ဗဟုသုတ

“အလုပ်တွေမအားလို့ သေခါနီးမှ တရားအားထုတ်လို့ ရပါသလား”ဆိုတဲ့ မေးခွန်းအပေါ် တောင်ပုလု ဆရာတော်ကြီးရဲ့ အဖြေ”

#သေခါနီးမှတရားအားထုတ်ရင် (#တောင်ပုလုဆရာတော်ကြီး)

တောင်ပုလုဆရာတော် သက်တော်ထင်ရှားရှိစဉ် အခါတုန်းက ဒကာတစ်ယောက် ကျောင်းကိုရောက်လာရင်း ဆရာတော်အား မေးလျှောက်ပါတယ်။ ဆရာတော်ဘုရား …“ တပည့်တော်မှာသားရေး၊ သမီးရေး၊ အိမ်ထောင်ရေး၊ စီးပွားရေး၊ လူမှုရေးတွေ လုပ်နေရတော့ မအားဘူး ဘုရား။

ဆရာတော်ရဲ့တရားတွေကလည်း ကောင်းပါတယ်ဘုရား၊.. ခလေးတွေကြီးပြင်းပြီး သူ့ဟာနဲ့သူအဆင်ပြေပြေနဲ့ နေနိုင်ကြတော့မှ တပည့်တော်အားမယ်ထင်ပါတယ်ဘုရား …

တကယ်လို့ သေခါနီးမှ တရားအားထုတ်ရင် မရဘူးလား ဘုရား ” လို့ မေးတော့ …

ဆရာတော်က “ အေးကွာ ….မင်းမှာ မအားဘူးဆိုတော့လည်း၊ .. ဒါက မင်းသဘောပဲ။

အားထုတ်လို့ မရဘူးလို့တော့ မပြောနိုင်ပါဘူး။ ငါပြောတဲ့ ဥပမာလေးကို နားထောင်လိုက်ဦး။ ”

“ မင်းတို့အိမ်မှာ မိသားစု နေကြတယ်နော်” ။

“ တန်ပါ့ဘုရား.. မိသားစုနေကြပါတယ်” ။

“ မနက်စာထမင်းကို ဘယ်အချိန်စားကြသလဲ ? ”။ “ ၁၂ နာရီ လောက်မှာ မိသားစုအားလုံး စုပြီးစားကြပါတယ် ”။

“ ဒါဆိုရင် ၁၂ နာရီ မထိုးခင် အချိန်လေးမှာ ကပ်ပြီး ထမင်းချက်စားကြတာလား ? ”

“ မဟုတ်ပါဘူး ဘုရား … တပည့်တော် အိမ်ရှင်မက မနက် မိုးလင်းတာနဲ့ စားသောက်ဖို့အတွက် မီးဖိုနားမှာ ချွေးတစ်လုံးလုံးနဲ့ ချက်ပြုတ်နေရပါတယ် ဘုရား။ စားခါနီးတောင် ချက်ပြုတ်မပြီးသေးပါ ဘုရား။ စားခါနီးမှ ချက်ပြုတ်စားလို့တော့ မရနိုင်ပါ ဘုရား။ ဟင်းတွေကလည်း မနူးမနပ် ဖြစ်မှာပါ ဘုရား ”။

“ အဲဒီအတိုင်းပဲ.. တရားဓမ္မကို သေခါနီးမှ ကပ်လုပ်ရင် မနူးမနပ်ဘူးပေါ့၊ တရားဓမ္မဆိုတာအချိန်ရှိတုန်းကပင် လေ့ကျင့်ယူရတယ်၊ နူးနပ်အောင် ကျင့်ကြံအားထုတ်ရတယ် ကွဲ့ ”။

ဒါကြောင့် တရားချစ်ခင် သူတော်စင်အပေါင်းတို့ကလည်း ကျန်ရှိနေသေးတဲ့ အချိန်ကလေးကို အကျိုးရှိအောင် ကုသိုလ်စိတ်ဖြင့်နေပြီး တစ်ဆင့်ထက်တစ်ဆင့် မြင့်မြတ်သထက် မြင့်မြတ်အောင်ကျင့်ကြံအားထုတ်ကာ မြတ်နိဗ္ဗာန်ကို ရရောက်နိုင်ကြပါစေကုန်သတည်း။ ။

Crd – လွင် မာ စိန်