News

နယ်စပ်ဒေသမှတစ်ဆင့် တရုတ်နိုင်ငံဘက်သို့ တင်ပို့လျက်ရှိသည့် ဖရဲ၊ သခွားဈေး သိသာစွာကျဆင်း

မူဆယ်မြို့ နယ်စပ်ဒေသမှတစ်ဆင့် တရုတ်နိုင်ငံဘက်သို့ တင်ပို့လျက်ရှိသည့် ဖရဲ၊ သခွားဈေး သိသာစွာကျဆင်း

မူဆယ်၊ ဇန်နဝါရီ (၈)

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့၊ မြန်မာ-တရုတ်နှစ်နိုင်ငံ အဝင်/အထွက်ဂိတ်၊ ကျင်စန်းကျော့ဂိတ်နှင့် ဝမ်တိန်ဂိတ် တို့မှတစ်ဆင့် တရုတ်နိုင်ငံ၊ ဝမ်တိန်မြို့သို့ တင်ပို့လျက်ရှိသည့် မြန်မာနိုင်ငံ၊ ပြည်တွင်းထွက်၊ ဖရဲသီးနှင့် သခွားမွှေးအသီးအရောင်းဝယ်ရေး ဈေးကွက်သည် ဇန်နဝါရီလ(၈)ရက်နေ့တွင် သိသိသာသာကျဆင်းသွားကြောင်းမူဆယ်မြို့၊ အရှေ့မြောက်တံခါး အများနှင့်သက်ဆိုင်သော သစ်သီးရောင်းဝယ်ရေးကွင်းမှ သိရသည်။

တရုတ်နိုင်ငံ၊ ဝမ်တိန်မြို့၊ ကားဝန်းထဲ၌ ရက်ကြာပိတ်နေသည့် ခါလီယာဉ်များ ပြန်လည်ထွက်လာနိုင်ပြီးနောက် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ(၃)ရက်နေ့မှ စတင်၍ နှစ်နိုင်ငံ၊ သစ်သီးအရောင်းအဝယ်ကို ပုံမှန်ပြန်လည်တင်ပို့လျက်ရှိရာ လက်ရှိ တရုတ်နိုင်ငံဘက်တွင် နာရီပိုင်းအတွင်းရောဂါ ကူးစက်ပြန့်ပွားမှု ပိုမိုမြင့်မား လာခြင်းကြောင့် သစ်သီးဈေး ကွက် ကျဆင်းရခြင်းဖြစ်ကြောင်းသိရသည်။

“တစ်ဖက်နိုင်ငံ၊ တရုတ်နိုင်ငံဘက်မှာ နှင်းမုန်တိုင်းကျနေသလို မထင်မှတ် ထားတဲ့ ကိုဗစ်-၁၉ရောဂါကူးစက်ပြန့် ပွားမှုတွေ ထပ်မံမြင့်မားလာပြီး ဂိတ်တချို့နဲ့ မြို့တချို့တွေ အသွားအလာကန့်သတ်ထားတယ်လို့ ကြား သိရပါတယ်၊ ဒါကြောင့် ယနေ့၊ ဇန်နဝါရီလ(၈)ရက်နေ့မှာ နှစ်နိုင်ငံ၊ သစ်သီး အရောင်းအဝယ် ဈေးကွက်ဟာ သိသိသာသာကျဆင်းသွားပါတယ်၊

တရုတ်နိုင်ငံဘက်က ရောဂါကူးစက်ပြန့်ပွားမှုအပေါ် မူတည်ပြီးတော့ နောက်နေ့တွေမှာ ဘယ်မြို့တွေကို အသွားအလာကန့်သတ်မှုတွေ ထပ်မံပြုလုပ်မလဲ ဆိုတာ အတိအကျမသိနိုင် သေးဘူး၊ လောလောဆယ်မှာ တော့ အသီးဈေးကွက်က နည်းနည်းရှုပ်ထွေးတဲ့ အနေအထားဖြစ်နေ ပါတယ်”ဟု အရှေ့မြောက်တံခါးအများနှင့်သက်ဆိုင်သော သစ်သီးရောင်းဝယ် ကွင်းမှ မန်နေဂျာ ဦးဝင်းတိုးက ပြောကြားသည်။

နှစ်နိုင်ငံသစ်သီးအရောင်းအဝယ်ပြုလုပ်ရာ၌ သီးသစ်အရည်အသွေးပေါ် မူတည်၍ ဈေးကောင်းရနေသလို အချိန်နှင့်အမျှအပြောင်းအလဲဖြစ်နေကြောင်း သိရပြီး မြန်မာနိုင်ငံဘက်မှ တင်ပို့လျက်ရှိသည့် သစ်သီးဈေးကွက်ကို တရုတ်နိုင်ငံ၊ ဝမ်တိန်မြို့တွင် အရောင်းအဝယ်ပြုလုပ်ခြင်းဖြစ်သည်။

လက်ရှိ သစ်သီးအရောင်းအဝယ်ဈေးကွက်၌ (855) (အစီးပြတ်၊ တရုတ်ယွမ်ငွေ (၁) သောင်းမှ (၃)သောင်းယွမ် အထိ)၊ ထျန့်ဝမ်ဖရဲထိပ်စ (တစ်တန်လျှင် တရုတ်ယွမ်ငွေ(၃)ထောင်မှ (၅)ထောင်ယွမ် အထိ)၊ အစေ့မဲ့ (တစ်တန်လျှင် တရုတ်ယွမ်ငွေ (၂)ထောင်မှ (၃)ထောင်ယွမ်အထိ)၊ ရွှေသခွား (တစ်တန်လျှင် တရုတ်ယွမ်ငွေ (၂)ထောင်မှ (၃)ထောင်ယွမ်အထိ)၊ ပိုက်/ဝူခုံး ထိပ် စသီး (တစ်တန်လျှင် တရုတ်ယွမ်ငွေ (၁၅၀၀) မှ (၂၅၀၀) ယွမ်အထိ) အသီးသီးဈေး ရရှိကြောင်း သိရသည်။

သစ်သီးဈေးကွက်ကို ထိန်းသိမ်းထားသည့် အနေဖြင့် မူဆယ်မြို့၊ အရှေ့မြောက် တံခါးသစ်သီးကွင်းမှ သစ်သီးကုန်တင်ယာဉ်များကို စိစစ်ထိန်းသိမ်း၍ စနစ်တကျစေလွှတ်ပေးလျက်ရှိပြီး လက်ရှိ သစ်သီးကွင်း၌ သစ်သီးယာဉ် အစီးရေ စုစုပေါင်း(၅၀၀)ခန့် ရှိကြောင်း သိရသည်။

Ref; ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)

#Source From; MOI Webportal Myanmar