ဒီဇင်ဘာ (၃၀) ရက်၊ ၂၀၂၀။
အခြေခံပညာစာသင်ကျောင်းနဲ့ တက္ကသိုလ်တွေ ပြန်ဖွင့်မယ့်ကိစ္စဟာ ပြည်သူတွေရဲ့ ကိုဗစ်ကာကွယ်ရေးဆိုင်ရာ စည်းကမ်းလိုက်နာမှုအပေါ် မူတည်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောလိုက်ပါတယ်။
ဒီဇင်ဘာလ (၂၉) ရက်နေ့က ပြုလုပ်ခဲ့တဲ့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနနဲ့ ပညာရေးဝန်ကြီးဌာနတို့ရဲ့ ကိုဗစ်ကာကွယ် ထိန်းချုပ်နိုင်မှု အခြေအနေအရ ကျောင်းတွေ အဆင်သင့်ဖြစ်နိုင်ဖို့ ကြိုတင်ပြင်ဆင်ရေး ညှိနှိုင်းအစည်းအဝေးမှာ ဒေါက်တာမြင့်ထွေးက အခုလို ပြောကြားခဲ့တာပါ။
“စာသင်ကျောင်းတွေဟာ နေရာစုံက ကျောင်းသား၊ ကျောင်းသူတွေ လာရောက်စုဝေးတဲ့ နေရာဖြစ်ပါတယ်။ အဲဒါကြောင့် တစ်ယောက်နဲ့တစ်ယောက် အချိန်ကြာမြင့်စွာ ထိတွေ့တဲ့နေရာတွေဖြစ်လို့ ကိုဗစ်ရောဂါ ကာကွယ်ရေးစည်းကမ်းတွေကို အတိအကျ လိုက်နာဖို့ အထူးအရေးကြီးပါတယ်။” လို့ ဒေါက်တာမြင့်ထွေးက ပြောခဲ့ပါတယ်။
စာသင်ကျောင်းတွေကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ တစ်ပြိုင်နက်တည်းမဖွင့်ဘဲ ရောဂါဖြစ်ပွားမှုနည်းတဲ့ မြို့နယ်တွေ၊ လူဦးရေနည်းတဲ့ နေရာတွေ၊ ရွှေ့ပြောင်းနေထိုင်သူနည်းတဲ့ နေရာတွေကစပြီး အဆင့်လိုက် စတင်ဖွင့်လှစ်ဖို့ အကဲဖြတ် ဆန်းစစ်သုံးသပ်ပြီး ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အခုလိုဖွင့်လှစ်နိုင်ဖို့ နေရာဒေသအလိုက် ကိုဗစ်ဖြစ်ပွားမှုအခြေအနေ၊ ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှု အနေအထားတွေကို သုံးသပ်ပြီး စာသင်ကျောင်းတွေ ပြန်လည်ဖွင့်လှစ်မယ့်ကိစ္စကို ကိုဗစ်ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့်ဗဟိုကော်မတီရဲ့ အဆုံးအဖြတ်ကို ရယူသွားမယ်လို့ သိရပါတယ်။
ကိုဗစ်ကူးစက်မှုနှုန်း မြှင့်တက်လာကြောင့် မြန်မာတနိုင်ငံလုံးက အခြေခံပညာကျောင်းပေါင်း (၆,၅၂၆) ကျောင်းကို ပုံမှန်ကျောင်းဖွင့်ရာသီမှာ ယာယီပိတ်ထားခဲ့ရတာပါ။
အဲဒီနောက် ဇူလိုင်လ (၂၁) ရက်မှာ ပြန်လည်ဖွင့်ခဲ့ပေမဲ့ သြဂုတ်လထဲမှာ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်မှာ ကိုဗစ်လူနာအရေအတွက် များလာပြီးတဲ့နောက် တစ်နိုင်ငံလုံးကကျောင်းတွေကို ပြန်ပိတ်ခဲ့ရတာ ဖြစ်ပါတယ်။
#Omedia #School #Covid19 #Rule #AP