News

#ယူနက်စကိုမျှော်ရင်း ယိုယွင်း ပျက်စီးလာနေတဲ့ မြောက်ဦးရှေးဟောင်း အမွေအနှစ်များ 😢😢😢

မြောက်ဦးဟာ ရခိုင်သမိုင်းရဲ့ထင်ရှားတဲ့ ရှေးဟောင်းအမွေအနှစ်တွေ စုဝေးတည်ရှိနေတဲ့ မြို့တော်ဟောင်းတစ်ခု ဖြစ်ပါတယ်။

ဓညဝတီ၊ ဝေသာလီ၊ လေးမြို့၊ မြောက်ဦး စတဲ့ခေတ်ကြီးလေးခေတ်အနက် နောက်ဆုံးခေတ်ဖြစ်ပြီး လွန်ခဲ့တဲ့နှစ်ပေါင်း တစ်ထောင်လောက်က ရခိုင်ဘုရင်တွေတည်ထားခဲ့တဲ့ ရှေးဟောင်းအမွေအနှစ်တွေ၊ ဗိသုကာလက်ရာတွေနဲ့ သမိုင်းမှတ်တိုင် တွေ အထင်အရှားရှိနေတဲ့ မြို့တစ်မြို့ ဖြစ်ပါတယ်။

မြောက်ဦးလို့ ပြောလိုက်ရုံနဲ့ သျှစ်သောင်း၊ ထုက္ကန်သိမ်၊ အမ်တော်သိမ်၊ မာရ်ငါးပါးနဲ့ ကိုးသောင်းပုထိုးတော်တွေကိုပဲ လူသိများကြပါတယ်။ တကယ်တော့ မြောက်ဦးမှာ ဒီထက်မကတဲ့ ရှေးဟောင်းအမွေအနှစ်တွေ တော်တော်များများ ရှိနေတာပါ။

ဒါပေမဲ့ မြောက်မြားလှတဲ့ ဒီရှေးဟောင်းအမွေအနှစ်တွေ စုဝေးရာနေရာတွေကို လာရောက်လေ့လာသူတွေ၊ ခရီးသွားတွေနဲ့ ဘုရားဖူးသူတွေကတော့ သွားရောက်လ့လာဖို့ဆိုတာ အတော်လေး ခက်ခဲလွန်းနေပါတယ်။

တောင်တန်းတွေ အထပ်ထပ်ကြားမှာ တည်ရှိနေတဲ့မြောက်ဦးဟာ ကျုံးတွေ၊ တံတိုင်းတွေ၊ ခံတပ်တွေရဲ့အလယ်မှာ ရှိနေတာကြောင့် ဖြစ်ပါတယ်။ တောင်တန်းတွေဟာလည်း ခံတပ်တွေအဖြစ်တဲ့ ရှေးဘုရင်တွေ ဖန်တီးထားခဲ့တဲ့ နေရာတွေ ဖြစ်ကြပါတယ်။ အဲဒီတောင်တန်းတွေ တောင်ထိပ်တိုင်းမှာလည်း ဘုရားပုထိုးတွေ တည်ရှိနေပါတယ်။

လက်ရှိမှာတော့ အဲ့ဒီအမွေအနှစ်တွေ အားလုံးနီးပါးဟာ ယိုယွင်းပျက်စီးမှုတွေနဲ့ ကြုံနေရပြီး ပြုပြင်ထိန်းသိမ်းမှု အပိုင်းတွေကိုလည်း မလုပ်နိုင်တဲ့အတွက် နေ့စဉ်နဲ့အမျှ ယိုယွင်းပျက်စီးမယ့် ဘေးဘဏ်ကို ခံနေကြရတာ ဖြစ်ပါတယ်။

မြောက်ဦးရဲ့အမွေအနှစ်တွေကို ထိန်းသိမ်းမှုတွေ ပြုလုပ်နိုင်ဖို့အတွက် ယူနက်စကို (UNESCO ) အသိမှတ်ပြုခံရဖို့ ကြိုးစားနေကြတဲ့အချိန်မှာ ရခိုင်မှာဒေသတွင်း တိုက်ပွဲတွေ ပြင်းထန်လာခဲ့ပြီး လုပ်ငန်းစဉ်တွေကို ရပ်တန့်ထားကြရသလို ရှေးဟောင်းဘုရားပုထိုး ဧရိယာတွေမှာ တပ်စခန်းတွေ၊ လက်နက်ကြီးစခန်းတွေ တည်ရှိနေကာ တချို့နေရာတွေမှာဆိုရင် လက်နက်ကြီးကျည်တွေ ကျရောက် ပေါက်ကွဲတာကြောင့် ပျက်စီးထိခိုက်မှုတွေနဲ့ ကြုံနေရတာ ဖြစ်ပါတယ်။

ပျက်စီးမှုတွေကို ကြံ့ကြံ့ခံနေရတဲ့ မြောက်ဦးမြို့ကို ထိန်းသိမ်းကာကွယ်ပေးနိုင်မယ့် UNESCO အသိမှတ်ပြုခံရဖို့ ဘယ်လောက် ကြာဦးမလဲဆိုတာနဲ့ ယူနက်စကို စာရင်းဝင်ဖို့ရော နီးစပ်နေပြီလား ဆိုတာကလည်း မခန့်မှန်းနိုင်သေးတဲ့ အနေအထား ဖြစ်နေပါတယ်။

ဓာတ်ပုံ-မြင့်လွင်(ဘီဘီစီမြန်မာပိုင်း)

ဘီဘီစီမြန်မာပိုင်း