မော်လမြိုင်၊ နိုဝင်ဘာ ။
အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ၏ အုတ်ဂူဟု လူပြောများနေသော ဘီးလင်းမြို့နယ်၊ ကင်းရွာ ကျေးရွာမှ အုတ်ဂူတစ်ခုမှာ အမှန်တစ်ကယ် အလောင်းမင်းတရားကြီး၏ အုတ်ဂှုမဟုတ်ကြောင်း သွားရောက်သုတေသန ပြုလုပ်ထားသည့် မွန်ပြည်နယ် ရှေ့ဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်နိုင်မိုးက ဟင်္သာမီဒီယာသို့ ပြောဆိုသည်။
kimyour
“ကျွန်တော် လေးငါးနှစ်လောက် သုတေသနပြုလုပ်ဖူးတယ်၊ ဘုရင်တစ်ယောက်ရဲ့ အုတ်ဂူက အဲ့လိုမျိုးမှ မဟုတ်တာ မင်းတုန်းမင်းတရားရဲ့ အုတ်ဂူတို့၊ ကနောင်မင်းသားရဲ့ အုတ်ဂူတို့၊ အများကြီးရှိတယ်၊ အဲ့ဒီအုတ်ဂူတွေက ပြသာဒ်ပုံတွေပဲ၊ ဒီမှာဆိုရင် စတုတ္ထသမီးတော်ရဲ့ ပြသာဒ်တွေရှိတယ်၊ မြန်မာလူမျိုး ထီးမွေနန်းမွေရတဲ့သူတွေ နတ်ရွာစံရင် အခုလို အုတ်ဂူပုံစံမျိုးလည်း မဟုတ်ဘူး”ဟု ၎င်းက ရှင်းပြခဲ့သည်။
(၁၇) ရာစု ခေတ်က မြုပ်နှံသဂြိုလ်ခဲ့သော ဦးအောင်ဇေယျအုတ်ဂူဆိုပါက အဆိုပါခေတ်တွင် မြန်မာစာ အရေးအသား ကောင်းမွန်သော ခေတ်ကာလ ဖြစ်သည့်အတွက် အသေးစိတ်မှတ်တမ်း မှတ်ရာများရှိမှာ ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
ဦးအောင်ဇေယျ၏ အလောင်းတော်အား ကင်းရွာတွင် သဂြိုလ်ခဲ့ခြင်းမရှိကြောင်းကို သမိုင်းမှတ်တမ်းများအရ သိရှိနိုင်ကြောင်းနှင့် ရွှေဘိုမြို့ရှိ ရွှေဘုံရတနာနန်းတော်အနီးတွင် ဦးအောင်ဇေယျ၏ အုတ်နန်းပြသာဒ်တော်မှာ ယနေ့တိုင် အထင်အရှားရှိနေကြောင်း ၎င်းက ပြောဆိုသည်။
ယင်းအုတ်ဂူနေရာမှာ ကင်းရွာသူဌေးကြီး ဦးဖိုးလုပ်၏ အုတ်ဂူသာ ဖြစ်နိုင်ပြီး ကင်းရွာအနောက်ဘက်ခြမ်း သင်္ချိုင်းမြေနေရာဖြစ်ကြောင်းနှင့် ရှေးယခင်က သူဌေးကြီး ဦးဖိုးလုပ်သည် ကင်းရွာနှင့် အနီးပတ်ဝန်းကျင်တွင် လယ်မြေဧကများစွာ ပိုင်သော သူဌေးကြီးဖြစ်သည့်အပြင်
ဘာသာတရား ကိုင်းရှိုင်းသူဖြစ်ပြီး ရပ်ရေး၊ ရွာရေးတွင် ဦးဆောင်ခဲ့သူတစ်ဦးဖြစ်၍ လူအများ၏ ကြည်ညိုလေးစာခြင်း ခံရသူတစ်ဦးဖြစ်ကြောင်းလည်း မွန်ပြည်နယ် ရှေ့ဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ သုတေသနပြုချက်များအရ သိရသည်။