Spicy ခေါက်ဆွဲ စားသူများ၊ မာလာရှမ်းကော နှင့်အချဉ်အစပ် စားသူများ သတိထားကြပါ
အစာအိမ် သွေးကြောပေါက်ရောဂါ အထူးသတိပြုဆင်ခြင်ပါ
၄လကြာ ကိုဗစ်ဒုတိယလှိူင်း ကာလပိတ်ထားရာမှ Z& T အစာအိမ်အူလမ်းကြောင်း အထူးကုဆေးခန်းကို ၅.၁.၂၀၂၁ မှာ မန္တလေးမြို့မှာ ပြန်လည်ဖွင့်လှစ်ခဲ့ပါတယ် ၊ တနင်္ဂနွေနေ့ ဆေးခန်းပိတ်ပါတယ် ၊
ဖွင့်ရက် ၇ရက်အတွင်းမှာ အစာအိမ်သွေးကြောပေါက်လူနာ ၅ယောက် အသက်အန္တရယ်ဘေးမှ ကယ်တင်ပေးခဲ့ရပါသည် ၊ ဖွင့်ဖွင့်ချင်းနေ့မှာ သွေးပေါင်ချိန် ၅၀/ ၃၀ မှ ၀ သုံညအထိ ရောက်ကာ သတိလစ်လူနာ ( မိုင်းဖုန်းဆရာတော်ဘုရားကြီး၏တပည့် ဖော်ပြခဲ့ပြီးဖြစ်ပါသည် )
နောက်တစ်နေ့ ထပ်မံ၍ သွေးကြောပေါက်လူနာ သွေးပေါင်ချိန် ၇၀/ ၄၀ မှ တစ်ခါ အန်လိုက်လျှင် သို့မဟုတ် တစ်ခါ သွေးဝမ်းသွားလိုက်လျှင် သွေးပေါင်ချိန် ၅၀/ ၃၀ ထိ ထိုးကျသွားတာ ည ၁၀နာရီမှစပြီး အသည်းအသန်ဖြစ်ခဲ့တာ ဆေးခန်းမှသူနာပြုတွေ ဝန်ထမ်းတွေပါမကျန် မအိပ်လိုက်ရ မနက် ၄နာရီမှ သွေးတိတ်ပြီး အမောမဆို့ခဲ့ရတာ တော်ပါသေးသည် ၊
နောက် ၂ရက်အကြာ အပူအစပ်များ ကိုးရီးယား အစပ်ခေါက်ဆွဲ အဆင့် ၄ကို စားပြီး အမျိုးသမီးငယ်လေး ဆေးသွင်းယူရပါသည်၊ နောက်တစ်နေ့ အချဉ်ရည်နှင့် အကင်များစား မာလာရှမ်းကောနှင့် အရက် ကိုဗစ်ဖြေလျှော့ချိန် အတိုးချပြီး သူငယ်ချင်းတွေ စုစားရာမှ လူငယ်အမျိုးသားတစ်ဥှီး အစာအိမ်အလွန်ရောင် နံရံမှာ အရေပြားပွန်းသလို အနာများဖြစ်ခဲ့ပြန်တယ် ၊
မနေ့ကတော့ သပိတ်ကျင်းမြို့မှ အရက်အလွန်အကျွံသောက်သူ သွေးအန်ပြီး သပိတ်ကျင်းဆေးရုံမှာတင် သွေး ၄လုံးသွင်းခဲ့ရသူ အရေးပေါ်ရောက်လာတာ မှန်ပြောင်းကြည့်ကာ သွေးကြောများပိတ်ချည်ခြင်း ကုသမူ့လုပ်ခဲ့ရတယ် video မှာကြည့်ရင် သူ့ရဲ့အစာအိမ်နံရံတစ်ခုလုံးဟာ ကျားသစ်ကွက်လို ဖြစ်နေပြီး သွေးယိုစိမ့်မူ့များခဲ့ပါတယ်၊
မိမိကိုယ်တိုင်သော်၄င်း မိမိတို့ ဆွေမျိုးရင်းချာများ ရောဂါဖြစ်လာကြလျှင် လွန်စွာ ပူဆွေးသောက ရောက်ကြရပါသည် ၊ မည်သူမျှ အပျော်သဘောဖြင့် ဆေးရုံဆေးခန်းသို့ အလည်မသွားကြပါ ၊ ယခုလိုအရေးပေါ်ဖြစ်လျှင် ပိုဆိုးပါသည် ၊ သွေးကြောပေါက်၍ သွေးအန်လျှင် အထဲမှာ ကင်ဆာများ ဖြစ်နေပြီလားလို့ စိုးရိမ်ထိတ်လန့်ကြရသေးသည် ၊
ရောဂါအား မှန်ပြောင်းမကြည့်မီအချိန်တွင် လူနာနှင့် လူနာ၏ သားသမီးများ လူနာရှင်များမှာ သောကအပူမီး အလွန်ကြီးကြရတာသူတို့ မျက်ဝန်းများတွင် မျက်ရည်များစို့ပြီး ပူလောင်နေကြရခြင်းအား ရင်နှင့်အမျှခံစားမိပါသည်၊ မှန်ပြောင်းကြည့်ရာ အခန်း၏ အပြင်ဖက်ခုံများတွင် ထိုင်စောင့်နေသူများမှာ နူတ်မှ ဘုရားစာများ တတွတ်တွတ်ရွတ်၍ မိမိတို့ ကိုးကွယ်ရာကို တိုင်တည်ဆုတောင်းနေကြပါသည်၊
မိမိသည် မှန်ပြောင်းကြည့်ချိန်တွင် လူနာရှင်များအား အခန်းအတွင်းသို့ ဝင်ရောက်စေပြီး လူနာသည် မည်သည့်အနာမှမည်ကဲ့သို့ဖြစ်ပြီး သွေးယိုစိမ့်မူ့ဖြစ်သည် ၊ သွေးကြောပေါက်သည် ၊ သွေးမထွက်တော့အောင်ယခု ထိန်းချုပ်ပေးနိုင်ပြီ တို့အား မြင်သာအောင် တိုက်ရိုက်ရှင်းပြပါသည် ၊ သို့မှသာ နောင်သူတို့ပြုစုပေးရမည့် လူနာအား ဘာဖြစ်နေသည်ကို တိတိကျကျသိရန် ပိုပြီးဆင်ခြင်စရာရှိ ဆင်ခြင်နိုင်ရန်ဖြစ်ပါသည် ။
လူနာမှ အိပ်ဆေးပြေပြီး နိုးလာချိန်တွင် ပုံများနှင့်တကွ ရှင်းပြရာ၌ သူတို့စိတ်ပူနေသော ကင်ဆာမရှိကြောင်း ယခုသွေးကြောပေါက်ခြင်းများအား လိုအပ်သော ကုသမူ့ဖြင့် ထိန်းချုပ်ပေးပြီးဖြစ်ကြောင်းပြောပြချိန်၌ လူနာရော လူနာရှင်များ၏ စိုးရိမ်ပူပန်သော မျက်ဝန်းများ ဖျတ်ကနဲဆို လင်းလက်တောက်ပသွားပြီး စိတ်ချမ်းသာသွားကြတာကို ရင်နှင့်အမျှ ထပ်မံခံစားမိခဲ့ရပါသည် ။
သွေးအန်သောလူနာ လည်း သွေးတိတ်ပြီ ၊ ရောက်လာစဉ် သွေးပေါင်ချိန် အလွန်နည်းသော ၅၀/ ၃၀ မှလည်း ၁၁၀ / ၇၀ ၊ ၁၂၀ / ၈၀ mmHg ပုံမှန်ရောက်ကြပြီ ၊ Ambulance ကားပေါ်မှ ပွေ့ချီလာရသော လူနာများလည်း ဘေးမှ လူနာစောင့်များမှ ဖေးမတွဲကာ လမ်းလျှောက်ပြန်နိုင်ပြီ ၊ လူနာရှင်ရော လူနာများကရော ဆရာကယ်သောအသက်ကြောင့် ပြန်လည်ကျန်းမာရသည်ဟုဆိုကာ လက်အုပ်လေးများချီလို့ မိမိနှင့် Z& T ဆေးခန်းမှ သူနာပြုလေးများ ကို ဆုတွေတောင်းပေးကြပြန်သေးသည်၊
ဤ၇ရက္ ၊ မနက် ၉နာရီမှစ ည ၉ – ၁၁ နာရီအထိ တရက္ေတာ့ မနက္ ၄နာရီအထိ အရေးပေါ်လူနာများရော အခြားOPD လူနာများရောကြောင့် မိမိတို့တစ်ဖွဲ့လုံး အတော်ပင်ပန်းနေကြပါပြီ ၊
သို့သော် အသက်အန္တရယ်ရှိသော အခြေအနေမှ လွတ်မြောက်သွားကြသော လူနာနှင့် လူနာရှင်တို့၏ ပူဆွေးသောကရောက်နေမူ့များကို မိမိတို့တတ်ကျွမ်းသော ပညာဖြင့် စိတ်စေတနာကောင်းများ မေတ္တာဂရုဏာတို့ ပေါင်းထည့်ကာ ဖယ်ရှားပေးနိုင်ခဲ့ပြီး ထိုလူနာများ၏မိသားစု ပျော်ရွှင်ခြင်းကို တဖန်ပြန်လည်ဆောင်ကြဉ်းပေးနိုင်ရခြင်း ပီတိကုသိုလ်များကြောင့် မောသမျှအပန်းပြေ ခဲ့ကြရပါသည်၊ Job Satisfaction အလုပ်ခွင်၏ ကျေနပ်ခြင်းကို အပြည့်အဝ ခံစားရမိခဲ့ကြပါသည် ။
ကြိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက်ပိုကောင်းသည် ၊ ထို့ကြောင့် ရောဂါ၏ သဘောသဘာဝများကို ပိုပြီး သိနားလည်စေရန် အစာအိမ် အူသိမ် အနာအကြောင်း သိကောင်းစရာများကို မျှဝေပေးလိုက်ရပါသည်၊
၁။ အစာအိမ်အနာ ဆိုသည်မှာ
အစာရေမျို၏ အဆုံး အစာအိမ်ဝင်ပေါက်မှစ၍ ခေါင်မိုး ကိုယ်ထည် ဘေး ဘယ်ညာ ရှေ့နောက် ပတ်ပတ်လည်နှင် အစာအိမ်ထွက်ပေါက် ထိုမှအလွန်အူသိမ်ဦးပိုင်း တို့တွင် အက်စစ်နှင့် အစာချေရည်များ လွန်ကဲစွာဓာတ်ပြုပြီး Acid Peptic Over Digestion နှင့် အစာအိမ်နံရံရှိ သဘာဝအကာအကွယ်ပေးသော အပေါ်အချွဲဖုံး နံရံအလွှာပျက်စီးရာမှ Mucosal Barrier Breakdown ဖြစ်ကြပြီး နံရံများပွန်းရာမှ အနာများ ဖြစ်ပွားလာခြင်းဖြစ်ပါသည် ။
၂ ။ ဖြစ်ပွားစေသောအကြောင်းရင်းများ ။
( က ) အစာအိမ်ပိုး Helicobactor Pylori ကြောင့်ဖြစ်ပါသည်၊ ၄င်းပိုးသည် မသန့်ရှင်းသော လမ်းဘေးမှ အစားအစာများ ၊ ဖုန်တက်သော အစားအစာများ ၊ တုတ်ထိုး အသုတ် အကင် ယင်နားစာတို့မှ အချဉ်ရည်များ တွင်များစွာရှိတတ်ပါသည် ၊
ထိုသို့သော အစာများကိုစားမိလျှင် အစာအိမ်အတွင်း ပိုးဝင်ရောက်ကာ အက်ဆစ်ကို ၅ဆ – ၇ဆ မှ ၁၀ဆအထိ ထုတ်နိုင်ပါသည်၊ ထိုအက်ဆစ်များလောင်ကျွမ်းရာမှ နံရံများလောင် အစာအိမ်ရောင်ကာ နံရံများပွန်းပြီး အနာများဖြစ်သွားကြတော့သည် ။
( ခ ) အပူ အစပ် အသုတ် မသန့်ရှင်းသော လက်လုပ်ချဉ်များ လဘက်ရည် ကော်ဖီ ပြင်းပြင်းသောက်ခြင်းကြောင့် အက်ဆစ်များစွာထွက်ပါသည် ။
( ဂ ) အရက်သောက်ခြင်း ။
( ဃ ) ဆေးလိပ်သောက်ခြင်း။
နီကိုတင်းက အက်ဆစ်များစွာထွက်စေသည် ။
( င ) ကွမ်းစားခြင်း ။
ကွမ်းထဲတွင်ပါသော ထုံးအား မိမိလက်ဖမိုး ေပ်ါပွတ်ထားလျှင် လက်အရေပြား ရောင်ပြီးလောင်ကာ ပေါက်ပြဲသွားသကဲ့သို့ ကွမ်းများများစားလျှင်လည်း အစာအိမ်နံရံများရောင်ကာ ထိုမှလွန်သော် အနာများ ဖြစ်တတ်ပါသည် ။
( စ ) အစာမကြေလွယ်သော မာကြောသော အစာများ များစွာစားခြင်း ။
အစာအိမ် နံရံ၂ခုပွတ်ပြီး အစာခြေရာတွင် ကြားခံမာကြောသော အစားအစာများရှိလျှင် နံရံများပွန်းနိုင်ပါသည် ။
( ဆ) အစားစားချိန်မမှန်ခြင်း ။
( ဇ ) အကိုက်အခဲပျောက်ဆေးများ ( ဥပမာ Paracetamol , Diclofenac , Ibuprofen ) အချို့ပန်းနာရင်ကြပ်ဆေးများ ( ဥပမာ Bethamethaxone , Prednisolone ) နှလုံးသွေးကြဲဆေးများ ( ဥပမာ aspirin , clopidogralပါေသာေဆး ) နှင့် ရှားပါးသော ရောဂါများတွင် သုံးရသည့် Steroid စတီးရိုက်ပါသော ဆေးများ သောက်သုံးရပါက အက်ဆစ်များစွာ ပိုထွက်စေပါသည် ။
( ဈ ) စိတ်ဖိစီးမူ့များခြင်း ။
( ည ) အခြားပြင်းထန်သောရောဂါများဖြစ်ပြီး နောက်ဆက်တွဲဆိုးကျိုးအား ခံစားရခြင်း ။
၂ ။ ရောဂါ၏ လက္ခဏာများ
( က ) ဝမ်းဗိုက်၏ အပေါ်ပိုင်းတွင် အက်ဆစ်များ လောင်နေသောကြောင့် မီးစနှင့်ထိုးထားသကဲ့သို့ ရင်ပူခြင်း ။
( ခ ) ဗိုက်အောင့်ခြင်း ၊ လေပွခြင်း ၊ လေထိုးလေအောင့်ဖြစ်ခြင်း ။
( ဂ ) ပျို့ချင် အန်ခြင်ခြင်း ၊ အန်ခြင်း ၊ လေချဉ်များစွာတက်ခြင်း ။
( ဃ ) အစာမကြေ
ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း ၊ အစာဝင်လျှင် နာခြင်း ( အစာအိမ်အနာ ) အစာမရှိလျှင် အဆာလွန်သွားလျှင် နာခြင်း ( အူသိမ်အနာ ) ၊ နောက်ပိုင်း စားချင်သောက်ချင်စိတ်ပါပျက်ခြင်း ။
( င ) အနာမှသွေးကြောပေါက်လျှင် အစပိုင်း၌ သွေးနှင့် အစာခြေရည်များ ဓာတ်ပြုကြပြီး ကော်ဖီမူန့်ဖြင့်ဖျော်သော ကော်ဖီရောင် အနှစ် မဲမဲအဖတ်များ ကဲ့သို့အန်ခြင်း ၊ ပိုဆိုးလာလျှင် သွေးများအန်ခြင်း ၊ ထိုသွေးများသည် အူများမှတဆင့် အောက်သို့ဆင်းသွားချိန်တွင် အူအတွင်းမှအစာချေရည်များဖြင့် ဓာတ်ပြုပြီး ကတ္တရာစေးကဲ့သို့ ဝမ်းမဲမဲပျစ်ပျစ် အလွန်အနံ့ဆုံးသော ဝမ်းများ သွားခြင်း ။
( စ ) သွေးယိုစိမ့်မူ့ရှိ၍ သွေးအားနည်းလာခြင်း ၊ ကိုယ်အလေးချိန်တစ်ဖြည်းဖြည်းကျလာခြင်း ၊ အစာနှင့်ရေအားမျိုရာတွင် နင်ခြင်းတို့ဖြစ်လာလျှင် ကင်ဆာအနာအဖြစ် ပြောင်းလဲသွားနိုင်သောကြောင့် ထိုကဲ့သို့ ခံစားလာရလျှင် အထူးသတိပြုရန် လိုအပ်ပါသည် ။
၄ ။ ရောဂါရှာဖွေခြင်း ။
အစာအိမ်မှန်ပြောင်းကြည့်ခြင်းသည် အကောင်းဆုံးသော ရောဂါရှာဖွေခြင်းဖြစ်ပါသည်၊ အနာအား ပုံတွင်ပြထားသကဲ့သို့ တိုက်ရိုက်ကြည့်ရူ ့မြင်တွေ့နိုင်ပြီး ရိုးရိုးအနာသော်၄င်း ကင်ဆာအနာသော်၄င်း ပြောင်းလဲခြင်း ရှိ/ မရှိ အသားစအဖြေပါ တစ်ခါတည်း ယူနိုင်ပါသည်။
၅ ။ နောက်ဆက်တွဲဆိုးကျိုးများ ။
( က ) အစာအိမ်အနာသည် အောက်ဖက်ရှိအလွှာများအထိ ထိုးဖောက်သွားလျှင် အစာအိမ်တစ်ခုလုံး ပေါက်ထွက်သွားနိုင်ပါသည် ။
( ခ ) အစာအိမ်အနာမှ သွေးယိုစိမ့်မူ့ဖြစ်လျှင် အသက်အန္တရယ် ရှိပါသည် ။
( ဂ ) အနာဖြစ်လိုက် ၊ အနာကျက်၍ အနာဖေးတက်လိုက် ၊ အနာပြန်ဖြစ်လိုက် ၊ အနာကျက်၍ အနာဖေးပြန်တက်လိုက်နှင့် မကြာခဏ သံသရာလည်လာသည့်အခါ ထိုအမာရွတ်များကြောင့် အစာအိမ်ထွက်ပေါက် ကျဉ်းသွား သိမ်သွားခြင်း ၊( Gastric Outlet Obstruction ) အစားများများ မစားနိုင်ပဲ ဝမ်းဗိုက်ပူလာခြင်း ဖောင်းလာခြင်း ၊ ညနေ နှင့် ညဖက် လေချဉ်တက်သည့်အခါ မနက်မှစားထားသော အစားများ၏ အနံ့ဆိုးများရခြင်း တို့ဖြစ်လာပါလိမ့်မည် ။
( ဃ ) နောက်ဆုံးတွင် လူတိုင်းကြောက်သော ကင်ဆာအဖြစ်ပြောင်းလဲသွားနိုင်ပါသည် ။
၆ ။ ရောဂါကုသခြင်း
( က ) ဆေးဝါးများဖြင့်ကုသခြင်း ။
– အက်ဆစ်များ လျော့စေသောဆေး ၊
– ထွက်ပြီးသား အက်ဆစ်များအား ချေဖျက်ပေးသောဆေး များ ၊
– အစာအိမ်နံရံအားကောင်းစေသောဆေးများ ၊
– ဖော်ပြပါ ရောဂါလက္ခဏာများ ( လေထိုးလေအောင့် လေပွ လေအန် အစာအန် ဗိုက်နာ အစာမကြေ ရင်ပြည့်ရင်ကယ် ) သက်သာစေသော ဆေးများ ၊
– သွေးယိုစိမ့်မူ့ရှိလျှင် သွေးတိတ်ဆေးများ ၊
– အစာအိမ်ပိုးရှိလျှင် ၄င်းအတွက် ပိုးသတ်ဆေးကို တိကျစွာ သောက်ရပါမည် ။
( ခ ) ခွဲစိတ်ကုသခြင်း ။
အစာအိမ်အနာမှ သွေးယိုစိမ့်မူ့အား မှန်ပြောင်းမှတဆင့် သွေးကြောမပိတ်နိုင်လျှင် ဝမ်းဗိုက်အားခွဲ၍ အနာအားသွေးကြောချည်ခြင်း ၊ ချုပ်ခြင်း လိုအပ်လျှင် ထိုအနာပါသော အစာအိမ်၏ အစိတ်အပိုင်းအား ဖြတ်တောက်ခြင်းတို့ဖြင့်ကုသရပါမည် ၊ အစာအိမ်ကင်ဆာ အဖြစ်ပြောင်းလဲသွားလျှင်လည်း မဖြစ်မနေ ခွဲစိတ်ကုသရပါမည် ။
( ဂ ) နေထိုင်မူ့ပုံစံပြောင်းလဲခြင်း ။
ဤအချက်မှာ အရေးအကြီးဆုံးဖြစ်ပါသည်၊ ဆေးများမည်မျှသောက်သောက် အကောင်းဆုံးခွဲစိတ်ခြင်းအား မည်သို့ခွဲခွဲ ဤ အရေးကြီးသော ဆောင်ရန် ရှောင်ရန်များအား မလိုက်နာလျှင် အမြဲပြန်ဖြစ်နေမည်သာဖြစ်ပါသည်၊ လိုက်နာရန်အချက်များမှာ –
– အပူ အစပ် အသုတ် လက်ဖက်ရည် ကော်ဖီပြင်းပြင်းနှင့် အစာမကြေလွယ်သော အစာမာမာများ အလွန်အကျွံမစားရန် ၊
– ဆေးလိပ် အရက်မသောက်ရန် ကွမ်းမစားရန် ၊
– မသန့်ရှင်းသော အစားအစာများအား အလွန်အကျွံမစားသုံးရန် ၊ ပျော့ပြောင်းသော အစားအစာများဖြစ်သည့် နို့ဆန်ပြုတ် ၊ ဆန်ပြုတ် ခေါက်ဆွဲပြုတ်နွေးနွေး ပေါင်မုန့် ကိတ်မုန့် ပူတင်း အိုဗာတင်း နို့ မိုင်လိုနွေးနွေးတို့အား မကြာခဏ နည်းနည်းချင်းစီစားရန် ၊
– အစာကို အချိန်မှန်မှန်စားရန် ၊
– အကိုက်အခဲပျောက်ဆေးများ ပန်းနာရင်ကြပ်ဆေးများ နှလုံးသွေးကြောကျဉ်းရောဂါ ကာကွယ်သည့်ဆေးများ စတီးရိုက်ပါသောဆေးများ သောက်သုံးရန်ကြုံပါက အစာစားပြီး သို့မဟုတ် အစာအိမ်ဆေးများနှင့် တွဲသောက်ပြီးမှသာ သောက်ရန်လိုအပ်ပါသည်။
အချုပ်အားဖြင့် ဆိုရလျှင် အစားအသောက်များအား တည့်သည်ရော မတည့်သည်ရော မိမိစိတ်အလိုကိုလိုက်ကာ အလွန်အမင်း မဆင်မခြင်စားသောက်မူ့ တို့ကြောင့် အစာအိမ်နှင့် အူလမ်းကြောင်းတွင် ရောဂါဝေဒနာများစွာဖြစ်ကြရပါသည် ၊
အစာအိမ်အူလမ်းကြောင်း ခွဲစိတ်ကုဆရာဝန် တစ်ယောက်အနေဖြင့် မိမိသိနားလည်သော ဘာသာရပ်အား ယခုလို ဆေးပညာနှင့်မရင်းနှီးသောသူများအား သေချာစွာသိရှိနားလည်ရန် ဆောင်ရန်ရှောင်ရန်များအား နားလည်ပြီး ရောဂါဝေဒနာခံစားရခြင်းမှ ကင်းဝေးကြစေရန် နားမရှင်းသော အင်္ဂလိပ်စာများ ဆေးပညာဝေါဟာရများပင်မသုံးပဲ ရှင်းလင်းလွယ်ကူစွာ အိပ်သွန်ဖာမှောက် မျှဝေပေးရသည့် အကြောင်းရင်းမှာ ဝေဒနာရှင်များအား အထူးကိုယ်ချင်းစာ၍ ဖြစ်ပါသည်၊
ပညာအရာကိုအလေးထားသော ပါမောက္ခချုပ်ဆရာတော်ဘုရားကြီးမှလည်း မိမိယခုကဲ့သို့ ဆေးကုရုံမက လူနာများအား ကျန်းမာရေး အသိပညာများ မျှဝေပေးခြင်းတို့ လုပ်ဆောင်နေမူ့အပေါ် အလွန်သဘောကျ၍ ဆရာတော်ဘုရားအားလျှောက်တင်မိတိုင်း ပြုံးပြုံးကြီး အလွန်သင့်တော်လှပါသည်ဟု မိန့်ကြားခဲ့၍ များစွာပီတိကုသိုလ်များဖြစ်ရပါသည်၊
ယခုဤ ကျန်းမာရေးဆောင်းပါးလေးအားလည်း မိတ်ဆွေများ ဖတ်ရူ ့ပြီးချိန်တွင် မြန်မာပြည်တစ်နံတစ်လျှား အစာအိမ်ဝေဒနာရှင်များ ခံစားရသော ဝေဒနာများ ပျောက်ကင်းသက်သာရှိကြစေရန် ထပ်ဆင့် မျှဝေ share ပေးကြခြင်းဖြင့် ပီတိကုသိုလ်များ ယူနိုင်ကြပါစေ ။
🙏🙏🙏🙏🙏🙏🙏🙏🙏🙏
မှတ်ချက် ။ ပုံများကို ကြောက်တတ်လျှင်လည်း ကြိုးစားကြည့်ပါ ၊ ကြည့်တော့မြင်သည် ၊ မြင်တော့ပိုကြောက်သည်၊ ပိုကြောက်တော့ ပိုဆင်ခြင်သည် ၊ ပိုဆင်ခြင်တော့ ရောဂါပျောက်ကင်းကြပါသည် ။
Dr Moe Myat Aung
အစာအိမ်နှင့် အူလမ်းကြောင်းအထူးကုဆရာဝန်ကြီး
Z& T အစာအိမ်အူလမ်းကြောင်း အထူးကုဆေးခန်း
မန္တလေးမြို့