တရုတ်နိုင်ငံမြောက်ပိုင်း၌ လော့ဒေါင်းချ
တရုတ်နိုင်ငံမြောက်ပိုင်း ပေကျင်းမြို့တော်အနီးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု နှစ်ဆတိုးလာလို့ လော့ဒေါင်းချထား လိုက်ပါပြီ။ပေကျင်းမှာက နောင်နှစ် ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲ ကျင်းပဖို့ရှိပါတယ်။
လူဦးရေ ဆယ်သန်းရှိတဲ့ Hebei ဒေသမြို့တော် Shijiazhuang နဲ့ ရထားလမ်း၊ အဝေးပြေးကားလမ်းနဲ့ လေကြောင်းလမ်း အားလုံး ပိတ်ထားလိုက်ပြီး တောရောမြို့ပါ စည်းကမ်းထိန်းချုပ်မှု တင်းကျပ်ထားပါပြီ။
ကျောင်း၊ တက္ကသိုလ်၊ ဈေးဆိုင်၊ စားသောက်ဆိုင် အားလုံးပိတ်လိုက်လို့ လမ်းတွေထဲ လူသူကင်းမဲ့နေတာကို အစိုးရပိုင် CCTV ရုပ်သံသတင်းမှာ တင်ပြသွားပါတယ်။
မြို့နေလူအားလုံးကို ဗိုင်းရပ်စ်ရှိမရှိ စစ်ဆေးနေပြီး ဗုဒ္ဓဟူးနေ့ထိ လူနှစ်သန်းကို စစ်ဆေးပြီးပြီလို့ CCTV သတင်းက ဆိုပါတယ်။
Hebei ဒေသမှာ ကူးစက်မှုအသစ် ၅၁ ခု ထပ်တွေ့လို့ စုစုပေါင်း ၉၁ ခုရှိသွားပြီလို့ နိုင်ငံကျန်းမာရေးကော်မရှင်က ကြေညာပါတယ်။
ပေကျင်းမြို့တော်နဲ့ ကပ်ရက်ဖြစ်တဲ့ Hebei မှာ ၂၀၂၂ ဆောင်းရာသီ အိုလံပစ် ကျင်းပဖို့ရှိပြီး တချို့ပြိုင်ပွဲတွေကို Shijiazhuang ကျင်းပဖို့ စီစဉ်ထားတာပါ။
မြောက်ပိုင်းက Liaoning ဒေသမှာလဲ Shenyang နဲ့ Dalian မြို့တို့မှာလဲ အလားတူ စည်းကမ်းတင်းကျပ်ထားပါပြီ။
ကူးစက်မှုလှိုင်း ထပ်ဖြစ်မှာကို စိုးရိမ်လို့ လာမဲ့ တရုတ်နှစ်သစ်ကူးနဲ့ ကျောင်းပိတ်ရက်မှာ ခရီးသွားလာမှုတွေကို တားမြစ်ထားပါတယ်။
Worldometers စာရင်းအရ လူဦးရေ သန်း ၁၄၀၀ နီးပါးရှိတဲ့ တရုတ်နိုင်ငံမှာ ဒီနေ့ ဗိုင်းရပ်စ်ကူးစက်သူ (+၆၃)ဦးရှိပြီး သေဆုံးသူ မရှိပါဘူး။ အားလုံးပေါင်းဆိုရင် ကူးစက်သူ ရှစ်သောင်းကျော် (၈၇၂၇၈)ရှိနေပြီး သေဆုံးသူက (၄၆၃၄)ရှိနေပါတယ်။
တဖက်မှာလည်း ပြည်တွင်းထုတ် Sinopharm ကိုဗစ်ကာကွယ်ဆေးကို စတင်ထိုးပေးနေပြီး ဖေဖေါ်ဝါရီလလယ် တရုတ်နှစ်ကူအမီ လူပေါင်း သန်း ၅၀ လောက်ကို ထိုးပေးမယ်လို့ တာဝန်ရှိသူတွေကပြောဆိုထားပါတယ်။
Source : AP
@One News Myanmar
မှကူးယူဝေမျှဖော်ပြပါသည်။