News

သက်ရှိမျိုးစိတ် အများစုဟာ လူတွေရဲ့ အကူအညီမပါပဲ ပင်လယ်တွေ၊ နယ်စပ်မျဥ်းတွေ ဖြတ်ကျော်ပြီး ခရီးဝေးဝေး မရောက်နိုင်

Why invasive species?

သက်ရှိမျိုးစိတ် အများစုဟာ လူတွေရဲ့ အကူအညီမပါပဲ ပင်လယ်တွေ၊ နယ်စပ်မျဥ်းတွေ ဖြတ်ကျော်ပြီး ခရီးဝေးဝေး မရောက်နိုင်ဘူး။

အဲလိုရောက်ရှိသွားပြီဆိုရင်တော့ ကျူးကျော်မျိုးစိတ် (invasive species)လို့ သတ်မှတ်နိုင်ပြီ။ ကျူးကျော်မျိုးစိတ်ဆိုတတိရစ္ဆာန်တမျိုးထဲကို ဆိုလိုတာ မဟုတ်ဘူး။ အပင်လဲ ဖြစ်နိုင်သလို မှိုတွေ၊ ဘက်တီးရီးယားတွေလဲ ဖြစ်နိုင်တယ်။

ကျူးကျော်မျိုးစိတ်မှာ လူတွေက တမင်တကာ ခေါ်ဆောင်လာတဲ့ အလှမွေးငါး၊ တွားသွားသတ္တဝါနဲ့ အပင်တွေ ရှိသလို မရည်ရွယ်ပဲ ရောက်လာတဲ့ မျိုးစိတ်​တွေလဲ ရှိတယ်။

သင်္ဘောတွေဟာ ပင်လယ်ထဲ ဟန်ချက်ညီညီ ခုတ်မောင်းနိုင်ဖို့ ဝမ်းဗိုက်ထဲ ရေလှောင်ကန်ကြီးတွေ သယ်ဆောင်ထားရတယ်။ အဲဒီရေလှောင်ကန်ကြီးတွေထဲက ရေဟာ အသေ မဟုတ်ဘူး။ ကုန်ပစ္စည်း အလေးချိန်ပေါ် မူတည်ပြီး အပြောင်းအလဲရှိတယ်။

ကုန်ပစ္စည်းများများ တင်ဆောင်ထားရင် ရေနည်းနည်းသာ ဖြည့်ဖို့လိုပြီး ကုန်ပစ္စည်းမပါ ခါလီသွားရတဲ့အခါမျိုးမှာ ရေအပြည့်နီးပါး ဖြည့်ထားဖို့လိုတယ်။ ဒါမှသာ လိုအပ်တဲ့ ဟန်ချက်ညီမှုကို ရရှိနိုင်တယ်။

ဆိပ်ကမ်းမှာ ကုန်ချပြီးနောက် သင်္ဘောဟာ အလေးချိန် လျော့သွားပြီး ရေပေါ်ပေါ်လာတယ်။ ဒီတော့ လိုအပ်တဲ့ ဟန်ချက်အနေအထားရောက်ဖို့ ဝမ်းဗိုက်ထဲ ရေတွေ အစားပြန်ဖြည့်ရတယ်။ အဲဒီနောက် ပင်လယ်ကိုဖြတ်ပြီး နောက်ဆိပ်ကမ်းတစ်ခုဆီ သွားတယ်။ နောက်ရောက်တဲ့ ဆိပ်ကမ်းမှာ ကုန်ပြန်တင်မှာမို့ ဝမ်းဗိုက်ထဲက ရေကို ပြန်ထုတ်ရ​​ပြန်တယ်။

အဲဒီမှာ ပြဿနာ စတာပဲ။ ဟိုဘက်ဆိပ်ကမ်းက သယ်လာတဲ့ရေကို ဒီဘက်ဆိပ်ကမ်းမှာ ပြန်ထုတ်လို့ မရဘူး။ ထုတ်တော့ ဘာဖြစ်လဲ။ ထုတ်ရင် အဖမ်းခံရမယ်။ ရေလေးထုတ်တာ ဖမ်းစရာလား။

သင်္ဘောဝမ်းဗိုက်ထဲက ရေမှာ ထောင်ပေါင်းများစွာသော သက်ရှိမျိုးစိတ်တွေ ပါလာတယ်။ ဘက်တီးရီးယားတွေ၊ သေးငယ်တဲ့ ကျောရိုးမဲ့သတ္တဝါတွေ၊ အခြားရေနေသတ္တဝါတွေရဲ့ မျိုးဥ၊ သားလောင်းတွေပေါ့။ ၎င်းသက်ရှိတွေဟာ အခြားတစ်နိုင်ငံရဲ့ ရေပိုင်နက်ထဲ ရောက်တဲ့အခါ ဒေသမျိုးရင်း သက်ရှိတွေကို ဒုက္ခပေးတယ်။ ၎င်းဒေသရဲ့ ဂေဟစနစ်ကို ပျက်စီးစေတယ်။

ဒီပြဿနာကို ဖြေရှင်းဖို့ သင်္ဘောတွေဟာ ပင်လယ်ထဲရောက်ရင် ရေကို အလဲအလှယ် လုပ်ရတယ်။ တဖက်ဆိပ်ကမ်းက သယ်ဆောင်လာတဲ့ ရေချိုတွေကို စွန့်ထုတ်ပြီး ပင်လယ်ရေနဲ့ အစားထိုးတယ်။ အဲဒီမှာ ရေချိုနေ သက်ရှိမျိုးစိတ်တွေဟာ ရေငန်နဲ့တွေ့ပြီး သေတယ်။

ဒီလိုပဲ လဲလှယ်ထားတဲ့ ပင်လယ်ရေကို နောက်ဆိပ်ကမ်းရောက်တော့ ​ပြန်ထုတ်တယ်။ ရေငန်နေ မျိုးစိတ်တွေက ရေချိုနဲ့တွေ့ရင် သေတယ်။ ဒါကြောင့် ကျူးကျော်မျိုးစိတ်ဆိုတာ ဖြစ်မလာတော့ဘူး။

အကုန်အကျခံနိုင်တဲ့ သင်္ဘောပိုင်ရှင်တွေက ballast water treatment plant တပ်ကြတယ် (နောက်ပိုင်း ဥပဒေအရ သင်္ဘောတိုင်း မဖြစ်မနေ တပ်ရတော့မယ်)။ နည်းပညာသုံးပြီး သင်္ဘောဝမ်းဗိုက်ထဲက အကောင်တွေ သတ်တာပေါ့။

UV rays ဖြတ်တာ၊ ultrasonic ဖြတ်တာ၊ အောက်စီဂျင် ဖယ်ထုတ်တာ၊ ဓာတုပိုးသတ်ဆေးရည်သုံးတာ စသဖြင့်ပေါ့။ ဘာနည်းလမ်းပဲသုံးသုံး ရေထဲက အကောင်တွေ သေရင်ရပြီ။ ဒါဆို ပင်လယ်ထဲ ရေလဲလှယ်စရာ မလိုတော့ပဲ သင်္ဘောအရာရှိတွေ အလုပ်ရှုပ်သက်သာသွားလိမ့်မယ်။

သင်္ဘောဝမ်းဗိုက်ထဲက အဏုဇီဝသက်ရှိတွေအပြင် မရည်ရွယ်ပဲ ရောက်လာတဲ့ ကျူးကျော်မျိုးစိတ်တွေလဲ ရှိသေးတယ်။ သူတို့ဟာ သင်္ဘောနဲ့ လေယာဥ်တွေရဲ့ ကုန်ပစ္စည်းတွေမှာ ခိုကပ်လိုက်ပါလာတဲ့ ကြွက်တွေ၊ မြွေတွေပေါ့။ ဒီအကောင်တွေကြောင့် ဒေသရင်း မျိုးစိတ်တွေ မျိုးတုန်းကုန်တဲ့အထိ ဖြစ်ရပ်ဆိုးတွေ ရှိခဲ့ဖူးတယ်။

ကျူးကျော်မျိုးစိတ်ဆိုတာ ခေါင်းနဲ့ ပန်းလိုပဲ။ အခြေအနေ နှစ်မျိုးပဲရှိတယ်။ တမျိုးက မူလနေထိုင်ရာ အရပ်ဒေသမှ အခြားတစ်နေရာကို ရောက်ရှိသွားတဲ့ မျိုးစိတ်သစ်ဟာ ရှင်သန်နိုင်စွမ်း မရှိဘူး။ ဒါမှမဟုတ် ဆက်လက်မျိုးပွားဖို့ရာ မစွမ်းသာဘူး။

ပြောင်းလဲသွားတဲ့ ရာသီဥတုဟာ သူ့ခန္ဓာကိုယ်နဲ့ မကိုက်ညီဘူး။ လုံလောက်တဲ့ အစာရေစာ ရှာမရဘူး။ ဒေသရင်း သက်ရှိတစ်ကောင်ကောင်ရဲ့ ဖမ်းယူစားသောက်ခြင်းကို ခံရမယ်။ ဒါကြောင့် နေရာသစ်ကို ရောက်ရှိလာတဲ့ သက်ရှိအများစုဟာ ရှင်သန်နိုင်စွမ်းမရှိတာ တွေ့ရတယ်။

နောက်အ​​ခြေအနေတမျိုးက နေရာသစ်ကို ခြေချလာတဲ့ သက်ရှိမျိုးစိတ်ဟာ ပတ်ဝန်းကျင်သစ်ရဲ့ အားသာချက်တွေကြောင့် ရှင်သန်နိုင်စွမ်း မြင့်မားလာတယ်။ မူလနေထိုင်ရာ အရပ်ဒေသထက် အကောင်ရေ တိုးပွားနူန်း ဆတိုးဖြစ်လာတယ်။ ဒီလိုခေါင်းနဲ့ပန်း အခြေအနေ နှစ်မျိုးမှာ ဒုတိယတမျိုးက ဖြစ်နိုင်ချေ ၅~၁၅ ရာခိုင်နူန်းသာရှိတယ်။ ရာခိုင်နူန်း နည်းပေမယ့် ဖြစ်လာပြီဆိုရင်လဲ ထိန်းချုပ်ရ အလွန်ခက်ခဲတယ်။

ကျူးကျော်မျိုးစိတ်တွေဟာ ဘာကြောင့် အဆမတန် တိုးပွားလွယ်သလဲဆိုတာကို လေ့လာစမ်းစစ်ကြတယ်။ အဲဒီမှာ ဖြစ်နိုင်ချေတခုက ပြိုင်ဘက်နဲ့ သားရဲတွေရန်က လွတ်မြောက်လာတာကြောင့်လို့ ဆိုတယ်။ နယ်မြေအသစ်၊ ကုန်းမြေတိုက်ကြီးအသစ်ကို ရောက်တဲ့အခါ အစာလုဖက် မရှိ၊ ရန်သူသားရဲတွေလဲ မရှိတာကြောင့် လွတ်လွတ်လပ်လပ် ရှင်သန်ခွင့်ရသွားတယ်။

၁၉၄၀ ခုနှစ်ဝန်းကျင်က ပါပူးဝါး နယူးဂီနီနဲ့ သြစတြေးလျမြောက်ပိုင်းမှာ နေထိုင်ကျက်စားတဲ့ အညိုရောင် သစ်ပင်တက်မြွေ (brown tree snake) တမျိုးဟာ ဂူအမ်ကျွန်းကို ရောက်ရှိလာခဲ့တယ်။ စစ်ဘက်သုံး ကုန်ပစ္စည်းတွေနဲ့ ခိုကပ်လိုက်ပါလာဟန်ရှိတယ်။ ထိုအချိန်က ဂူအမ်ကျွန်းပေါ်မှာ မြွေဆိုလို့ တီကောင်သာသာ မျက်ကန်းမြွေမျိုးစိတ် တမျိုးသာရှိတယ်။ ဒါကြောင့် ကျွန်းပေါ်က သတ္တဝါတွေဟာ အသစ်ရောက်ရှိလာတဲ့ မြွေအတွက် ကြိုတင်ပြင်ဆင်ထားခြင်း မရှိခဲ့ဘူး။

အစာကြူးတဲ့ အညိုရောင် သစ်ပင်တက်မြွေဟာ ဒေသရင်း ငှက်တွေကို အလွန်အကျွံ ဖမ်းစားတယ်။ အကျိုးဆက်အနေနဲ့ ၁၉၈၄ ခုနှစ်နောက်ပိုင်း guam flycatcher ငှက်ကို မ​မြင်ရ​တော့ဘူး။ guam railဆိုတဲ့ မပျံသန်းနိုင်တဲ့ ငှက်တမျိုးကတော့ ယခုအခါ မျိုးစိတ်ပျောက်မသွားအောင် လှောင်အိမ်နဲ့ ဂရုတစိုက် မွေးမြူနေရပြီ။ နောက်ပြီး mariana fruit-doveဆိုတဲ့ ခိုမျိုးစိတ်ဟာ ဂူအမ်မှာ မျိုးတုန်းသွားခဲ့ပြီ။

၎င်းမြွေ ရောက်မလာခင်က ဂူအမ်မှာ နို့တိုက်သတ္တဝါမျိုးစိတ် (၃)မျိုး ရှိခဲ့တယ်။ အားလုံး လင်းနို့တွေပေါ့။ သူတို့ထဲက marianas flying foxဆိုတဲ့ လင်းနို့မျိုးစိတ်တမျိုးသာ ယနေ့ တွေ့ရတော့တယ်။

သူလဲ မျိုးတုန်းခါနီး အခြေအနေနဲ့ ရင်ဆိုင်နေရပြီ။ အညိုရောင် သစ်ပင်တက်မြွေတွေဟာ ဘယ်လောက်တောင် တိုးပွားလာသလဲဆိုရင် တစ်ဧကကို ပျမ်းမျှအကောင် (၄၀)ခန့် ရှိမယ်လို့ ခန့်မှန်းတယ်။ တကယ်တော့ ဒီမြွေဟာ မူလအရပ်ဒေသမှာ ဒီလောက်ဆိုးသွမ်းနေတာ မဟုတ်ဘူး။ နေရာသစ်၊ အခွင့်အလမ်းသစ်ကြောင့် ဆတက်ထမ်းပိုး တိုးပွားလာခြင်းဖြစ်တယ်။

စုပ်ခွက်ငါးတွေဟာ ခန္ဓာကိုယ် အရေပြား အလွန်ထူပြီး အကြမ်းခံနိုင်တယ်။ ခန္ဓာကိုယ် ဆူးတောင်တွေကို ဖြန့်ကားလိုက်ရင် တော်ရုံသတ္တဝါက မျိုချလို့ မရနိုင်ဘူး။ သို့သော် မူလအရပ်ဖြစ်တဲ့ တောင်အမေရိက မြစ်ချောင်းတွေမှာ သူတို့ကို ဖမ်းဆီးစားသောက်မယ့် သတ္တဝါတွေရှိတယ်။

ငဟစ်ငှက်၊ ဖျံ၊ လိပ်၊ မိကျောင်းနဲ့ ဧရာမ ငါးခူကြီးတွေပေါ့။ သို့သော် ကျနော်တို့ဆီက မြစ်ချောင်း၊ အင်းအိုင်တွေမှာ စုပ်ခွက်ငါးကို အပြန်အလှန် ထိန်းကျောင်းနိုင်မယ့် ဂေဟစနစ် မရှိဘူး။ သူတို့ကို ဖမ်းစားမယ့် လောက်လောက်လားလား သတ္တဝါကြီးတွေ မရှိတာပေါ့။

စုပ်ခွက်ငါးတွေဟာ ရေညှိအပြင် အင်းဆက်သားလောင်းတွေ၊ ရေနေသတ္တဝါငယ်လေးတွေကိုပါ ဖမ်းစားတယ်။ ဒီသတ္တဝါလေးငယ်လေးတွေဟာ အခြားကုန်းနေရေနေ သတ္တဝါ၊ ခရု၊ ကဏန်းပုဇွန်နဲ့ ငါးတွေအတွက် အစာအရင်းအမြစ်တွေပဲ။ ဒါတွေကို သူတို့ချည်း စားပြစ်လိုက်တော့ ကျန်တဲ့အကောင်တွေ ငတ်သေကုန်တာပေါ့။

၁၈ဝ၀ ခုနှစ်ဝန်းကျင်က အမေရိကမှာ အမေရိကန် သစ်အယ်ပင်တွေ အမြောက်အများ ရှိခဲ့တယ်။ နောက်တော့ ဂျပန်မှ ယူဆောင်လာတဲ့ အာရှမျိုးရင်း သစ်အယ်ပင်တွေကို အမေရိကမြေမှာ စိုက်ပျိုးတယ်။ အဲဒီနောက်ပိုင်း အမေရိကန် သစ်အယ်ပင်တွေတဖြုတ်ဖြုတ် သေဆုံးကုန်ကြတယ်။

၁၉၅၀ ခုနှစ်ရောက်တော့ ဒေသမျိုး အမေရိကန် သစ်အယ်ပင် တစ်ပင်တလေတောင် မကျန်ခဲ့ဘူး။ တချိန်က (၄)ဘီလျံလောက် ပေါပေါများများရှိခဲ့တဲ့ အပင်တွေအားလုံးဟာ သေဆုံးသွားပြီ။ ပိုဆိုးတာက အမေရိကန် သစ်အယ်ပင်တွေကို မှီခိုနေတဲ့ ပိုးဖလံမျိုးစိတ်ပေါင်းများစွာ တပါတည်း ပျောက်ကွယ်သွားတယ်။

ဒါဟာ ဘာကြောင့်လဲဆိုတော့ ဂျပန်သစ်အယ်ပင်မှာ ကပ်ပါလာတဲ့ Cryphonectria parasiticaဆိုတဲ့ မှိုတမျိုးကြောင့်ပဲ။ ၎င်းမှိုကို အာရှ သစ်အယ်ပင်တွေက ခံနိုင်ရည်ရှိပေမယ့် တကြိမ်တခါမှ တွေ့ဆုံဖူးခြင်းမရှိတဲ့ အမေရိကန် သစ်အယ်ပင်တွေအတွက်တော့ ကျူးကျော်မျိုးစိတ် မှိုကို တွန်းလှန်နိုင်စွမ်း မရှိခဲ့ဘူး။

ဒါကြောင့်လဲ နိုင်ငံအစိုးရတွေက အလှမွေး တိရစ္ဆာန်တွေ၊ အပင်တွေကို နယ်စပ်ဖြတ်ကျော်ခွင့် မပေးဘူး။ မွေးမြူထားတဲ့ အိမ်မွေးတိရစ္ဆာန်တွေကိုလဲ တောထဲပြန်မလွှတ်ရဘူး။ ကျူးကျော်မျိုးစိတ် အန္တရာယ်ဟာ ဂေဟစနစ်ကို ကမောက်ကမ ဖြစ်စေနိုင်တယ်။ ဒါကြောင့် ကျူးကျော်မျိုးစိတ်ဟာ အလွန်ဆိုးဝါးတာပဲလို့ ခင်ဗျားတွေးနေလောက်ပြီ။

တကယ်တော့ ကျနော်တို့ လူတွေဟာ ကျူးကျော်မျိုးစိတ်တွေပါပဲ။ လူတွေ စတင်ခြေချလာချိန်မှာ အမေရိတိုက်ရှိ ဧရာမ တိရစ္ဆာန်ကြီးတွေ မျိုးတုန်းကုန်တယ်။ သြစတြေးလျ၊ နယူးဇီလန်နဲ့ ပစိတ်ဖိတ်ကျွန်းတွေပေါ်က မပျံသန်းနိုင်တဲ့ ငှက်ကြီးတွေ ပျောက်ကွယ်သွားတယ်။

လူတွေပဲလားဆိုတော့ မဟုတ်သေးဘူး။ သူတို့ရဲ့ အချစ်တော် ခွေးလေး၊ ကြောင်​လေးတွေ။ သူတို့ရဲ့ အာဟာရ ကြက်၊ ဝက်၊ ဆိတ်၊ နွားတွေ။ သူတို့ကို အမှီပြုပြီး ခိုကပ်စားသောက်နေတဲ့ ကြွက်၊ စာကလေးနဲ့ ခိုတွေ။ ဒါတွေအားလုံးဟာ ကျူးကျော်မျိုးစိတ်တွေပါပဲ။