ပုသိမ်မြို့က သာသနာ့ဓမ္မဂုဏ်ရည်ဘုန်းကြီးကျောင်းကို အာဏာပိုင်တွေ ချိပ်ပိတ်
ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ အမှတ် ၁၄ ရပ်ကွက်က သာသနာ့ဓမ္မဂုဏ်ရည် ဘုန်းကြီးကျောင်းကို ဒေသန္တရ အာဏာပိုင်တွေနဲ့ တာဝန်ရှိသူတွေ ဇန်နဝါရီ ၈ ရက်မနက်မှာ လာရောက်ချိပ်ပိတ်ခဲ့ပါတယ်။
ဒီဇင်ဘာလ ၂၄ ရက်နေ့က ပြည်မြို့မှာ ဖမ်းမိတဲ့ ရခိုင်ပြည်နယ်က အထောက် အထားမဲ့ဝင်ရောက် လာသူတွေကို လိုက်ပို့ရာမှာ သုံးတဲ့ မော်တော်ယာဉ်ဟာ ဒီကျောင်းတိုက်မှာ သီတင်းသုံးနေတဲ့ ဆရာတော် ဥူးက္ကန္ဒယ ပိုင်ဆိုင်တဲ့ယာဉ်ဖြစ်ပြီး ဒီကိစ္စကြောင့် ဘုန်းကြီးကျောင်းကိုပါ ချိပ်ပိတ်တာ ဖြစ်တယ်လို့ ဆိုပါတယ်။
ချိပ်ပိတ်ခံရတဲ့ ကျောင်းမှာ သတင်းသုံးနေတဲ့ သံဃာတော်တွေနဲ့ သီလရှင်တွေမှာ ခုလို ရုတ်တရတ်ကြုံရတဲ့အခြေအနေအကြောင့် တခြားကျောင်းတိုက်တွေဆီ သွားရောက်သတင်းသုံးဖို့အတွက် လက်ခံမယ့်ကျောင်းတိုက်မရှိသေးတာကြောင့် ကျောင်းရှေ့ မျက်နှာစာ လမ်းဘေးမှာ သီတင်းသုံးခဲ့ကြပါတယ်။
ဒါကြောင့် သံဃာတွေထံ ရပ်ကွက်တာဝန်ရှိသူက လာရောက်ပြီး အဆင်ပြေမယ့်နေရာ ရွှေ့ပြောင်းဖို့ လျှောက်ထားချိန်မှာ လူစုလူဝေးပုံစံဖြစ်ပေါ်ခဲ့ပါတယ်။
နေ့လယ်ပိုင်းမှာ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ရဲတပ်ဖွဲ့မှူးနဲ့ တာဝန်ရှိသူတွေ ရောက် လာ ပြီး ချိပ်ပိတ်တဲ့လုပ်ငန်းတွေ လုပ်ဆောင်ခဲ့တာပါ။
အဲဒီနောက် ကျောင်းရဲ့ရှေ့မျက်နှာစာ လမ်းဘေးမှာ သီတင်းသုံးနေတဲ့ သံဃာတော်တွေကို အမျိုးသား ၁ ဦးက လာရောက်ပြီး ရပ်ကွက်ထဲမှာ ဘုန်းကြီးကျောင်း ၈ ကျောင်း ရှိတဲ့အထဲက အဆင်ပြေမယ့် ကျောင်းမှာ သီတင်းသုံးလို့ ရအောင် စီစဉ်ပေးမယ်လို့ လာရောက်လျှောက်ထားခဲ့ပါတယ်။
အခုချိပ်ပိတ်ခံရတဲ့ဘုန်းကြီးကျောင်းဟာ ဒေသခံတွေက စုပေါင်းအလှူငွေနဲ့ တည်ဆောက်ခဲ့တဲ့ ကျောင်းဖြစ်တာကြောင့် ပြစ်မှု ကျူးလွန်တဲ့ ဆရာတော်ကိုသာ အရေးယူတာမျိုးတွေပြုလုပ်စေချင်ပြီး ကျောင်းကိုတော့ ကျန်ရှိနေတဲ့ သံဃာတော်တွေ သီတင်းသုံးလို့ရအောင် ဖွင့်ပေးစေချင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဘီဘီစီမြန်မာပိုင်း
ဓာတ်ပုံ- Min Htet Mone / MPA