မြန်မာနိုင်ငံမှာ တရားမဝင်တဲ့ နှစ်လုံးထီမှာ ၀၀ ကနေ ၉၉ အထိ ဂဏန်းအကွက်ပေါင်း ၁၀၀ ရှိတဲ့အတွက် ဂဏန်းတစ်ကွက်ပဲထိုးထားရင် ထီပေါက်နိုင်ခြေ ၁% ရှိပါတယ်။ လေး,ငါးကွက်ထိုးရင် ပေါက်နိုင်ခြေ ပိုများလာပါတယ်။
ဂဏန်း ၃ လုံးရှိတဲ့ ချဲထီ မှာတော့ (000) ကနေ (999) အထိ ဂဏန်းကွက်ပေါင်း တစ်ထောင်ရှိ လာတဲ့အတွက် ဂဏန်းတစ်ကွက်ကို ထီထိုးထားမယ်ဆိုရင် ထီပေါက်နိုင်ခြေက (0.1%) တစ်ထောင်မှာ တစ်ကွက်ပဲရှိပါတော့တယ်။ဂဏန်းနှစ်လုံးထက် ဂဏန်းသုံးလုံးက ပေါက်ဖို့ပိုပြီး ခက်ခဲပါတယ်။
သူများနိုင်ငံတွေက အစိုးရထီတွေမှာ ဂဏန်း ၆ လုံးပဲရှိတဲ့အတွက် 000,000 ကနေ 999,999 အထိဆိုရင် ဂဏန်းကွက်ရေတစ်သန်း၊ ထီအစောင်ရေ ၁ သန်းပဲရှိပါတယ်။
ထီတစ်စောင်ထိုးထားရင် ၁ သန်းမှာ ၁ စောင် ထီပေါက်နှုန်းဖြစ်ပါတယ်။ လူဦးရေ (၇) သန်းရှိတဲ့ စင်ကာပူမှာ အစိုးရထီဟာ ဂဏန်းခြောက်လုံး၊ စောင်ရေ တစ်သန်းပဲထုတ်ပါတယ်။ လူဦးရေ သန်း (၇၀) လောက်ရှိတဲ့ ထိုင်းနိုင်ငံမှာ ဂဏန်းခုနစ်လုံး၊ စောင်ရေ ၁၀ သန်းပဲထုတ်ပါတယ်။
မြန်မာ့အောင်ဘာလေထီမှာတော့ ပြည်သူတွေကို စေတနာမထားလိုက်ပုံက ဂဏန်းခြောက်လုံးရှေ့မှာ က မှ အ အထိ အက္ခရာ ၃၃ လုံးကို ထပ်ထည့်ပါတယ်။ စုစုပေါင်း ( ထီစောင်ရေ ၃၃ သန်း ) အထိ ဖောင်းပွများပြားလာပါတယ်။
ထပ်တိုးအက္ခရာထုတ်တာကလဲ လတိုင်းရှိပါသေးတယ် ။ မြန်မာနိုင်ငံလူဦးရေ (၅၅) သန်းမှာ ဂဏန်းခုနစ်လုံးစာ စောင်ရေ ၁၀ သန်း ထုတ်မယ်ဆိုရင်တောင်မှ လွန်ချင်ချင်ဖြစ်နေပါပြီ။ အခုက အက္ခရာတွေပါထပ်ထည့်ပြီး ထီကစားတာဟာ တရားလွန်ပါတယ်။
ပေါက်မဲဆုဆိုတာ ထီလက်မှတ်တစ်စောင်ချင်းနဲ့ပဲ သက်ဆိုင်တာပါ။ ထီပေါက်ဖို့ အက္ခရာတွေနဲ့ ခက်ခဲစေရုံသာမက ၅၀၀ တန်ထီလက်မှတ်ကို ၅၀၀ နဲ့ထိုးနိုင်အောင်၊ ၁၀၀၀ တန်ထီလက်မှတ် ကို ၁၀၀၀ နဲ့ထိုးနိုင်အောင် လုပ်ပေးနိုင်ခြင်း မရှိပါဘူး။
မြန်မာပြည်မှာထီထိုးရင် ထီသည်က တွဲချင်သလိုတွဲထားတဲ့အစောင်တွေကို ဈေးပိုပေးပြီး ထိုးရတာပါ။ ၃ စောင် ၊ ၅ စောင်တွဲ၊ ဆယ်စောင်တွဲ၊ မင်္ဂလာစုံတွဲ ၊ ရှယ်မွှာ ၊ နောက်စီးရီး၊ ရှေ့စုံတွဲ ဆိုတဲ့ အမျိုးမျိုး *ဂျင်းထည့် *ဈေးတင်တာတွေခံရပြန်ပါတယ်။
ထီဆုကြေးကျပြန်တော့ခေတ်အဆက်ဆက်မှာရောင်းရငွေစုစုပေါင်းရဲ့ ၄၀% ကို အစိုးရက ယူပြီး ၆၀% ကိုပဲဆုကြေးအဖြစ်ပြန်ပေးတာပါ ။
ဖြစ်သင့်တာ အခွန်ကောက်သလို ၂၀%လောက်ပဲ အစိုးရကယူပြီး ၈၀% ကို ဆုကြေးအဖြစ်ပေးသင့်ပါတယ်။
ပိုင်ရှင်မဲ့ ဆုငွေလာ မထုတ်တဲ့ ထီဆုတွေ၊ ထီလက်မှတ်တွေကလည်း တစ်နှစ်တစ်နှစ်မှာ သိန်းပေါင်းသောင်းချီ သိမ်းယူရတာရှိသေးတယ် ။
အခုတော့ ဆင်းရဲမွဲတေမှုလျှော့ချဖို့လိုအပ်နေတဲ့ ဆင်းရဲတဲ့နိုင်ငံမှာ အစိုးရက အမြတ်ကြီးစားသလို ဖြစ်နေပါ တယ်။ခေတ်ကာလနဲ့အညီ *ရောင်းချမှုပုံစံ ပြောင်းသင့်နေပါပြီ ၊ရှင်းရှင်းလင်းလင်းဖြစ်တဲ့ *ဆုကြေးပေးမှုပုံစံ တွေလဲပြောင်းလဲရမှာပါ။
ခေတ်အဆက်ဆက် အောင်ဘာလေထီဌာန တာဝန်ရှိသူတွေဟာ ပြည်သူတွေအပေါ် တာဝန်မကျေခဲ့၊ စေတနာမထားနိုင်ခဲ့ကြပါဘူး။
ချဲထီကို တရားမဝင်၊ မကောင်းပြောပြီး ချဲထီထက် အမြတ်ကြီးစားနေတာ၊ ပြည်သူတွေခံနေရတာ အောင်ဘာလေထီ ဖြစ်နေပါတယ်။
ကမ္ဘာ့ထိပ်တန်းနိုင်ငံကြီးတွေက အစိုးရတွေ ရပ်တည်လည်ပတ်နေတာဟာ အခွန်ဘဏ္ဍာငွေနဲ့ ဖြစ်ပါတယ်။ ထီဆိုတဲ့လောင်းကစားက ငွေရှာပြီး အစိုးရအဖွဲ့လည်ပတ်နေတာ မဟုတ်ပါဘူး။
*တိုင်းပြည်ဘဏ္ဍာအတွက်ဆိုသော်လည်း ကစားပွဲတစ်ခုအနေနဲ့ *မျှမျှတတ ‘ Fair Play ‘ ဖြစ်ဖို့လိုပါတယ်။ သူများနိုင်ငံတွေက ထီနည်းစနစ်တွေကို လေ့လာကြဖို့၊ ပြုပြင်ပြောင်းလဲဖို့ အောင်ဘာလေထီဌာနက တာဝန်ရှိသော လူပုဂ္ဂိုလ်များကို တိုက်တွန်းလိုက်ပါတယ်။
Freeman , Ko Nyi Nyi ၏ပိုစ့်အားအကျဉ်းချုပ်၍ ပြန်ရှဲပါသည်။