ပဲခူးအကျဉ်းထောင်တွင် သေဆုံးသွားသော အကျဉ်းသားထံတွင် ကိုဗစ် ရောဂါတွေ့ရှိခဲ့ပြီး အခြား အကျဉ်းသား ၅၀ တွင်လည်း ထပ်မံတွေ့ရှိ
ပြည်၊ ဇန်နဝါရီ ၂၊ ၂၀၂၁။
ပဲခူးအကျဉ်းထောင်တွင် ဇန်နဝါရီ ၁ ရက်က အကျဉ်းသားတဦးနေမကောင်းသောကြောင့် ဆေးရုံပို့ရန်ပြင်ဆင်နေစဥ် သေဆုံးခဲ့ပြီး ကိုဗစ်-၁၉ စစ်ဆေးခဲ့ရာ ရောဂါပိုးတွေ့ရှိခဲ့ကြောင်း ပဲခူးတိုင်းကျန်းမာရေးဦးစီးမှူး ဒေါက်တာရန်နိုင်မောင်ထံက သိရသည်။
ရောဂါပိုးတွေ့ရှိခဲ့သောကြောင့် အကျဉ်းထောင်အတွင်း လိုအပ်သည့် စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ နောက်ထပ် အကျဉ်းသား ၅၀ ဦးတွင် ရောဂါပိုးထပ်မံတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ဒေါက်တာရန်နိုင်မောင် က ပြောသည်။
၎င်းထောင်အတွင်း လူများနေသောကြောင့် လက်ရှိတွင် ထောင်မှတာဝန်ရှိသူများနှင့် ကျန်းမာရေးဌာနတို့ ပူးပေါင်းကာ ဆက်လက်မပြန့်ပွားစေရေးနှင့် ထိထိရောက်ရောက် ကာကွယ်နိုင်ရန် အကျဉ်းသား ၁၆၇ ဦးကို ဒိုက်ဦးအကျဉ်းထောင်သို့ ပို့ဆောင်ထားကြောင်း သိရသည်။
သတင်းနှင့် ဓာတ်ပုံ – ဘမောင်(ပဲခူး)
#မြေလတ်အသံ