News

‘ဝ’ ဒေသက ပန်ခမ်းမြို့ကို လော့ခ်ဒေါင်း ချလိုက်ပြီ

‘ဝ’ ဒေသက ပန်ခမ်းမြို့ကို လော့ခ်ဒေါင်း ချလိုက်ပြီ

တောင်ကြီး၊ ဇန်နဝါရီ ၇

Covid-19 ကူးစက်ရောဂါ ကာကွယ် ကုသရေး အတွက် တို့ဖတ်နမူနာတွေ စိစစ်နိုင်ဖို့ ‘ဝ’ ဒေသက ပန်ခမ်းမြို့ကို လော့ခ်ဒေါင်း ချလိုက်ပြီ ဖြစ်တယ်လို့ သတင်းရရှိပါတယ်။

အဲဒီကိစ္စနဲ့ ပတ်သက်ပြီး လားရှိုးမြို့က UWSA ဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရန်းက “မှန်ပါတယ်၊ ပန်ခမ်းမြို့ကို ဇန်နဝါရီ ၆ ရက်ညက လော့ခ်ဒေါင်း ချလိုက်ပါပြီ။ တို့ဖတ် နမူနာတွေကို စိစစ်နိုင်ဖို့ပါ” လို့ ရွှေတြိဂံဒေသ သတင်းဌာနကို ပြောပေမယ့် ဒီလော့ခ်ဒေါင်းဟာ ဘယ်လောက်ကြာမယ် ဆိုတာကိုတော့ ပြောကြားခြင်း မရှိပါဘူး။

လက်ရှိ ‘ဝ’ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသမှာ Covid- 19 ရောဂါပိုး ကူးစက်ခံရသူ ၁၅၃ ဦး ရှိသွားပြီလို့ ‘ဝ’ ဒေသ ကျန်းမာရေး ဦးစီးဌာနက ဇန်နဝါရီ ၆ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

ဇန်နဝါရီ ၆ ရက်နေ့၊ နံနက် ၁၁ နာရီအထိ ပန်ခမ်းမြို့မှာ စုစုပေါင်း လူ ၂၄၅၃၁ ဦးရဲ့ တို့ဖတ် နမူနာတွေ ရယူ စစ်ဆေးခဲ့ပြီး ဖြစ်သလို ‘ဝ’ တစ်နယ်လုံး အနေနဲ့ စုစုပေါင်း လူ ၁၁၁၁၄၈ ဦးကို စစ်ဆေးပြီးခဲ့ပြီလို့လည်း ထုတ်ပြန်ချက်က ဆိုပါတယ်။

လက်ရှိ ပန်ခမ်းမြို့တွင်းမှာ အတည်ပြုလူနာ စုစုပေါင်း ၃၅ ဦး၊ မိုင်းပေါက်ခရိုင်မှာ ၁၁၈ ဦး ရှိနေပြီး လူနာ အားလုံးကို တရုတ်နိုင်ငံ၊ မုံးလင်မြို့ ကြက်ခြေနီအသင်းက ဆေးဝါးကျွမ်းကျင် ပညာရှင်တွေနဲ့ ‘ဝ’ ဒေသ ကျန်းမာရေးဌာန ရောဂါကာကွယ် ထိန်းချုပ်ရေးအဖွဲ့တွေ ပူးပေါင်းပြီးတော့ ဆေးကုပေးနေကာ လူနာအားလုံး ကျန်းမာရေး ကောင်းမွန်နေသလို သေဆုံးသူလည်း မရှိဘူးလို့ သိရပါတယ်။

ဇန်နဝါရီ ၆ ရက်၊ မနေ့ကတော့ အတည်ပြုလူနာသစ် မရှိဘူးလို့ ‘ဝ’ ဒေသ ကျန်းမာရေးဌာန ရောဂါကာကွယ် ထိန်းချုပ်ရေး အဖွဲ့က ထုတ်ပြန်ထားပါတယ်။

သတင်း- အောင်ခိုင်ညွန့်

ဓာတ်ပုံ- ဦးညီရန်း။

ပုံစာ- ဇန်နဝါရီလ ၆ ရက်နေ့က မြင်တွေ့ရတဲ့ ‘၀’ ဒေသမြင်ကွင်း။

Golden Triangle Regional News