News

“ဝမ်းသာစရာပါ …မြန်မာနိုင်ငံ၏ ပထမဦးဆုံး COVID-19 ကပ်ရောဂါ ကုသဆေးဝါးထုတ်လုပ်မှု အောင်မြင်”

မြန်မာနိုင်ငံ၏ပထမဦးဆုံး COVID – 19 ကပ်ရောဂါကုသဆေးဝါးထုတ်လုပ်မှုအောင်မြင်ကြောင်း AA Medical Products ၏ ကြေညာချက်အရ သိရသည်။

အဆိုပါဆေးသည် COVID-19 ကုသဆေး “FAVIPAC (Favipiravir 200mg) အမည်ရ သောက်ဆေးဖြစ်ကြောင်း သိရသည်။

COVID-19 လူနာများ (Mild to Moderate Symptom) အတွက် Pacific Medical Industries Ltd (PMI) အနောက်တိုင်းဆေးဝါးစက်ရုံမှ မြန်မာနိုင်ငံတွင် ပထမဦးဆုံးထုတ်လုပ်ခြင်းဖြစ်ပြီး “FDA approval” ရရှိ၍ လှူဒါန်းခြင်းများ ပြုလုပ်နေပြီဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

FAVIPAC (Favipiravir 200mg) သောက်ဆေးကို COVID-19 ရောဂါလက္ခဏာ အနည်းငယ်ပြချိန်မှစ၍ သောက်သုံးကုသခြင်းဖြင့် အမြန်နလန်ထူလာနိုင်ခြင်း၊ အလွန်ဆိုးရွားသောရောဂါအဆင့်သို့ ရောက်ရှိခြင်းမှလျော့ချနိုင်ခြင်း စသည့် အကျိုးကျေးဇူးများစွာရရှိနိုင်ကြောင်း သိရသည်။

အဆိုပါ generic medicine FAVIPAC (Favipiravir 200mg) tablet အား အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဋ္ဌာနသို့ အောက်တိုဘာလဆန်းတွင် Registration Sample & Registration Dossier အပ်နှံ၍ ဆေးဝါးမှတ်ပုံတင်ခြင်းများကို ဆောင်ရွက်ခဲ့ရာ ယခုအခါ Myanmar FDA ​၏ခွင့်ပြုချက်ရရှိခဲ့ကြောင်း သိရသည်။

Pacific Medical Industries Ltd (PMI) သည် Japan, Russia, China, India, Taiwan, ဥရောပနိုင်ငံများနှင့် တောင်အမေရိကားနိုင်ငံများ အပါအဝင် နိုင်ငံအများအပြားတွင် သုံးစွဲနေသော Favipiravir 200mg (Original Product’s Brand Name – Avigan from Japan) ကို PMI ၏ နိုင်ငံခြားသား Research & Formulation Scientist များ၊ Analytical Method Development Scientist များ နှင့်

မြန်မာ Pharmacist များပူးပေါင်းကာ PMIစက်ရုံ၏ R & D Center တွင် ပြည်ပမှတင်သွင်းလားသော raw material များအသုံးပြု၍ generic medicine အဖြစ် တီတွင်ထုတ်လုပ်နိုင်ခဲ့ပါသည်။ ဤသို့ FAVIPAC (Favipiravir 200mg) PMI စက်ရုံတွင် ထုတ်လုပ်မူသည် မြန်မာနိုင်ငံ၏ ပထမဦးဆုံး Covid19 ကပ်ရောဂါ ကုသဆေးဝါးထုတ်လုပ် အောင်မြင်မှုဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ယခုဖြစ်ပွားလျက်ရှိသည့် COVID-19 Pandemic ၏ ကုသဆေးဝါးများလိုအပ်ချိန် မြန်မာနိုင်ငံ၌ COVID-19 လူနာများ ကုသရန်အတွက် ကျပ် (၅၈၅)သိန်းတန်ဖိုးရှိ FAVIPAC (Favipiravir 200mg) Tablet 60,000 ကို COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီထံမှတစ်ဆင့် တစ်နိုင်ငံလုံးရှိ COVID-19 ကုသဆေးရုံ (၂၅)ရုံအပြင် Tablet 15,000 ကို တပ်မတော်၏ COVID-19 ကုသရေးဆေးရုံများသို့ ပေးအပ်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ စံတော်ချိန်မှ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ တာဝန်ရှိသူများထံသို့ ဆက်သွယ်မေးမြန်းရာ ရုံးပိတ်ရက်ဖြစ်သည့်အတွက် ပြန်လည်ဖြေကြားနိုင်ခြင်း မရှိသေးကြောင်း ဆိုသည်။

သတင်း – သီတာလွင်

ဓာတ်ပုံ – AA Medial Produts Ltd