News

မြန်မာပြည်မှာ စုပ်ခွက်ငါး( Sucker Fish )ပြသနာ အရေးကြီးဖြေရှင်းရန် လိုအပ်နေတဲ့ ဖြစ်ရပ်တစ်ခု

စုပ်ခွက်ငါး( Sucker Fish )တဲ့ ၊ မှန်ကပ်ငါးတဲ့ ၊ ချေးစားငါးတဲ့ အခေါ်အဝေါ်တွေကွဲနေပေမယ့် ငါးကတော့မျိုးစိတ်တစ်ခုတည်းပါပဲ။ ကျွန်တော်လဲ အလွယ်တကူ စုပ်ခွက်ငါးလို့ပဲသုံးစွဲပီး စာဆက်ရေးသွားပါမယ်။စုပ်ခွက်ငါးကို Hypostomus လို့ခေါ်ပြီး သူဟာ Loricarridae ( Cat Fish) မျိုးနွယ်ဝင်ပါ။

မြန်မာလိုတော့ ငါးခူမျိုးစိတ်တစ်မျိုးလို့ပဲ ဆိုကြပါစို့။စုပ်ခွက်ငါးဟာ အပူပိုင်းဒေသတွေမှာ စတင်သန္ဓေတည်ပြီး ဒုတိယအကြီးဆုံး ငါးခူမျိုးစိတ်အဖြစ်စားရင်းဝင်ပြီး မျိုးစိတ်ကွဲပေါင်း ၁၅၅ မျိုးရှိပါသေးတယ်။ သူ့ရဲ့မူရင်းဇာတိမြေတွေကတော့ တောင်အမေရိကနဲ့ ကာရေဗီယံကျွန်းဒေသတွေဖြစ်ပြီး ကိုလံဘီယာနိုင်ငံ အနောက်မြောက်ဒေသတွေမှာလဲပေါများစွာတွေ့ရပါတယ်။

အဲ့ဒေသတွေမှာဆိုရင်ဖြင့် မြစ်ကြီးများမှသည် ချောင်းငယ် မြောင်းငယ်များပါမကျန် လက်ညှိုးထိုးမလွဲရလောက်အောင် စုပ်ခွက်ငါးတွေဟာ ကျင်လည်ကျက်စားနေတတ်ကြပါတယ်။

စုပ်ခွက်ငါးရဲ့ ခန္ဓာကိုယ်ဟာ ရှည်မျောမျောအသွင်ရှိပြီး ကြမ်းတမ်းမာကြောတဲ့ အကြေးခွံတွေနဲ့ဖုံးအုပ်ထားပါတယ်။ သံချပ်ဝတ်တန်ဆာလို မာကြောတဲ့အကြေးခွံကြောင့် Armored Cat Fish (ချပ်ဝတ်ငါးခူ) လို့လဲ ခေါ်ကြပါသေးတယ်။ စုပ်ခွက်ငါးရဲ့အမြီးရေယက်ဟာ လခြမ်းပုံသဏ္ဍန်ရှိပြီး အမြီးရေယက်ထိပ်ဖျားထက် အောက်ဖျားကပိုရှည်ပါတယ်။

သူ့ရဲ့ရေယက်တွေနဲ့အမြီးဖွဲ့စည်းပုံဟာ တာတိုခရီးများ သို့မဟုတ် ရုတ်တရက်ကူးခတ်တဲ့အခါမျိုးမှာ အလွန်လျှင်မြန်စွာသွားလာကူးခတ်နိုင်အောင် ဒီဇိုင်းဆွဲထားသလိုပါပဲ။ဒါ့အပြင် စုပ်ခွက်ငါးရဲ့ ကျောပေါ်ဆူးတောင်ဟာ မာကျောရုံမှမက အဆိပ်လဲရှိပါတယ်။ လူ့အသက်အန္တရာယ်ကို မထိခိုက်နိုင်ပေမယ့် သူ့ဆူး စူးမိရင် အတန်အသင့်နာကျင်မှုကိုခံစားရပြီး အခန့်မသင့်ရင် အဆိပ်တက်ပြီး ယောင်ယမ်းကိုက်ခဲသည်အထိ ခံစားရတတ်ပါတယ်။

အဲဒါကြောင့်လဲ မြန်မာ့နိုင်ငံဒေသတစ်ချို့မှာ သူ့ကို မြွေပွေးငါးခူရယ်လို့ ခေါ်ကြတာဖြစ်ပါလိမ့်မယ်။ဝမ်းဗိုက်ဟာ ဖြူလွလွအရောင်ရှိပြီး ကျန်ခန္ဓာကိုယ်တစ်ခုလုံးကတော့ အညိုရင့်ရင့်မှာ အဖြူစက် သို့မဟုတ် အနက်စက်တွေနဲ့ ခြယ်သထားပါတယ်။ အဖြူရောင် ၊ ရွှေအိုရောင် ၊ လိမ္မော်ရောင် စတဲ့ရောင်ကွဲတွေနဲ့လဲ တွေ့မြင်နိုင်ပါသေးတယ်။ ဒါ့အပြင် သူဟာ ပတ်ဝန်းကျင်အနေအထားအပေါ်လိုက်ပြီး အရောင်အမှိန် အရင့် အဖျော့ ပြောင်းလဲနိုင်စွမ်းရှိပါသေးတယ်။

စုပ်ခွက်ငါးရဲ့ပါးစပ်ဟာ ကြမ်းပြင်နဲ့တစ်ပြေးတည်းရှိပြီး ရေအောက်ကြမ်းပြင်က ရေညှိရေမှော်တွေကို စုပ်ယူစားသောက်လေ့ရှိပါတယ်။ မာကျောတဲ့အရာတွေကို ကိုက်ဖြတ်ဖို့ ဘီးကုပ်ပုံသဏ္ဍန်သွားများလဲရှိပါတယ်။ သူတို့ဟာ ရေအောက်က သစ်တုံး ၊ ကျောက်ဆောင် ၊ကမ်းပါးတို့မှာ သူ့တို့ရဲ့စုပ်ယူမှုအားကောင်းတဲ့ပါးစပ်ကိုအသုံးချပြီးတွယ်ကပ်ကာ အစာရှာဖွေစားသောက်လေ့ရှိပါတယ်။

မှန်ကဲ့သို့ ချောမွေ့သောမျက်နှာပြင်မျိုးမှာတောင် သူတို့ဟာ မြဲမြံစွာ ကပ်တွယ်နေနိုင်စွမ်းရှိပါတယ်။ အဲဒါကြောင့်လဲ မြန်မာနိုင်ငံက အလှမွေးငါးသမားတွေကြားမှာ မှန်ကပ်ငါးဆိုတဲ့ အမည်နာမတစ်ခု နဲ့ အခုချိန်ထိ ကြီးစိုးနေဆဲပါ။

ရေအောက်ကနေ ဒေါင်လိုက်ကူးခတ်ကာ ရေမျက်နှာပြင်အထက်တက်ပြီး အသက်ရှုလေ့ရှိပါတယ်။ မျိုးပွားချိန်မှာ စုပ်ခွက်ငါးမဟာ ရေအောက်ကြမ်းပြင်ကို ကျင်းအဖြစ် တူးဆွပြီး ဥ ချလေ့ရှိပါတယ်။ စုပ်ခွက်ငါးမတစ်ကောင်ဟာ တစ်ခါဥရင် ဥပေါင်း ၂၀၀၀ လောက်ဥလေ့ရှိပြီး သူတို့ရဲ့သက်တမ်းဟာ နှစ် ၂၀ မှ ၃၀ အထိ ရှင်သန်နိုင်စွမ်းရှိပါတယ်။

ရေညှိရေမှော်ပင်များ ၊ ကြာပင်များ နှင့် ကန်စွန်းရွက်ကဲ့သို့အရွက်များကို စားသုံးတတ်ကြသည့်အပြင် အခြားရေနေသတ္တဝါငယ်များ၊ အင်းဆက်သားလောင်းများ နှင့် ငါးသားလောင်းများကိုလဲ စားသောက်ပစ်လေ့ရှိပါတယ်။

အဲ့ဒါနဲ့တင်မပြီးသေးပါဘူး….သူတို့ဟာ အကျိအချွဲတွေကို အင်မတန်နှစ်သက်တဲ့အတွက် အခြားငါးတွေရဲ့ ခန္ဓာကိုယ်မှာ ကပ်နေတဲ့ အကျိအချွဲတွေကို အတင်းတွယ်ကပ်ပြီး စုပ်ယူစားသောက်လေ့ရှိပါတယ်။

အဲ့ဒါကြောင့် တွယ်ကပ်စုပ်ယူခံရတဲ့ငါးဟာ စုပ်ခွက်ငါးရဲ့စုပ်အားကြောင့် ဒါဏ်ရာအနာတရဖြစ်ရသလို စူးရှမာကြောတဲ့စုက်ခွက်ငါးရဲ့ ဆူးတောင်တွေ အကြေးခွံတွေနဲ့ ပွတ်မိ ထိုးမိတဲ့အတွက် ဒါဏ်ရာအနာတရ ရရှိလေ့ရှိပါတယ်။

အစားသောင်းကျန်းလွန်းပြီး တွေ့ကရာအကုန်စားပစ်တတ်တော့ အခြားသောရေနေသတ္တဝါတွေအတွက် အစာဂေဟစနစ်ပျက်စီးရပါတယ်။ ငါးသားလောင်းငယ်များကို ဖမ်းယူစားပစ်တတ်သလို အပင်တွေမှာကပ်ပြီချထားတဲ့ဥတွေကိုလဲ စားသောက်ပစ်တဲ့အတွက် ဒေသမျိုးရင်းငါးတွေကို မျိုးတုံးစေနိုင်ပါတယ်။အဲဒီလိုအန္တရာယ်တွေကြောင့် စုပ်ခွက်ငါးတွေကို နှိမ်နှင်းဖို့ ဟာဝိုင်အီမှာ တစ်ခါလုပ်ဖူးပါတယ်။

ဟာဝိုင်အီအာဏာရှိသူတွေက စုပ်ခွက်ငါးတွေကို လျှပ်စစ်ရှောခ့်တိုက်နည်းစနစ်ဖြင့် နှိမ်နင်းခဲ့ပေမယ့် အကျိုးမရှိ အချည်းအနှီးဖြစ်ခဲ့ရပါတယ်။ရေထဲငါးအဆိပ်ခပ်နည်းစနစ်ကိုအသုံးချလဲ မအောင်မြင်ပါဘူး။ နေရာဒေသအမျိုးမျိုးမှာ အံဝင်ဂွင်ကျနေထိုင်နိုင်စွမ်းရှိပြီး ခံနိုင်ရည်မြင့်မားတဲ့ စုပ်ခွက်ငါးတွေကတော့ ပန်းပန်လျက်ပါပဲ။နောက်ကျိလွန်းတဲ့ ဗွက်ရေထဲမှာတောင် ရှင်သန်နိုင်စွမ်းရှိတဲ့အပြင် မာကျောတဲ့အကြေးခွံတွေကြောင့် ငါးဖမ်းစားလေ့ရှိတဲ့ငှက်တွေတောင် စုပ်ခွက်ငါးကို မစားပါဘူး။

အသားစားကျူးတဲ့ ငါးဘတ်လို ငါးရွေးလို Pike လို Piranha လို ငါးမျိုးတွေတောင် စုပ်ခွက်ငါးကို စားသုံးခြင်းမပြုပါဘူး။ အခြားသောသက်ရှိများရဲ့ ဘေးအန္တရာယ်ကနေ အလုံးစုံကင်းဝေးပြီး သားပေါက်တွေကိုထိန်းကျောင်းပြုစုလေ့ရှိတဲ့အကျင့်ကြောင့် စုပ်ခွက်ငါးတွေဟာ ပွားချင်တိုင်းပွား များချင်တိုင်းများလာတာ ရေချိုသယံဇာတအတွက် တော်တော်ကြောက်ဖို့ကောင်းပါတယ်။

ကျွန်တော်တို့ မြန်မာနိုင်ငံက မြစ်ချောင်းအင်းအိုင်များအတွင်း စုပ်ခွက်တွေပေါများလာရခြင်းဟာ အလှမွေးငါးဆိုင်တွေက အစပြုတာလို့ဆိုရပါမယ်။ အလှမွေးငါးဝါသနာပါသူတွေအတွက် စုပ်ခွက်ငါးဟာ သန့်ရှင်းရေးငါးတစ်ကောင်အဖြစ် အသုံးတော်ခံနေဆဲပါ။ ချေးစားငါးလို့ခေါ်ကြပေမယ့် စုပ်ခွက်ငါးဟာ အခြားသောငါးရဲ့မစင်ကို စားသုံးခြင်းမပြုပါဘူး။ မှန်နံရံမှာ ကပ်နေတဲ့ အကျိအချွဲအညစ်အကြေးတွေကိုသာ စုပ်ယူစားသောက်ပြီး သူမစားတဲ့အရာဆို ပြန်မှုတ်ထုတ်ပစ်လေ့ရှိပါတယ်။

အကိုက်ကြမ်းပါတယ် အသားစားပါတယ်ဆိုတဲ့ Flower Horn လို Aerowana လိုငါးမျိုးတွေနဲ့တောင် Tankmate အဖြစ် အကြောက်အလန့်မရှိ နေနိုင်စွမ်းရှိပါတယ်။အစားသောင်းကျန်းပြီး ကြီးထွားနှုန်းမြန်လာတဲ့အခါ ငါးမွေးသူအနေနဲ့ အကြောင်းအမျိုးမျိုးကြောင့် ထိန်းသိမ်းလိုစိတ်မရှိတော့တဲ့အခါ နီးစပ်ရာမြစ်ချောင်းအတွင်း လွှတ်လိုက်တာတွေ…..ဘာသာရေးဓလေ့ထုံးတမ်းအရ ငါးသက်စေ့လွှတ်တဲ့အခါ စုပ်ခွက်ငါးကို ဝယ်ပြီးလွှတ်မိတာမျိုးတွေကြောင့် မြန်မာ့ရေချိုဧရိယာအတော်များများမှာ ကျင်လည်ကျက်စားမျိုးပွားခွင့်ရရှိသွားပါတော့တယ်။

အထက်မှာပြောခဲ့သလို အစားသောင်းကျန်းပြီး သားလောင်းမချန် ဥမချန် စားသောက်ပစ်တတ်တဲ့ အကျင့်ဆိုးကြောင့် မြန်မာ့ရေချိုငါးသယံဇာတပျက်စီးမှာ အလွန်စိုးရိမ်မိပါတယ်။ရေမှော်နဲ့ အခြားအင်းဆက်တွေအပင် ရေအောက်အပင်အမျိုးမျိုးကို ကိုက်ဖြတ်စားသောက်ပစ်တတ်တာကြောင့် ရေဝပ်ဒေသရဲ့ ရေအရည်အသွေးကို ကျဆင်းပျက်စီးစေသလို အခြားသောငါးများအတွက် အစာကွင်းဆက်ပြတ်ပြီး အစာရှားပါးမှုကိုလဲဖြစ်ပေါ်စေပါတယ်။

သဘာဝမြစ်ချောင်းထဲမှာသာမက ငါးမွေးမြူရေးလုပ်ငန်းတွေအထိ စုပ်ခွက်ငါးဟာ ဒုက္ခလိုက်ပေးနေဆဲပါ။ ငါးမွေးဖြူရေးကန်တွေထဲကို အကြောင်းမျိုးမျိုးကြောင့် စုပ်ခွက်ငါးတွေဝင်ရောက်လာတဲ့အခါ ငါးလုပ်ငန်းရှင်အတွက် ထိခိုက်မှုတွေက အကြီးအကျယ်ပါ။

ရေချိုငါးသယံဇာတထိန်းသိမ်းရေးအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ BANCA ရဲ့ မှတ်တမ်းအရ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလမှာ မြန်မာနိုင်ငံ တွံတေးမြို့နယ် ခတ္ထိယကျေးရွာအတွင်းရှိ ရေချိုငါးမွေးမြူရေးကန်များအတွင်း စုပ်ခွက်ငါးရဲ့ဖျက်ဆီးမှုတွေကို တွေ့ရပါတယ်။ထိုရွာရှိ ဧက ၄၀ ကျယ်တဲ့ ငါးကန်ကိုဖော်တဲ့အခါ စုပ်ခွက်ငါးချည်း ပိဿာချိန် ၂၀၀၀ ကျော် အကောင်ရေ ၄၀၀၀ ကျော် ပါဝင်နေတာကို တွေ့ရပါတယ်။

BANCA အဖွဲ့ရဲ့တိုင်ထွာချက်အရ ဖမ်းမိလာတဲ့ စုပ်ခွက်ငါးအများစုဟာ ၁၈ လက်မကျော်အရွယ်ဖြစ်ပြီး အလေးချိန်အားဖြင့် ၄၈ ကျပ်သားခန့်ရှိနေတာကိုတွေ့ရသလို ရှေ့ရေယက်တောင်အလျားဟာ ၈.၉ လက်မကျော်ရှိပါတယ်။ ပျမ်းမှသက်တမ်းကို ၇ လသားအရွယ် လို့ မှတ်တမ်းတင်ထားပါတယ်။

ရေလုပ်ငန်းရှင်တွေ အထိနာရခြင်းက စုပ်ခွက်ငါးတွေဟာ အစာကို လုယူစားသောက်ပစ်တဲ့အပြင် သားပေါက်နှုန်းမြန်တဲ့အတွက် လူကကျွေးသမျှငါးစားဟာ သူတို့ချည်းစားပစ်လိုက်သလိုဖြစ်နေပါတေါ့တယ်။အဲဒီအခါ မူရင်းမွေးထားတဲ့ငါးတွေမှာ အစာမစားရတဲ့အတွက် ကြီးထွားနှုန်းနှေးကွေးခြင်း စုပ်ခွက်ငါး၏ဆူးတောင်နှင့်ထိုးမိခြစ်မိခြင်းတို့ကြောင့် ရောဂါကျရောက်က အသေအပျောက်များခြင်း စတာတွေကြောင့် လုပ်ငန်းရှင်အနေနဲ့ ဆုံးရှုးံထိခိုက်မှုကြီးလွန်းပါတယ်။

ဖမ်းဆီးရမိပြန်တော့လဲ စားသုံးသောသူမရှိသောကြောင့် ဝယ်လက်လဲမရှိတဲ့အခါ အခြားကန်အလွတ်ထဲ ရေမထည့်ပဲ သေသည်အထိ ပစ်ထားလိုက်ကြရပါတယ်။ စုပ်ခွက်ငါးကို စားသုံးခြင်းအပိုင်းမှာလဲ BANCA မှတ်တမ်းရှိပါတယ်။

ရေလုပ်သားအချို့ဟာ စုပ်ခွက်ငါးကို ချက်ပြုတ်စားသောက်ကြည့်ကြတဲ့အခါ အချိုးသောသူများဟာ ယားယံသောဝေဒနာကို ခံစားကြရပြီး တစ်ချို့သောသူများမှာမူ ယခင်ရောဂါဟောင်းများ၏ လက္ခဏာ ပြန်လည်ပြသခြင်း ရောဂါပြန်ထခြင်းများဖြစ်စေတယ်လို့ မှတ်တမ်းတင်ထားပါတယ်။

ယခုဆို ဧရာဝတီမြစ်ထဲမှာပင် စုပ်ခွက်ငါးကြီးစိုးမှုကို ခံနေရပြီဟု ပြောရမလိုဖြစ်နေသည်။ တံငါတစ်ဦးကွန်ပစ်လျှင် အခြားသောငါး ပါချင်မှပါမည် မိချင်မှမိမည် စုပ်ခွက်ငါးကတော့ အမြဲတစေပါလာလေ့ ဖမ်းမိလေ့ရှိသည်ဟု ကြားသိရသည်။

ကိုယ့်မြေ ကိုယ့်ရေကို လာဖျက်ဆီး အိမ်ရှင် ဒေသမျိုးရင်းငါးများကို မျိုးသုဉ်းအောင်ပြုလုပ်ပြီး နေရာယူသော ကိုလိုနီလက်သစ် စုပ်ခွက်ငါး ဘင်္ဂလီစုပ်ခွက်ငါးကို အရှင်းပပျောက်အောင်ဆောင်ရွက်ရန် မလွယ်ကူတော့ပေ။

မြစ်ချောင်းများအတွင်းမှ ဖမ်းဆီးရမိလျှင် ပြန်လည်လွှတ်ပေးခြင်းမပြုဘဲ တစ်ခါတည်းကိစ္စတုံး သတ်ဖြတ်သင့်ပေသည်။ ကျွန်တော်တို့ လားရှိုးဘက်မှတော့ အီနိုင်းချောင်းအတွင်းမှ စုပ်ခွက်ငါးများကို ဘဲမွေးသူများက ဖမ်းဆီးပြီး နှုတ်နှုတ်စဉ်းကာ ဘဲစာအဖြစ်ကျွေးမွေးနေသည်ကိုတော့ ဝမ်းသာအားရဖွယ်တွေ့မြင်ရပေသည်။

ကိုပြည့်