#နိုင်ငံအချို့မှာဖြစ်ပွားနေသည့် ကူးစက်မြန်ဗိုင်းရပ်စ်ပိုးက မြန်မာနိုင်ငံကို တံခါးလာခေါက်နေပြီလို့ ရန်ကုန်တိုင်းကျန်းမာရေးဦးစီးမှူးပြော
ဗြိတိန်နိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအချို့မှာ ဖြစ်ပွားလျက်ရှိသည့် မျိုးဗီဇပြောင်း ကူးစက်မြန်ဗိုင်းရပ်စ်ပိုးသည် မြန်မာနိုင်ငံကို တံခါးလာခေါက်နေပြီဖြစ်တယ်လို့ ရန်ကုန်တိုင်း ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်က သတိပေးပြောကြားလိုက်ပါတယ်။
ယနေ့ ဇန်နဝါရီလ ၅ရက်နေ့ နံနက်ပိုင်းအချိန်က မြောက်ဥက္ကလာပမြို့နယ်ရှိ ဝေဘာဂီဆေးရုံကြီးမှာ အေးရှားဝေါလ်ဖောင်ဒေးရှင်းက ဆောက်လုပ်လှူဒါန်းသည့် ကုတင် ၁၀၀ဆံ့ အဆင့်မြင့်ဆေးရုံသစ်ကြီး ပန္နက်တင်အခမ်း အနားမှာ ဒေါက်တာထွန်းမြင့်က သတင်းမီဒီယာများရဲ့ မေးမြန်းမှုများကို ပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။
“ဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ်က အလွန်မြန်ပါတယ်။ အိမ်နီးချင်းနိုင်ငံတွေလည်း ရောက်နေပြီ၊ ကျွန်တော်တို့ကို လည်း တံခါးလာခေါက်နေပါပြီ။ ပထမလှိုင်းတုန်းကလို တင်းတင်းကျပ်ကျပ်ဆောင်ရွက်မယ်။ ပြည်သူကလည်း ပူးပေါင်းဆောင်ရွက်ရမှာပါ”လို့ ၎င်းက ပြောပါတယ်။
ထို့အတွက်ကြောင့် ပြည်သူလူထုအနေနဲ့ တတိယလှိုင်းကို မခံစားရစေရန် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်သွား ရမှာဖြစ်ကြောင်းနဲ့ ထိုကူးစက်မြန်ဗိုင်းရပ်စ်ပိုးသည် ဒီဇင်ဘာလဆန်းပိုင်းမှစတင်ကာ ယူကေမှာစတင်ဖြစ်ပေါ်ခဲ့ ပြီးနောက် အရှေ့တောင်အာရှမှ နိုင်ငံအချို့မှာ ထပ်မံတွေ့ရှိလာခဲ့တယ်လို့ သိရပါတယ်။
ထိုသို့ ယူကေအပါအဝင် ကမ္ဘာ့နိုင်ငံအချို့မှာ ဖြစ်ပွားလျက်ရှိသည့် မျိုးဗီဇပြောင်းဗိုင်းရပ်စ်ပိုးသည် မြန်မာနိုင်ငံမှာ ရှိမရှိ ဓါတ်ခွဲစစ်ဆေးမှုများပြုလုပ်ခဲ့ရာမှာ မရှိသေးကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားပါတယ်။
အင်္ဂလန်နိုင်ငံမှစတင်ပြီး ကူးစက်လာသည့် ကူးစက်နှုန်းမြန်ဗိုင်းရပ်စ်ပိုးသည် မြန်မာနိုင်ငံသို့ ရောက်ရှိလာပါက နည်းလမ်းနှစ်သွယ်ဖြင့် ပြင်ဆင်ဆောင်ရွက်ထားရှိကြောင်းလည်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားထားတာဖြစ်ပါတယ်။
Credit –
#MyanmaPlatForm