News

“ကိုဗစ်ကာကွယ်ဆေးဝယ်ယူဖို့ နိုင်ငံတော်သို့ ငွေကျပ် (၂)ဘီလီယံ လှူဒါန်းလိုက်ပြန်တဲ့ ဦးဇော်ဇော်”

မြန်မာနိုင်ငံ ကိုဗစ်တိုက်ဖျက်ရေးမှာ အစစ အရာ ကူညီနေတဲ့ ဦးဇော်ဇော်ကတော့ ကိုဗစ်ကာကွယ်ဆေး ဝယ်ယူဖို့အတွက် ထပ်မံလှူဒါန်းလိုက်ပြန်ပါပြီ…

ဦးဇော်ဇော်က သူရဲ့ FB အကောင့်မှာ ယခုလိုဖော်ပြထားပါတယ်

“Covid-19 ကပ်ရောဂါကာကွယ်ဆေး ဝယ်ယူရန်အတွက် နိုင်ငံတော်သို့ ငွေကျပ် (၂)ဘီလီယံ လှူဒါန်း

Covid-19 ကပ်ရောဂါကာကွယ်ကုသရေးအတွက် ဧရာဝတီဖောင်ဒေးရှင်းအနေဖြင့် အတတ်နိုင်ဆုံးကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး Covid-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီမှ စီမံဆောင်ရွက်လျက်ရှိသော ကာကွယ်ဆေးဝယ်ယူနိုင်ရန် အတွက်ကိုလည်း ငွေကျပ် (၂)ဘီလီယံကို လှူဒါန်းခဲ့ပါသည်။

Covid-19 ကပ်ရောဂါကို ကျော်လွှားနိုင်ရန်အတွက် နိုင်ငံတော်အစိုးရ၊ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနတို့၏ ဦးဆောင်မှုဖြင့် ကျရာနေရာမှ အားလုံးနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။

ကမ္ဘာသူကမ္ဘာသားများအနေဖြင့် ကပ်ရောဂါအမြန်ဆုံးကင်းစင်၍ လူသားတို့၏ ပုံမှန်ဘဝကို ပြန်လည်ရရှိပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။”ဆို ပြီးဖော်ပြထားပါတယ်ဗျ

ဆက်လက်ပြီး သူ့ရဲ့ အကောင့်မှာ

“၂၀၂၀ခုနှစ်မှာ ကိုဗစ်ကပ်ဆိုးကြောင့် အခက်အခဲတွေကြုံခဲ့ရပေမယ့် ကိုယ်ကျိုးစွန့်အနစ်နာခံခဲ့ကြတဲ့ ဆရာဝန်၊ ဆရာမ၊ စေတနာ့ဝန်ထမ်းတွေရယ် သဒ္ဓါတရားထက်သန်တဲ့ အလှူရှင်တွေရယ် လူသားဆန်တဲ့ ခံယူချက်နဲ့ အတူ ပူးပေါင်းဆောင်ရွက်ခွင့်ရခဲ့ပါတယ်။ ကပ်ရောဂါကို ခုခံတွန်းလှန်နိုင်ဖို့အတွက် ဧရာဝတီဖောင်ဒေးရှင်းအနေနဲ့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီး အတတ်နိုင်ဆုံးကြိုးပမ်းဆောင်ရွက်ခဲ့ပါတယ်။

စေတနာရှင် အလှူရှင်တို့ရဲ့ (၅.၇)ဘီလီယံနဲ့ မိမိလှူဒါန်းငွေ (၁၅.၅)ဘီလီယံ စုစုပေါင်း (၂၁.၂)ဘီလီယံအထိ သုံးစွဲခဲ့ပါတယ်။ ငွေကြေးသုံးစွဲမှုများနဲ့ ပတ်သက်လို့ ပြင်ပစာရင်းစစ်များနဲ့ စစ်ဆေးပြီး ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ပေးသွားမှာ ဖြစ်ပါတယ်။

တန်ဖိုးရှိတဲ့ လူသားအရင်းအမြစ်တွေ ပေါင်းစပ်ကြိုးပမ်းခဲ့မှုနဲ့အတူ ဧရာဝတီစင်တာအနေနဲ့ ကိုဗစ်လူနာပေါင်း (၁၀၀၀၀)ကျော်ကို လက်ခံကုသပေးနိုင်ခဲ့ပြီး (၂၀၀၀၀)ကျော်ကို ပိုးရှိမရှိစစ်ဆေးပေးနိုင်ခဲ့ပါတယ်။ မဆုတ်မနစ်ကြိုးပမ်းကုသမှုတွေကြားမှာပဲ အသက်ပေါင်း (၂၇၀)ကျော် မလွဲမရှောင်သာ လက်လွှတ်ဆုံးရှုံးခဲ့ရပေမယ့် အရေးပေါ်လူနာတွေအပါအဝင် ကုသမှုခံယူသူ (၉၀၀၀)နီးပါး ကျန်းမာစွာနဲ့ နေအိမ်ပြန်နိုင်ဖို့ စောင့်ရှောက်ပေးနိုင်ခဲ့ပါတယ်။

လူ့ဘဝခဏတာရှင်သန်ချိန်မှာ ဒုက္ခ၊ အခက်အခဲဆိုတာ မလွဲမသွေ ရင်ဆိုင်ကြုံတွေ့ရမှာဖြစ်ပြီး နှစ်သစ်အချိန်အခါတစ်ခုတည်းမဟုတ်ဘဲ အချိန်တိုင်းမှာ တစ်ဦးကိုတစ်ဦး စာနာနားလည်ခွင့်လွှတ်စိတ်နဲ့ ပူးပေါင်းဆောင်ရွက်ပြီး လူသားအားလုံးအတွက် လှပတဲ့အနာဂတ်ကို ဖော်ဆောင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။

U Zaw Zaw Fb