရင် ဒါဟာ ပုံမှန်တော့မဟုတ်ဘူးလို့ ဆိုရပါမယ်။ သူဟာ အမြဲတမ်း သပ်သပ်ရပ်ရပ် နေလေ့ရှိပေမယ့် အဲဒီနေ့ကတော့ ထူးထူးခြားခြား တော်တော်လေးကို ကပိုကယိုနိုင်စွာနဲ့ လေဆိပ်ကို သွားခဲ့တာလို့ သိရပါတယ်။
” သူကတော့ အိမ်ကနေ ကပိုကယို အရေးတကြီး ထွက်သွားတာပဲ “လို့ တူဖြစ်သူက ပြောပါတယ်။ ထွက်ခွာလေဆိပ်ဖြစ်တဲ့ Soekarno–Hatta အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ တာဝန်ရှိသူတစ်ဦးကလည်း Afwan ဟာ ခါတိုင်းနေ့တွေလောက် လန်းလန်းဆန်းဆန်း မရှိဘူးလို့ ပြောပါတယ်။ Afwan ဟာ ယခင်က အင်ဒိုနီးရှားလေတပ်မှ အရာရှိဟောင်းတစ်ဦးလည်း ဖြစ်ပါတယ်။
တူဖြစ်သူ Ferza Mahardhika က ” သူက တကယ်ကိုတော်ပြီးထက်မြတ်တဲ့ လူကောင်းတစ်ယောက်ပါ … သူဟာ ကျွန်တော်တို့တစ်တွေကို မကြာခဏ သွန်သင်ဆုံးမသူဖြစ်သလို၊ ဉာဏ်အမြော်အမြင်ကြီးတဲ့ လူတစ်ယောက်လည်း ဖြစ်ပါတယ် … ဒီနယ်မှာတော့ စံပြပုဂ္ဂိုလ်ပါပဲ …သူရဲ့ ကြင်နာသနားတတ်မှုတွေကြောင့် လူတွေက ချစ်ကြပါတယ် “လို့ ပြောခဲ့ပါတယ်။
သူရဲ့ဓာတ်ပုံအောက်မှာ မှတ်ချက်ဝင်ရောက်ရေးသားသူတစ်ဦးက ” မင်းဟာ ဆုတောင်းခြင်းတွေ မပြုလုပ်ဘူးဆိုရင် … မင်း ဘယ်လောက်ထိ အမြင့်ပျံနိုင်ပါစေ ကောင်းကင်ဘုံကိုတော့ ရောက်မှာမဟုတ်ပါဘူး “လို့ ရေးခဲ့ပါတယ်။ လက်ရှိအချိန်ထိတော့ ကယ်ဆယ်ရေးအဖွဲ့တွေက လုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်နေဆဲပါ။