News

“ကိုဗစ်ကြောင့် ပညာသင်နှစ် (၂) နှစ်ပေါင်းရမယ့် အခြေအနေကို ဆွေးနွေးလျက်ရှိ”

၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပနိုင်ခြင်းမရှိသောကြောင့် စာသင်နှစ်ကို ၂ နှစ်ပေါင်းဆောင်ရွက်နိုင်ရန် ဆွေးနွေးလျက်ရှိပါသည်

နှစ်စဉ်မတ်လတွင် ကျင်းပပြုလုပ်သည့် တက္ကသိုလ်ဝင်စာမေးပွဲအား ၂၀၂၀-၂၀၂၁ မတ်လတွင် ကျင်းပပြုလုပ်နိုင်ခြင်းမရှိတော့သောကြောင့် ကျောင်းသားများနစ်နာမှု မရှိစေရန် စာသင်နှစ် (Academic Year) ကို ၂ နှစ်ပေါင်းဆောင်ရွက်နိုင်ရန် ဆွေးနွေးလျက်ရှိကြောင်း ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ဆင်ဟွာသို့ ဇန်နဝါရီ ၈ ရက်တွင်ပြောသည်။

“ဒီနှစ်ကတော့ ကျောင်းက ခဏပဲဖွင့်နိုင်ခဲ့ပြီး Home Base Learning တွေပဲ ကျောင်းသားတွေ အနေနဲ့ လုပ်လို့ရတယ်။ ကျောင်းပြန်ဖွင့်တဲ့အချိန်မှာ အခုဒီစာသင်နှစ်ကို ကျောင်းသားတွေ နစ်နာမှု မရှိဖို့ အတွက် Academic Year ကို ၂ နှစ်ပေါင်းဖို့လည်းဆွေးနွေးနေတာရှိတယ်။

အဓိကက ပညာသင်နှစ် မပျောက်အောင်လုပ်ဖို့ပါ။ ကျွန်တော်တို့ ကျောင်းဖွင့်ခွင့်ပြန်ရတဲ့အချိန်မှာ အတိအလင်းထုတ်ပြန်သွားမှာပါ။’’ ဟု၎င်းကဆက်ပြောသည်။

၂၀၂၀-၂၀၂၁ ပညာသင်နှစ်အား ပျောက်မသွားစေရန်အတွက် နည်းလမ်းပေါင်းစုံဖြင့် စဉ်းစားလျက်ရှိကြောင်းဆိုသည်။

“ဒီစာသင်နှစ်ကို Cancel လုပ်ပြီး ကျန်တဲ့ ၁၀ လ ကို ဟိုတစ်နှစ်ပဲ သင်လိုက်တော့ဆိုပြီး လုပ်လို့ရချင်မှ ရမယ်။ ကလေးတွေရဲ့ အကျိုးအတွက်ကြည့်ပြီး ဘယ်လိုလုပ်ရင် ရမလဲဆိုတာ ကို Option မျိုးစုံနဲ့ စဉ်းစားနေပါတယ်’’ ဟု ဦးကိုလေးဝင်းကဖြည့်စွက်ပြောကြားသည်။

COVID-19 အလွန်ကာလ ကျောင်းပြန်ဖွင့်သည့်အချိန်တွင် Home Base Learning ဆက်လုပ်သွားရဦးမည် ဖြစ်ကြောင်းဆိုသည်။ နိုင်ငံတစ်ဝန်းလုံးတွင် အထက်တန်းကျောင်းပေါင်း ၅,၆၃၃ ကျောင်းရှိကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။

(Xinhua)

#ပညာရေး #ဦးကိုလေးဝင်း #တက္ကသိုလ်ဝင်တန်း #