ဗဟုသုတ

“မြန်မာ့ဘောလုံး ဂန္တဝင်တိုက်စစ်မှူးကြီး ဗဟာဒူး ရဲ့ ကြေကွဲဖွယ် ဘ၀နေဝင်ချိန်”

ကျနော်ဗဟာဒူး၏ ဇာတ်သိမ်းအပိုင်းကိုမရေးချင်ပါ။ မရေးချင်တာအခြားအကြောင်းအရင်းများရှိလို့မဟုတ်ပါ။ ရေးရင်းကြေကွဲခံစားနေရလို့ဖြစ်ပါတယ်။

အရမ်း(အရမ်း)ကို ဝမ်းနည်းစိတ်မကောင်းဖြစ်မိပြီး ဒီစာကိုရေးရင်း မျက်ရည်ဝဲရပါတယ်။ ကျနော်တို့ရဲ့ဂန္တဝင်တိုက်စစ်မှူးကြီးအတွက် စိတ်မကောင်းဖြစ်ရခြင်း၊ ရင်နာရခြင်းများက ရေးနေရင်းကကျနော်၏စိတ်အစုံကို ဖိစီးနေခဲ့ပါတယ်။ တချိန်က အောင်မြင်ခဲ့သည့် နာမည်ကျော်ကြားခဲ့သည့် အာရှလက်ရွေးစင်နာမည်ကြီးဂန္တဝင်ကစားသမားဟောင်းတစ်ဦး၏ ဘဝနိဂုံးကား အများထင်သလို မလှပခဲ့ပါ။

မြန်မာ့ဘောလုံးဂန္တဝင်တိုက်စစ်မှူးကြီး ဆွတ်ဗဟာဒူးသို့ အာရှတခွင် ကျော်ကြားခဲ့သည့် ဘောလုံးဘုရင်၏ ဘဝနိဂုံး

ဗဟာဒူးဇနီးခင်သန်းမြင့် ကွယ်လွန်သွားပြီးနောက်ပိုင်း ဗဟာဒူးသည် နောက်အိမ်ထောင်ပြုခဲ့ပြီး မင်္ဂလာဒုံဘက်တွင် နေထိုင်ခဲ့ပါသည်။ ယင်းနောက်ပိုင်း မည်သည့်သတင်းမှ မကြားရတော့ပေ။ သို့သော် တနေ့တွင်ကား မမျှော်လင့်ထားသော အခြေအနေတွင် သူ့ကိုတွေ့လိုက်ရပါတော့သည်။

စလင်းကွင်းသို့ ဘောလုံးကစားရန်အတွက် ပြည်တွင်းတတိယတန်းတွင်ဝင်ရောက်ယှဥ်ပြိုင်နေသည့် အသင်း ၂ သင်း ရောက်ရှိလာခဲ့သည်။ ထိုစဥ် အားကစားကွင်း ဝင်းအတွင်းရှိ တဲအိမ်စုတ်ကလေးမှ အသက် ၆၅ နှစ်ကျော်အရွယ်၊ အရပ်မနိမ့်မမြင့်၊ အင်္ကျီ၊ လုံခြည်ခပ်နွမ်းနွမ်းဝတ်ဆင်ထားပြီး ဂေါ်ရခါးပုံစံပေါက်နေသည့် လူကြီးတစ်ဦးထွက်လာခဲ့သည်။ စလင်းကွင်းတွင် ကစားကြမည့် အသင်းတာဝန်ရှိသူများနှင့် စကားပြောနေလေသည်။

ထိုလူကြီးကား တချိန်က အာရှလက်ရွေးစင်၊ အာရှတခွင်နာမည်ကြီးခဲ့သည့် တပ်မတော်မှဗိုလ်မှူးအဆင့်ရှိ ဆွတ်ဗဟာဒူးဆိုသည့် ဂန္တဝင်ဘောလုံးသမားဟောင်းကြီးပင်ဖြစ်ပေသည်။ ထိုအခြင်းအရာကိုကြားလိုက်ရသည့် ပွဲကစားမည့် ကစားသမားတစ်ဦးကား အံ့သြတုန်လှုပ်သွားလေသည်။ သူ့စိတ်ထဲတွင် ဤလူကြီးကို ကွင်းသန့်ရှင်းရေးလုပ်သည့် ပုဂ္ဂိုလ်ဟုသာ ထင်နေခဲ့ခြင်းကြောင့်ဖြစ်သည်။ အာရှလက်ရွေးစင်ဖြစ်ခဲ့သည့် ဗဟာဒူးဆိုသည့်ကစားသမားဖြစ်ကြောင်းသိသိရခြင်း ထိုကစားသမားလေးကား စိတ်မကောင်းကြီးစွာ ဖြစ်ခဲ့ရပြီး ဝမ်းနည်းဆွံ့အသွားခဲ့မိလေသည်။ မြန်မာ့အားကစား၊ ဘောလုံးတွင် အောင်မြင်မှုရရှိခဲ့သည့် ရွှေခေတ်ကိုဦးဆောင်ခဲ့သည့် ကစားသမားကြီးတစ်ဦးအတွက် ဘာကိုအပြစ်တင်ရမလဲဆိုတာမသိရလောက်အောင် စိတ်ပျက်မိရတော့သည်။

တချိန်က အာရှလက်ရွေးစင်ကစားသမား၏ ဘဝနောက်ဆုံးအချိန်တွင် ရောက်ရှိနေသည့်နေရာက သူရရှိခဲ့သည့် အောင်မြင်မှုများနှင့် ထိုက်တန်ခြင်းလုံးဝမရှိချေ။ ၁၉၆၀ ကျော်တုန်းက အာရှချန်ပီယံ၊ အာရှတခွင်ဝက်ဝက်ကွဲအောင်အောင်မြင်ကျော်ကြားခဲ့သည့်လူတစ်ယောက်၊ မြန်မာ့လက်ရွေးစင်အသင်းကို ဖိတ်ကြားခဲ့သည့်နိုင်ငံတိုင်းက ဗဟာဒူးကိုပါ ခေါ်ခဲ့ပါဟု ထည့်သွင်းပြောကြားရလောက်အောင် အောင်မြင်ကျော်ကြားခဲ့သူက ယခု(၂၀၀၀ ဝန်းကျင်)အချိန်တွင် စလင်းကွင်း၏ ကွင်းစောင့်သဘောမျိုးလောက်သာ ရှိနေတော့သည်။

ဗဟာဒူး၏ စိတ်အတွေးအာရုံတွင် တချိန်က ငါတို့ ဘယ်လိုအောင်မြင်ခဲ့တယ်၊ ဘယ်လိုဂိုးသွင်းခဲ့တယ်၊ အာရှချန်ပီယံဘယ်လိုဖြစ်အောင်ကြိုးစားခဲ့တယ်ဟူသည်များသာ ပေါ်လွင်နေပါလိမ့်မည်။ စလင်းကွင်းတွင် လာကစားသည့် ပွဲများကို သူငေးကြည့်နေမှာပါ။ ငေးကြည့်ရင်း သူတို့ ကစားခဲ့သည့်ပွဲများကို သတိရနေပါလိမ့်မည်။ ၁၉၆၆ အာရှချန်ပီယံဖြစ်တုန်းက သူ၏ ဂိုးဖြင့် ဖိုင်နယ်သို့ ရောက်ခဲ့ပုံများ၊ ချန်ပီယံဖြစ်တော့ သူ၏အသင်းဖော်များနှင့်အတူ အောင်ပွဲခံခဲ့ခြင်းများ၊ အမိမြန်မာပြည်သို့ ပြန်အလာမင်္ဂလာဒုံလေဆိပ်မှ အောင်ဆန်းအားကစားကွင်းအထိ ပရိသတ်တွေရဲ့ဆီးကြိုအောင်ပွဲခံမှုတွေနဲ့အတူ ဝမ်းနည်းဝမ်းသာဖြစ်ခဲ့ရမှုများကို မှတ်မှတ်ရရရှိနေပါလိမ့်မည်။

စလင်းကွင်းတွင် သူနေရသည့် အိမ်ကလည်း တဲအိုစုတ်ကလေးသာဖြစ်သည်။ အမိုးအကာချို့ယွင်းပျက်စီး၊ အိမ်ထောင်ပရိဘောဂကလည်း ဗလာနတ္တိ သူ့ဘဝ နောက်ဆုံးအချိန်ကို ဗဟာဒူးယင်းကဲ့သို့ဖြတ်သန်းခဲ့ရပါသည်။ မိတ်ဆွေသင်မြင်ကြည့်လိုက်ပါ။ အင်္ကျီ၊ လုံချည် ခပ်နွမ်းနွမ်း၊ အသားညိုညို အရပ် ၅ ပေ ၆ လက်မ မနိမ့်မမြင့်။ ဤကဲ့သို့ ခပ်နွမ်းနွမ်းဂေါ်ရခါးပုဂ္ဂိုလ်ကို ကွင်းထဲလာကစားသည့် လူများက အာရှလက်ရွေးစင်ဖြစ်ခဲ့ဖူးသည်ဟု အဘယ်မှာထင်မြင်ပါမည်နည်း။ ဗဟာဒူးလို့သာမပြောခဲ့လျှင် ထိုပုဂ္ဂိုလ်ကို မြင်မြင်ချင်း ကွင်းသန့်ရှင်းရေးလုပ်ရတဲ့အလုပ်သမားဟု ထင်မြင်ဖြစ်ခဲ့ပါလိမ့်မည်။

ကွင်းစောင့်သဘောမျိုးဆိုသော်လည်း အမှန်တကယ်က ကွင်းသန့်ရှင်းရေးထက်သာသည်မဆိုပါ။ ယခုလိုအချိန်မျိုးမှာသာ ဗဟာဒူးဖြစ်လာခဲ့လျှင် ပြည်ပထွက်ကစားရင်း ကမ္ဘာကျော်သွားနိုင်ပါလိမ့်မည်။ ထိုထက်ဆိုရလျှင် အင်မတန်ဆင်းရဲသည့်ယခုလိုဘဝမျိုးမဖြစ်ခဲ့ဘဲ ဘဝနောက်ဆုံးအချိန်တွင် လူတန်းစေ့နေနိုင်ခဲ့ပါလိမ့်မည်။ ဗဟာဒူးမကွယ်လွန်ခင်မှာ အာရှလက်ရွေးစင်ဘောလုံးသမားကြီးအပေါ်မှာ ချစ်ခင်လေးစားကြတဲ့ ပြည်တွင်းပြည်ပမှ မြန်မာဘောလုံးပရိသတ်များက ဗဟာဒူးလိုအပ်တာတွေကို ဝိုင်းဝန်းထောက်ပံ့ခဲ့ကြပါသည်။

အာရှလက်ရွေးစင်၊ အာရှတခွင်နာမည်ကျော်ကြားခဲ့သည့် ဗိုလ်မှူးဗဟာဒူး ၂၀၀၁ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့တွင် ကွယ်လွန်သွားသည့်အချိန်၌ ရေဝေး ခရစ်ယာန်သုဿာန်တွင် သဂြိုလ်ခဲ့ပါသည်။

ဗဟာဒူးကွယ်လွန်ခဲ့သည်ကား သြဂုတ်(၁၉) ရက်နေ့ ဆိုလျှင် ၁၉ နှစ်ပြည့်ပါပြီ။ ကောင်းရာသုဂတိကိုရောက်ပါစေလို့လည်း ဆုတောင်းလိုက်ပါသည်။ ဘဝဆက်တိုင်းလည်း (အာရှနာမည်ကြီးကစားသမားလက်ရွေးစင်၊မြန်မာ့လက်ရွေးစင်ဂန္တဝင်ကစားသမားဟောင်းကြီးဖြစ်ခဲ့ပြီးနောက်ပိုင်းလည်း) ယခုကဲ့သို့ နောက်ဆုံးအချိန်တွင် မထင်မရှားဘဝဖြင့် ဘဝနိဂုံးကို မလှမပအဆုံးမသတ်ရပါစေနဲ့လို့လည်း ကျနော်ဆုတောင်းပေးလိုက်ပါတယ်။

ရွှေခေတ်က မြန်မာဘောလုံးအသင်းအတွက် စွမ်းဆောင်ပေးခဲ့သည်များကိုလည်း ရင်ထဲကနေလှိုက်လှိုက်လဲလဲကို ကျေးဇူးတင်ဂုဏ်ပြုရင်း ချစ်ခင်မြတ်နိုးရခြင်းများ၊ လေးစားမှုပေါင်းများစွာနဲ့ အလေးပြုလိုက်ပါတယ် ဗိုလ်မှူးဆွတ်ဗဟာဒူးခင်ဗျာ….။

ဗိုလ်မှူးဗဟာဒူး

ကိုယ်ပိုင်အမှတ်(ကြည်း/၉၆၄၁)

မွေးဇာတိ – ပျော်ဘွယ်

မိဘအမည် – မစ္စတာအမ်အက်စ်သာပါး + အက်စ်ဒါရား

မွေးသက္ကရာဇ် – ၁၅.၅.၁၉၃၅

​သေဆုံးသည့်နေ့ – ၁၉.၈.၂၀၀၁

မြန်မာ့လက်ရွေးစင်အသင်းနှင့်အောင်မြင်မှုများမှာ ရွှေ ၅ ခု၊ ငွေ ၅ ခုနှင့် ကြေး ၂ခု ဆွတ်ခူးရရှိခဲ့သည်။

၁၉၆၅၊ ၁၉၆၇၊ ၁၉၆၈ ခုနှစ် ၃ကြိမ်ဆက်တိုက် အာရှလက်ရွေးစင်အဖြစ် ရွေးချယ်ခံခဲ့ရသည့် မြန်မာပြည်မှ ၁ဦးတည်းသောကစားသမားဖြစ်သည်။

၁၉၅၅ခုနှစ်မြန်မာနိုင်ငံအကောင်းဆုံးဘောလုံးသမားဆု၊ ၁၉၆၆မြန်မာပြည်အားကစားအကယ်ဒမီခေါ် အကောင်းဆုံးဆုကို ပထမဦးဆုံးရရှိခဲ့သူ၊ ၁၉၆၆ခုနှစ်အကောင်းဆုံးဘောလုံးသမားဆုကိုရရှိခဲ့သည်။

Myanmar Sport History