မျက်ကန်း ပိုးသတ်
မနေ့က ကျုပ်တို့ ခိုနန်းတူဝရီး (၂) ပါးရဲ့ စုပ်ခွက်ငါး ကယ်ဆယ်မိတဲ့ ပြဿနာ၊ထင်မှတ်မထားလောက်အောင် ကြီးမားလာခဲ့တယ်။”ဗဟိုထိအောင် လှမ်းတိုင်ကြလို့”တဲ့။
အခု ကျုပ်တို့ ခိုနန်းတူဝရီး (၂) ပါးစုပ်ခွက်ငါးကို ကယ်ဆယ်မိတဲ့ ပြဿနာ၊
အဖြစ်မှန်ဇာစ်မြစ်ဖြစ်တဲ့ မနေ့က မူရင်းပို့စ်လည်း ကျုပ်ဝေါပေါ်မှာ ရှိပါသေးတယ်။ ဝင်ကြည့်ပါ။
ဒီဇာတ်လမ်းရဲ့ တရားခံအစစ်ကလည်း ကျုပ်ပါပဲ၊
တိတိကျကျ ပြောရရင်တော့ ကျုပ်ရဲ့ သနားစာနာ ကရုဏာလေးပါ။
ဒါပေမယ့် အရင်တင်တဲ့ ကျုပ်ရဲ့ပိုစ့်မှာ ထိခိုက်မှုနည်းပါးခဲ့ပြီး နောက်မှတင်လိုက်တဲ့ ဦးရီးတော်ရဲ့ပို့စ်မှာတော့လူသောင်းချီ ဝင်ရောက်ဖြန့်ဝေကာ မှတ်ချက်ရေးကြ, ဆဲကြဆိုကြနဲ့ ပွက်လောထသွားခဲ့တယ်တဲ့။
(အဲလောက်ထိ ပွဲဆူနေမှန်း ကျုပ်တို့က ဒီနေ့ နေ့ဆွမ်းစားပြီးချိန် (၁၁:၃၀) လောက်မှ သူများလာပြောလို့ သိရတာ။)
ငါးလွှတ်မှုနဲ့ ပတ်သက်ပြီး ထောက်ပြဝေဘန်အကြံပေးတဲ့သူ အားလုံးကို ကျုပ်အနေနဲ့ အထူးကျေးဇူးတင်မိပါတယ်။
သူတို့သာထောက်ပြဝေဘန်မှု မလုပ်မိခဲ့ရင် ဒီငါးအကြောင်းကို လူတွေ အခုလောက်ထိ သိလာကြမှာ မဟုတ်ဘူးလေ၊ အခုတော့ စုပ်ခွက်ငါး ပညာပေးဇာလမ်းတစ်ခုထက်မက လူသိများသွားတာဟာ ကျုပ်တို့မှားလုပ်လိုက်မိတဲ့ အဆိုးထဲက ရလဒ်ကောင်း တစ်ခုလို့တောင် ဆိုချင်ဆိုနိုင်ပါတယ်။
အခုနေ့ခင်း တိုင်းက ဌာနဆိုင်ရာပုဂ္ဂိုလ်တွေ, သာသနာရေးမှုးတွေ ရောက်လာကြတယ်။မေးကြမြန်းကြတယ်။
ဓာတ်ပုံမှတ်တမ်း ယူကြတယ်။
ကျုပ်တို့လည်း ပြောပြလိုက်ပါတယ်။
“ခိုနန်းကျောင်းဆိုတာ နှစ်စဉ် ဧရာဝတီမြစ်ရေဝင်တဲ့ ရေဘေးဒုက္ခခံ မြေနိမ့်ပိုင်း ဒေသဖြစ်ကြောင်း၊ဒီနှစ်မှာကို (၃) ကြိမ်တိတိ မြစ်ရေဝင်ခဲ့ကြောင်း၊
ကျောင်းအနောက်စွန်က ချောင်းဟောင်း ချောက်ထဲမှာ နှစ်စဉ် ဧရာဝတီမြစ်ရေထဲကပါလာတဲ့ ငါးများစွာ ကျန်ရစ်ကြောင်း၊
သို့သော် တံငါကလေးများ အလစ်လာလာ ဖမ်းသဖြင့် စုပ်ခွက်ငါးများသာ အကျန်များကြောင်း၊
ကျုပ်တို့က နှစ်စဉ် ရေခန်းချိန်မှာ ကျန်သမျှ ကောက်ကာ စုကာ မြစ်ထဲလွှတ်ပေးလေ့ရှိကြောင်း၊
ဒီ စုပ်ခွက်ငါးအကြောင်းလည်း ဒီလောက်ထိ ဂြိုဟ်မွှေတဲ့အကောင်မျိုးမှန်း လုံးဝ မသိပါကြောင်း”စသဖြင့်ရှင်းပြပေးလိုက်ပါတယ်။
=========
လိုရင်းပြန်ကောက်ရရင်စတင်စီစဉ်တဲ့ ကျုပ်လည်း မသေစေချင်လို့ ကယ်တာ၊ဦးရီးတော်ကလည်း မသေစေချင်လို့ လွှတ်ပေးတာ၊သေစေချင်ရင် ပစ်ထားလိုက်လို့ ရသလို ချက်စားပစ်လို့လည်း ရတဲ့အနေအထားကြီးဖြစ်ပေမယ့်သူတပါးအသက်လေးတွေ အလကားသေမှာစိုးလို့ လွှတ်ပေးခဲ့ကြတာ။
အရိယာသူတောင်ကောင်းတွေ မဟုတ်သေးပေမယ့် တိုင်းပြည်နဲ့ သာသနာအတွက် စာနာစိတ်ဓာတ်ခံ ရှိလွန်းလို့ ဒီလို မိုက်မိုက်ကန်းကန်း ခေတ်မျိုးမှာ စာသင်တိုက်ဖွင့်နေကြတဲ့ တူဝရီး(၂) ပါးပါ။
ကျုပ်ရဲ့ပို့စ်မှာ မသိသာပေမယ့် ဦးရီးတော်ပို့စ်မှာတော့ အတော်လေး အဝေအဘန် အဆဲအဆို ကြမ်းကြတယ် ပြောတယ်၊ပို့စ်ဖျက်ပြီးမှ သိလိုက်ရလို့ အဆဲတွေကို ကိုယ်တွေ့ မတွေ့လိုက်ရ၊ စကရင်ပုံရိပ်ပဲ တွေ့ရပါတော့တယ်။
အပြုသဘောနဲ့ ဝေဘန်ထောက်ပြသူတွေကို ကျေးဇူးတင်မိသလို ဆဲဆိုနေသူတွေကိုလည်း မေးလို့ရရင် မေးချင်ပါသေးတယ်။ဆဲသူတွေကရော –
#မြစ်ထဲကငါးတွေ သေမှာစိုးရိမ်တဲ့ ကရုဏာအခြေခံ စိတ်စေတနာကောင်းနဲ့လား?
#မိမိတို့ရဲ့ တံငါလုပ်ငန်းစီးပွါးရေးတွေ ထိခိုက်မှာစိုးလို့လား?
#ကတုံးပုံရိပ်မြင်ရင် ဆဲချင်တဲ့ ဗီဇဓာတ်ခံလေးကြောင့်လား?
#ဒီစုပ်ခွက်ငါးရဲ့ ဆိုးကျိုးတွေကို တကယ်ပဲ တိတိပပ သိနေလို့လား? ဆိုတာကိုပါ…။
ဆဲမိလိုက်တဲ့ စိတ်ရင်းဓာတ်ခံကိုတော့ ဆဲသူတို့ကိုယ်တိုင် သိကြမယ်ထင်ပါတယ်။
အထက်က မျက်ကန်းမထေရ်ကြီးရဲ့ ဝတ္ထုထဲမှာပဲ ဗုဒ္ဓဘုရားရှင်က မိန့်ကြားခဲ့တယ်။
“မနောပုဗ္ဗင်္ဂမာ ဓမ္မာ၊ မနောသေဋ္ဌာ မနောမယာ =စိတ်သာရှင်စော ဘုရားဟော”တဲ့။
“မနသာ စေ ပဒုေဋ္ဌန၊
ဘာသတိ ဝါ ကရောတိ ဝါ။
တတော နံ ဒုက္ခမနွေတိ၊
စက္ကံဝ ဝဟတော ပဒံ”တဲ့။
“အဖျက်သဘောနဲ့ ပြောသူ, ပြုသူတို့အထံကိုထိုအပြော, ထိုအပြုကြောင့်ပဲ နွားနောက် လှည်းဘီးပမာ (ကားအောက် ကားဘီးပမာ) ဆင်းရဲခြင်းအမျိုးမျိုးက အစဉ်လိုက်ပါနေမှာပါ”တဲ့။
ကောင်းကျိုးဆိုးကျိုးအပါအဝင်သဘာဝဓမ္မတရားအားလုံးရဲ့ ခေါင်းဆောင်ပဓာနဖြစ်တဲ့ မိမိတို့ရဲ့ စိတ်ကလေးကိုအဖျက်သဘောကင်းအောင် မွေးမြူကာ ပြောဆို,ပြုမူနိုင်ကြပါစေ…….
သတွာများစွာ၊
ဘေးရန်ကွာ၊
အေးချမ်းသာယာကြပါစေ…….
[ရဟန်းသံဃာကို အခြေအမြစ်မဲ့ ဆဲဆိုသူတွေကို အရေးယူလို့ရတဲ့ ဥပဒေရှိတယ်ဆိုရင်တောင် ဆဲဆိုသူတွေကို ကျုပ်တို့ လုံးဝ တရားစွဲနေမှာ မဟုတ်ပေမယ့်မြစ်ထဲ ငါးလွှတ်လို့ ဖမ်းဆီးနိုင်တဲ့ ဥပဒေရှိတယ်ဆိုရင်တော့ ကျုပ်ကိုယ်တိုင် အဖမ်းခံ ထောင်နန်းစံပါ့မယ်။]
အရှင်မာနိတာလင်္ကာရာဘိဝံသ၊
မဟာခိုနန်းကျောင်း၊ စစ်ကိုင်း။
(ဆုပ်-၃, ၉, ၈၂-ခု၊
၁-၁-၂၀၂၁၊ ည – ၇:၀၀)