ဗဟုသုတ

တစ်ခေတ်တစ်ခါက မြန်မာတို့ရဲ့ စက္ကောမ အတတ်ပညာ

🤖စက္ကောမအတတ်ပညာ မြန်မာမှာရှိခဲ့ဖူးသလား (၁)🤖

🔅မြန်မာတွေက စက္ကောမအတတ်လို့ခေါ်တဲ့ ယန္တရားအတတ်ပညာဟာ ပါဠိလို ဘူတဝါဟန လို့ခေါ်ပြီး ရှေးခေတ်ရောမတွေဆီကနေ ဆင်းသက်လာတယ်လို့ ယူဆရပါတယ်..

🔅မြန်မာပြည်ကို စက္ကောမအတတ်ပညာ ရောက်ရှိလာခဲ့တယ်ဆိုရင် အနီးစပ်ဆုံးက အိန္ဒိယကနေ ကူးပြောင်းလာတယ်လို့ ယူဆရမှာပါ..

ဘာလို့လဲဆိုရင် အိန္ဒိယက လောကပညတ္တိကျမ်းမှာ ဂေါတမမြတ်စွာဘုရားရှင်ရဲ့ ဓာတ်တော်မွေတော်တွေကို အဇာတသတ်မင်းက စုပေါင်းဌာပနာပြီး စေတီတစ်ဆူတည်ထားခဲ့ပါတယ်..

🔅လောကပညတ္တိကျမ်းဟာ ပါဠိလိုရေးသားထားတဲ့ ကျမ်းတစ်စောင်ဖြစ်ပြီး တချို့တွေကတော့ ၁၂ ရာစုကပေါ်ပေါက်ခဲ့တဲ့ မြန်မာပြည်ကကျမ်းဖြစ်တယ်လို့လဲ ဆိုကြပါတယ်..

🔅အဲဒီဘုရားဌာပနာတွေကို စောင့်ရှောက်ဖို့အတွက် အဇာတသတ်မင်းဟာ စက္ကောမအတတ်ပညာနဲ့ပြုလုပ်စီရင်ထားတဲ့ လက်နက်ယန္တရားတွေ၊ စက်ရုပ်တွေထားရှိခဲ့တယ်လို့ဆိုပါတယ်.. တချို့စာပေတွေအရ အဇာတသတ်မင်းမှာ စက်ရုပ်စစ်သည်တော်တချို့နဲ့ ရထားပျံ(ယာဉ်ပျံ)တွေတောင်မှ ရှိတယ်လို့ဆိုပါတယ်..

🔅ဒါဆိုရင် စက္ကောမအတတ်က အဇာတသတ်မင်းဆီကနေ စတင်လာတာလားဆိုတော့ မဟုတ်ပါဘူး.. အဇာတသတ်မင်းလက်ထက်မှာ စက္ကောမအတတ်ပညာကို ရှေးခေတ်ရောမအင်ပါယာ(ဝါ)ရောမဝိစာရတိုင်းကနေယူလာတဲ့ ပညာရှင်တစ်ယောက်ရှိခဲ့ပါတယ်.. သူကပဲ အဇာတသတ်မင်းအတွက် သူသင်ယူခဲ့တဲ့ စက္ကောမအတတ်နဲ့ စက်ရုပ်တွေ၊ ယာဉ်ပျံတွေ၊ ယန္တရားတွေ ဖန်တီးပေးခဲ့တာပါ..

🔅ဒီအချက်အလက်တွေပါရှိတဲ့ စာပေတွေမှာတော့ အဇာတသတ်ဆီမှာခစားတဲ့ ဒီပညာရှင်ကို ဗမာလို့ရေးထားတာတွေ့ရပါတယ်.. မူရင်းစာမှာကိုက Burman လို့ရေးထားတာပါ.. အဲဒီခေတ်က မြန်မာဆိုတာမရှိသေးပေမဲ့ စာရေးတဲ့သူက ပထဝီအနေအထားတွေအရ Burma လို့ သုံးလိုက်ပုံရပါတယ်..

🔅ဒီနေရာမှာသိထားစရာတစ်ခုရှိပါသေးတယ်.. ဒီ စက္ကောမပညာရပ်ကို ရောမတွေဟာ အဲခေတ်အခါက အပြင်ကိုလုံးဝမပေါက်ကြားစေရပါဘူး.. ဒီပညာရပ်ကို လွယ်လွယ်နဲ့လက်ဆင့်မကမ်းသလို တတ်မြောက်ထားတဲ့သူတွေကိုလဲ အင်ပါယာအပြင်ထွက်တာနဲ့ သုတ်သင်ပစ်တာပါ..

🔅ရောမတွေက ဘယ်လိုပဲထိန်းချုပ်ထားပေမဲ့ ဒီလျှို့ဝှက်ချက်ဟာ ပေါက်ကြားခဲ့ပါတယ်.. အဲဒီမှာပဲ ဒီသတင်းကိုရတဲ့ ဗမာပညာရှင်တစ်ယောက်ဟာ ရောမတွေဆီက ဒီအတတ်ကို မရရအောင်သင်ပြီး ထွက်ပြေးလာခဲ့တယ်လို့ ဆိုပါတယ်.. (ဒီနေရာမှာ စာတွေမှာပါတဲ့အတိုင်း ဗမာလို့ပဲ သုံးနှုန်းပါမယ်..)

🔅မရရအောင်သင်တယ်ဆိုတဲ့နေရာမှာလဲ မူကွဲတွေရှိနေပါသေးတယ်.. တချို့တွေက ဒီပညာရှင်ဟာ ရောမကို ကိုယ်တိုင်သွားခဲ့ပြီး ရောမအင်ပါယာက စက္ကောမပညာရှင်ကြီးရဲ့ သမီးကိုယူ၊ ယောက္ခမဖြစ်တဲ့သူဆီက ပညာအမွေတောင်းခဲ့တယ်လို့ဆိုပါတယ်..

🔅ပြီးတော့မှ သားယောက်ျားလေးမွေးဖွားလာတဲ့အခါ သားဖြစ်သူနဲ့ ရောမကထွက်ပြေးပြီး အဇာတသတ်မင်းဆီ ခိုလှုံဖို့သွားတယ်လို့ဆိုပါတယ်.. စက္ကောမပညာကိုလဲ သူ့သားကိုအမွေပေးဖို့ ပေါင်ထဲခွဲထည့်ခဲ့ပါတယ်.. ဒါပေမဲ့ လမ်းခရီးမှာ ရောမတွေက စက်ရုပ်ပျံနဲ့ လိုက်သတ်လို့ သေဆုံးသွားရပြီး သားဖြစ်သူကသာ လွတ်မြောက်သွားပါတယ်..

🔅တချို့တွေကလဲ ဒီပညာရှင်က စက္ကောမအတတ်ပညာကို သင်ကြားဖို့ ရောမအင်ပါယာကို ရှာဖွေရင်း လမ်းခရီးမှာပဲ ခရီးကြမ်းတာကိုမခံနိုင်လို့ သေဆုံးသွားခဲ့တယ်လို့ဆိုပါတယ်..

သေဆုံးခဲ့ချိန်မှာ ရောမအင်ပါယာနဲ့ စက္ကောမအတတ်ကို စိတ်အစွဲကြီးစွဲခဲ့တာမို့ နောက်ဘဝမှာ လူအဖြစ်ပြန်ဝင်စားပြီးမှ ဇာတိဿရဉာဏ်ရတာမို့ အရင်ဘဝကို ပြန်မှတ်မိပြီး စက္ကောမအတတ်ကိုသင်ဖို့ ရောမက စက္ကောမပညာရှင်ကြီးရဲ့သမီးကိုလက်ထပ်ပြီး ပညာသင်ခဲ့တယ်လို့ ဆိုပါတယ်.. သားဖြစ်သူမွေးဖွားပြီး အဇာတသတ်ဆီခိုလှုံဖို့ ထွက်ပြေးတာကတော့ အပေါ်ကဇာတ်ကြောင်းနဲ့တူတူပါပဲ..

🔅ဒုတိယဇာတ်ကြောင်းအရ မူလသင်ခဲ့တဲ့သူက သေဆုံးသွားပြီဖြစ်တဲ့အတွက် သူ့ကိုဗမာလို့ဆိုခဲ့ရင်တောင် လူဝင်စားက ဗမာပြန်ဖြစ်မယ်လို့မသေချာတော့ပါဘူး.. ဒါပေမဲ့ အဲဒီဇာတ်ကြောင်းမှာ သားဖြစ်သူကို ဗမာမှာအခြေချဖို့ရေးထားတယ်လို့ ထပ်ဆိုထားပြန်ပါတယ်.. ဒါဆိုရင် သားရဲ့နောက်မျိုးဆက်တွေကိုတော့ ဗမာလို့ပြောနိုင်ပါသေးတယ်..

🔅နောင်နှစ်တွေကြာလာတဲ့အခါ အာသောကမင်းလက်ထက်ရောက်တော့ အဇာတသတ်မင်းလက်ထက်က ဘုရားဌာပနာတွေရှိခဲ့တယ်ဆိုတာသိပြီး ရှာဖွေဖို့လုပ်ခဲ့ပါတယ်.. ဒီမှာပဲ အာသောကမင်းဟာ စက်ရုပ်တွေ၊ ဓားစက်လှံစက် ယန္တရားတွေတွေ့ပြီး ဒါကိုဖြည်နိုင်ဖို့ လူရှာပါတော့တယ်..

🔅ရှာဖွေခဲ့တဲ့အလျောက် အဇာတသတ်မင်းလက်ထက်တည်းက စက္ကောမအတတ်ကို အဆင့်ဆင့်လက်ဆင့်ကမ်းလာတဲ့သူကို အာသောကမင်းကတွေ့ရှိခဲ့ပါတယ်.. သူ့ကိုလဲ ဗမာလူမျိုးဖြစ်တယ်လို့ ဖော်ပြထားပါတယ်.. နောက်ဆုံး ဒီဗမာလူမျိုးကပဲ ဌာပနာကယန္တရားတွေကိုဖယ်ရှားပြီး အာသောကမင်းရဲ့ သာသနာပြုမှုကို အထောက်အပံ့ဖြစ်စေခဲ့ပါတယ်..

🔅အာသောကမင်းဟာ အဲဒီခေတ်အခါက အလွန်ဘုန်းတန်ခိုးကြီးတဲ့ သာသနာပြုမင်းဖြစ်ပြီး ကမ္ဘာအနှံ့ကိုလဲ သာသနာပြုပုဂ္ဂိုလ်တွေ စေလွှတ်ခဲ့ပါတယ်.. သမိုင်းအထောက်အထားတွေအရ အာသာကမင်းဟာ ရောမတွေ၊ ဂရိတွေနဲ့ပါ ဆက်သွယ်မှုတွေရှိခဲ့တာမို့ အာသောကမင်းရဲ့ပညာရှင်တစ်ယောက်က စက္ကောမအတတ်နဲ့ ယန္တရားတွေကို ဖယ်ရှားခဲ့တယ်ဆိုတာကို ရောမတွေသိသွားပါတော့တယ်..

🔅ရှေ့မှာဖော်ပြခဲ့သလိုပဲ စက္ကောမအတတ်ဟာ ရောမတွေရဲ့ မူပိုင်နည်းပညာဖြစ်တာကြောင့် ဒီဗမာ့နည်းပညာဟာ ဘာလို့သူတို့လျှို့ဝှက်နည်းပညာတွေနဲ့တူနေတာလဲဆိုပြီး ဖြစ်လာပါတော့တယ်.. စာအုပ်ထဲမှာကို Technology of Burma ဆိုပြီး ရေးထားပါတယ်..

နောက်ဆုံးမှာတော့ ဒီစက္ကောမပညာရှင်ကို ရောမတွေက လုပ်ကြံနိုင်ခဲ့ပါတယ်..

🔅ဒီအကြောင်းအရာတွေကတော့ စက္ကောမဆိုတာကို စတင်နာမည်ကြီးလာစေတဲ့အကြောင်းအရာတွေဖြစ်ပြီး စက္ကောမနဲ့မြန်မာ ဆက်စပ်နေတဲ့ အကြောင်းအရာတွေထဲကတစ်ခုလဲ ဖြစ်ပါတော့တယ်.. နောက်ကျန်ရှိနေသေးတဲ့ အကြောင်းအရာတွေကိုတော့ စာစဉ် (၂) မှာ ဆက်လက်ဖော်ပြပေးသွားပါ့မယ်..

✏️ဆက်ပါဦးမည်..

ကိုးကား

– Relics of the Buddha (John S. Strong)

– Lokapaññati (Description of the World)

– မဟာဗုဒ္ဓဝင်

#Black

#BlackThoughts

#Thoughts

#ထူးဆန်းထွေလာ