ဗဟုသုတ

အပြစ်တင်ခြင်းထက် အရေးကြီးသော အရာများ

အပြစ်တင်ခြင်းထက် အရေးကြီးသော အရာများ

ကျွန်တော့်အမေက ဟင်းချက်အရမ်းကောင်းတယ်ဗျ။ အမြဲတမ်းလည်းပဲ စားလို့ကောင်းမယ့် ဖွယ်ဖွယ်ရာရာလေးတွေ ချက်လေ့ရှိတယ်။ တစ်ညနေမှာတော့ အမေဟင်းချက်တာ အရမ်းတူးနေတယ်ဗျာ။ မသိမသာလေး တူးနေတာမဟုတ်ဘူး။မြင်ရုံနဲ့တင် တူးနေမှန်း သိရလောက်အောင်ကို တူးနေတာ။ တူးနံ့တွေလည်း ထွက်လို့ပေါ့။

ကျွန်တော်လည်း ညနေစာ ထမင်းဝိုင်းမှာ အဖေဘာပြောမလဲဆိုတာ စိုးရိမ်ရင်းပေါ့။ ဒါပေမယ့် အဖေက ကျွန်တော် ထင်ထားသလို မဟုတ်ဘူးဗျ။

အဖေဟာ တူးမှန်းသိရက်ကြီးနဲ့ ဟင်းတွေကို ခါတိုင်းလိုပဲ မြိန်ရေရှက်ရေ စားလိုက်တယ်။ စားနေရင်းနဲ့မှ “မိန်းမရေ.. မင်း ဒီနေ့အဆင်ပြေရဲ့လားကွာ.. တစ်ခုခုဖြစ်ရင်လည်း ငါ့ကိုပြောဦးနော်” အဲ့လိုအစချီပြီး အမေ့ကို ကြင်ကြင်နာနာ စကားတွေပြောရင်း ညနေစာထမင်းဝိုင်းလေး ပြီးသွားရောပေါ့။

ပြီးတော့မှ ကျွန်တော့် အဖေ့ကို မေးမိတယ်။ “ဘာလို့ ဒီလောက်တူးနေတဲ့ ဟင်းတွေကို မြိန်ရေရှက်ရေ စားနေတာတုန်း” ပေါ့။ ဒီတော့မှ အဖေက ပြုံးပြီး “မင်း အမေမှာလည်း စိတ်ညစ်စရာတွေ ရှိမှာပေါ့ကွာ။ သူ့မိသားစုနဲ့ ပတ်သက်တာတွေ၊ မင်းတို့ ပညာရေးနဲ့ ပတ်သက်တာတွေနဲ့။ ဒီတော့ အတွေးတွေလွန်ပြီး အမှားလုပ်မိနိုင်တာပေါ့”။

“အဖေ့အနေနဲ့ကတော့ သူလုပ်မိတဲ့ အမှားသေးသေးလေးကို လက်ညှိုးထိုးပြီး ပြောဖို့ထက်ကို သူဖြစ်နေတဲ့အရာတွေကို အာရုံစိုက်ဖို့က ပိုအရေးကြီးတယ်လို့ ထင်တာပဲလေ”။ အဖေ့ရဲ့စကားအဆုံးမှာ ကျွန်တော်တစ်ခု သိလိုက်တယ်။

ကျွန်တော်တို့တွေဟာ အရေးကြီးတဲ့အရာတွေထက်ကို အမှားတွေကိုပိုပြီး အာရုံစိုက်မိတတ်ကြတယ်။ ဘာလို့မှားတာလဲ ဆိုတဲ့ အကြောင်းအရာထက်စာရင် အမှားလုပ်ရင် အပြစ်ရှိတယ်ဆိုတဲ့ အတွေးကို ပိုတွေးမိတတ်ကြတယ်။ အဲဒီ့နေ့ ညနေခင်းထမင်းဝိုင်းလေးဟာ ကျွန်တော့်အတွက် တွေးစရာတစ်ခု၊ အသိတစ်ခု ရဖြစ်ခဲ့ပါတယ်။

Crd …

online book