ဗဟုသုတ

ဘုရားကျောင်းဆောင်ကို အောက်ထပ်၌ ထားကောင်းပါသလား ဘုရားခန်းနှင့် အောက်ထပ်

ဘုရားကျောင်းဆောင်ကို အောက်ထပ်၌ ထားကောင်းပါသလား

ဘုရားခန်းနှင့် အောက်ထပ်

မေး = အောက်ထပ် အိမ်ထောင်စုများ၌ ဘုရားခန်းထား၍ ကိုးကွယ်ရာ အပေါ်ထပ် အိမ်ထောင်စုတို့၏ အောက်မှာဖြစ်နေတတ်၍ ဘုရားခန်း၏ အပေါ်၌ သွားလာနေထိုင်သူများမှာ အပြစ်ရှိပါသလား။ သို့မဟုတ် အောက်ထပ်၌ သွားလာနေထိုင်သူများမှက အပြစ်ရှိပါသလား ဖြေကြားပေးပါရန် လျှောက်ထားအပ်ပါသည်ဘုရား။

ဒေါ်တင်တင်၊ ရန်ကင်း။

{ ရေးသားဖြေဆိုသူ – ရဝေထွန်း

(ပါရမီစာပေမှ ထုတ်ဝေသော၊ ရဝေထွန်း၏ ဘာသာရေးပြဿနာများ

အတွဲ ၁ မှ ၅ အထိ ပေါင်းချုပ်စာအုပ်မှ ဖြစ်ပါသည်။ }

ဖြေ = အထက်ထပ်၌ နေသည် ဖြစ်စေ၊ အောက်ထပ်၌ နေသည်ဖြစ်စေ ဗုဒ္ဓရှင်တော်မြတ်ဘုရား၌ ကြည်ညို ကိုးကွယ်ကြသော ဗုဒ္ဓဘာသာ၀င်များပီပီ ဘုရားခန်းကို တခမ်းတနားထား၍ ကိုးကွယ်ကြသော ဓမ္မတာ ဖြစ်ရသည်။

အောက်ထပ်ဖြစ်၍ ဘုရားခန်း မထားသင့်၊ မကိုးကွယ်သင့်ဟူ၍ မဖြစ်သင့်ပါချေ။ မိမိတို့ နေထိုင်ရာနေရာ၌ အထွတ်အမြတ်ဆုံးထား၍ ကိုးကွယ်ကြရန်သာဖြစ်ပါသည်။ ဤသို့ အောက်ထပ်၌ ဘုရားထား၍ ကိုးကွယ်ခြင်းကြောင့် အထက်ထပ်၌ နေထိုင်သူတို့အတွက်လည်း မရိုမသေပြုမူသည်မမည်။ ပကတိနေမြဲအတိုင်းနေပါ။ အပြစ်ဖြစ်စရာ အကြောင်းမရှိပေ။

သာဓက အနေဖြင့် ဆိုရသော် ဥတ္တရာသတို့သမီးသည် မိမိခင်ပွန်းဖြစ်သူက ဗုဒ္ဓရှင်တော်မြတ်အား ကိုးကွယ်သူမဟုတ်၍ ခင်ပွန်းဖြစ်သူအား မိမိကိုယ်စား သီရိမာကို အထက်ထပ်၌ ပြုစုလုပ်ကျွေးစေခဲ့သည်။

မိမိက အောက်ထပ်သို့ ဆင်းလာပြီး ဘုရားအမှူးရှိသော သံဃာတော်တို့အား ခုနှစ်ရက်ပတ်လုံး ပင့်ဖိတ်၍ ဆွမ်းလုပ်ကျွေးခဲ့လေသည်။ မြတ်စွာဘုရားကိုယ်တော်တိုင်လည်း ဥတ္တရာရှိရာ ပြသာဒ် အောက်ထပ်၌ ကြွရောက်ချီးမြှင့်ခဲ့ပါသည်။

ထို့ကြောင့် အိမ်အောက်ထပ်၌ နေထိုင်သော်လည်း ဘုရားခန်း ထား၍ ကိုးကွယ်သင့်သည်သာ ဖြစ်ပါ၏။ ဘုရားခန်းသို့ အမှုအမှိုက်များ မကျရောက်နိုင်ရန် အ၀တ်မျက်နှာကြက် စသည် လှလှပပ ပြုလုပ်ပူဇော်ထားကြရန်ကား လိုပေလိမ့်မည်။

ရဝေထွန်း

photo – credit