News

ထိုင်းတွင် ဆေးဖက်ဝင်ဆေးခါးကြီးရွက်နှင့် Covid-19 လူနာများကို စမ်းသပ်ကုသခွင့်ပေး

အရှေ့တောင်အာရှတွင် ကိုဗစ်-၁၉ ဗိုင်းရပ်စ်ကူးစက်မှု ပြန်လည်ပြန့်ပွားလာနေသည့် ထိုင်းနိုင်ငံတွင် ကိုဗစ်-၁၉ ဗိုင်းရပ်စ် ကနဦးကူးစက်ခံရသူများကို စမ်းသပ်ကုသပေးမည့် အစီအစဉ်တရပ်အဖြစ် ဆေးဘက်ဝင်အပင်မှ ထုတ်လုပ်ထားသော တိုင်းရင်းဆေးတမျိုးအသုံးပြုရန် ထိုင်းကျန်းမာရေးဝန်ကြီးဌာနက အတည်ပြုပေးခဲ့သည်။

သိပ္ပံအခေါ်အားဖြင့် Andrographis Paniculata ဟုခေါ်ပြီး green chiretta ဟုသိထားသလို အခါး ဘုရင်ဟုလည်းခေါ်ဆိုသော အဆိုပါ ဆေးဖက်ဝင်အပင်မှ ထုတ်လုပ်ထားသည့်ဆေးသည် Covid-19 ရောဂါကုသရာတွင် ကုန်ကျစရိတ်လည်း သက်သာစေနိုင်မည်ဟု ထိုင်းကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာသည်။

ဆေးဘက်ဝင်အပင်မှ ထုတ်လုပ်ထားသည့်ကာကွယ်ဆေးကို သာမန်ရောဂါလက္ခဏာသာပြသော အသက် ၁၈ နှစ်မှ ၆၀ အတွင်းလူနာများအား ရောဂါပိုးအတည်ပြုပြီး ၇၂ နာရီအတွင်း မိမိတို့ဆန္ဒအလျောက် ကုသမှုပေးမည်ဖြစ်သည်။

ထိုင်းအခေါ် fah talai jone ဟုခေါ်ပြီး ဆေးခါးကြီးအရွက်ဟု သိထားသည့် ၎င်းဆေးဖက်ဝင်အပင်မှ ထုတ်လုပ်ထားသော ကိုဗစ်ဗိုင်းရပ်စ်ကုသဆေးသည် ဗိုင်းရပ်စ်ကိုထိန်းချုပ်ထားပြီး ရောင်ရမ်းမှုပြင်းထန်ခြင်းကို လျှော့ချပေးနိုင်မည်ဖြစ်ကြောင်း ထိုင်းဝန်ကြီးဌာနက ပြောသည်။

လက်တွေ့ကုသမှုအရ Covid-19 ဗိုင်းရပ်စ်စတင်တွေ့ရှိပြီး ၇၂ နာရီအတွင်း ယင်းဆေးကိုတိုက်ကျွေးပေးပါက ဘေးထွက်ဆိုးကျိုးမရှိဘဲ သုံးရက်အတွင်း လူနာအခြေအနေတိုးတက်လာသည်ကို တွေ့ရသည်။

ကနဦးအစပိုင်းတွင် ယင်းဆေးဖက်ဝင်အပင်နှင့်ထုတ်လုပ်ထားသောဆေးဖြင့် ကုသမှုကို အစိုးရဆေးရုံငါးခု၌ စတင်ကုသပေးမည်ဟုဆိုသည်။ ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ထိုင်းတွင် အတည်ပြုလူနာသစ် ၂၅ဝ တွေ့ရှိခဲ့ရပြီး ထိုင်းတနိုင်ငံလုံး ကိုဗစ်ကူးစက်ခံရသူ အတည်ပြုလူနာ ရဝဝဝ နီးပါးရှိလာခဲ့သည်။

ထိုင်းနိုင်ငံတွင် ယခုကဲ့သို့ ကူးစက်မှုနှုန်း များလာခြင်းသည် စိုးရိမ်ဖွယ်ဖြစ်ကြောင်း၊ နောက်ထပ်မပြန့်ပွားစေရန်အတွက် ထိုင်းနိုင်ငံသားများ အိမ်တွင်းမှာသာနေထိုင်ကြရန် အစိုးရက တိုက်တွန်းထားသည်။ အန္တရာယ်များသောနေရာဒေသများတွင် လူစုလူဝေးမပြုလုပ်ရန် ထိုင်းအစိုးရက ညွှန်ကြားထားသည်။

ထွဋ်ဝင်းထွဋ်

Ref ;The Straits Times