News

ရန်ကုန်-ဘန်ကောက် ၉ နာရီအရောက်သွားလာနိုင်မည့် လမ်းမစီမံကိန်းကြီး

ရန်ကုန်မှ ဘန်ကောက်သို့ မော်တော်ယာဉ်ဖြင့် ၉ နာရီအရောက်သွားလာနိုင်မည့် လမ်းမကြီးစီမံကိန်းကို အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ချေးငွေ အကူအညီဖြင့် စတင်နေပြီဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။

ပဲခူး-ကျိုက်ထို အမြန်လမ်းမကြီးစီမံကိန်းကို ADB မှချေးယူသော အမေရိကန်ဒေါ်လာ ၄၈၃ ဒသမ ၈ သန်းဖြင့် ဖောက်လုပ်သွားမည်ဖြစ်သည်။ ယင်းစီမံကိန်းပြီးစီးသွားပါက လက်ရှိ ၁၆ နာရီကြာခရီးမှ ၉ နာရီကြာခရီးသို့ ပြောင်းလဲသွားမည်ဖြစ်သည်။

ရန်ကုန်-သီလဝါမှ ထိုင်းနိုင်ငံဘန်ကောက်အထိ မော်တော်ယာဉ်ခရီးမိုင် ၅၇ဝ ခန့်ရှိကြောင်း၊ မြန်မာနိုင်ငံမှ ကျိုက်ထီးရိုးစေတီတော်နှင့် ရွှေတိဂုံစေတီတော်ကို ထိုင်းနိုင်ငံသားများက ဖူးမြော်ရန်ဆန္ဒရှိကြသလို မြန်မာနိုင်ငံသားများကလည်း မြဘုရားကို ဖူးမြော်ချင်ကြကြောင်း၊

ထို့ကြောင့် ဘန်ကောက်မှ ရန်ကုန်သို့ ၉ နာရီနှင့်ရောက်လိုလျှင် ရန်ကုန်-သီလဝါမှ မြဝတီနယ်စပ်အထိ ၄ နာရီခွဲဖြင့် ရောက်ရှိနိုင်ရန်လိုအပ်ကြောင်း၊ ထိုင်းနိုင်ငံဘက်ကလည်း မြဝတီ-မဲဆောက်နယ်စပ်မှ ဘန်ကောက်အထိ ၄ နာရီခွဲနှင့် ရောက်ရှိနိုင်ရန် လိုအပ်ကြောင်းများကို ADB အစည်းအဝေးများတွင် နှစ်နိုင်ငံတာဝန်ရှိသူများက ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သီလဝါဆိပ်ကမ်းမှ ဘန်ကောက်အထိ ယာဉ်မောင်းချိန် ၉ နာရီတည်းဖြင့် သွားလာရာတွင် မြို့များကို ဖြတ်သန်းသွား၍မရနိုင်သောကြောင့် မြို့ရှောင်လမ်းများကို ဖောက်လုပ်နေခြင်းဖြစ်ပြီး ယခုအခါ ဖောက်လုပ်ဆဲ မြို့ရှောင်လမ်းအချို့သည် ပြီးစီးတော့မည်ဖြစ်သည်။

”မြို့တွေထဲကသွားရင် ရန်ကုန်မြို့အထွက် ထောက်ကြန့်ကတည်းက ယာဉ်ကြောပိတ်ဆို့မှုကို စတင်ကြုံရမှာဖြစ်တယ်၊ မော်တော်ယာဉ်တွေ၊ မော်တော်ဆိုင်ကယ်တွေ၊ အနှေးယာဉ်တွေနဲ့ ရောထွေးပြည့်နှက် နေတဲ့ အခြေအနေဖြစ်တော့ ၉ နာရီတည်းနဲ့ သွားလာဖို့ဆိုတာမဖြစ်နိုင်ဘူး။ ဒါကြောင့် ပဲခူး-ကျိုက်ထို အမြန်လမ်းမကြီးအပြင် အခြားမြို့ရှောင်လမ်းတွေလည်း ဖောက်လုပ်ဖို့လိုအပ်လာတာပါ။

အခုကျိုက် ထိုမြို့ရှောင်လမ်းဖောက်လုပ်နေတာ မြေသားလုပ်ငန်းတော့ ပြီးစီးသွားပြီ။ မကြာခင်မှာ လေးလမ်းသွားလမ်း အဖြစ် ပေါ်ထွန်းလာတော့မယ်”ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းဖောက်လုပ်ရေးမှ အင်ဂျင်နီယာ တဦးကရှင်းပြသည်။ ထို့အပြင် သထုံမြို့ရှောင်လမ်းကို ဒုံသမိတံတားမှစကာ သထုံမြို့၊ ကျိုက်ကော် သိမ်ဆိပ်တို့ကိုရှောင်ကွင်း၍ ဘီးလင်းမြို့အနီးမှ ဖောက်လုပ်သွားမည်ဟုလည်းဆိုသည်။

ရန်ကုန်-ဘန်ကောက် အမြန်လမ်းမကြီးပြီးစီးသွားလျှင် ရန်ကုန်မြို့ အရှေ့ဘက်အခြမ်းရှိ သန်လျင်၊ သုံးခွ၊ ခရမ်းမြို့နယ်များ၊ သနပ်ပင်၊ ပဲခူး၊ ကျိုက်ထိုမြို့တို့သည် စီးပွားရေးစင်္ကြံလမ်းမအသစ်အဖြစ် ပေါ်ထွက် လာမည်ဖြစ်ပြီး လက်ရှိဖွံ့ဖြိုးပြီးဖြစ်သော ရန်ကုန်၊ ထောက်ကြန့်၊ လှည်းကူး၊ အင်းတကော်၊ ပဲခူးစင်္ကြံ လမ်းပိုင်းနှင့် ဟန်ချက်ညီစွာ ဖွံ့ဖြိုးလာမည်ဖြစ်သည်။

အဆိုပါလမ်းပိုင်း၏ အကျိုးကျေးဇူးကြောင့် ရန်ကုန်တိုင်း GDP သည် မြန်မာနိုင်ငံ GDP တွင် ၃၃ ရာခိုင်နှုန်းအထိပါဝင်လာနိုင်မည်ဖြစ်ပြီး နိုင်ငံအတွင်းဆက်စပ် သွားလာမှုသာမက ကုန်သွယ်မှုပမာဏတွင်လည်း တနှစ်လျှင် ပျမ်းမျှအမေရိကန်ဒေါ်လာ ၅ ဒသမ ၄ ဘီလီယံ ရှိလာမည်ဖြစ်သည်။

မြန်မာနိုင်ငံ ဒုတိယအများဆုံး ကုန်သွယ်ဘက် ထိုင်းနိုင်ငံနှင့် မဟာမဲခေါင်ဒေသတွင်းနိုင်ငံများဖြစ်ကြသော လာအို၊ ကမ္ဘောဒီယား၊ ဗီယက်နမ်နိုင်ငံများကပါ မြန်မာနိုင်ငံအတွင်းဖြတ်သန်း၍ သီလဝါဆိပ်ကမ်းမှတဆင့် အခြားပြည်ပနိုင်ငံများသို့ ကုန်စည်များလွယ်လင့်တကူ စီးဆင်းနိုင်မည်ဖြစ်သောကြောင့် နိုင်ငံဖြတ်ကျော် ကုန်သွယ်မှုများနှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများကြောင့် လမ်းဖြတ်သန်းသွားလာအသုံးပြုခများ၊ အခြား အခွန်အခများလည်း ရရှိလာမည်ဖြစ်ကြောင်းသိရသည်။

၎င်းစီးပွားရေးစင်္ကြံလမ်းမအသစ်ကြီးနှင့်အတူ လမ်းဘေးဝဲယာတွင် စီးပွားရေးဇုန်များ၊ သိုလှောင်ရုံများနှင့် ကုန်းတွင်းဆိပ်ကမ်း (Dry Port) များလည်းပေါ်ပေါက်လာနိုင်ပြီး အလုပ်အကိုင်အခွင့် အလမ်းများစွာ ရရှိလာနိုင်ကြောင်း သုံးသပ်နေကြသည်။
ခရမ်းစိုးမြင့်

Photo – Ye Naung

ရန်ကုန်-ဘန်ကောက် ကုန်းလမ်းဖြင့် အချိန်တိုအတွင်းသွားလာနိုင်ရေး၏ အစိတ်အပိုင်းတခုဖြစ်သည့် ကျိုက်ထိုမြို့ရှောင်လမ်းအကြောင်း ရုပ်သံသတင်းကို ယနေ့ ဒီဇင်ဘာ ၂၆ ရက် မွန်းလွဲ ၁ နာရီအချိန်တွင် News Watch နှင့် News Watch Tv page (https://www.facebook.com/NewsWatchWeekly) တွင် တင်ဆက်ပေးသွားမည်ဖြစ်ပါသည်။

#News Watch

မှကူးယူဝေမျှဖော်ပြပါသည်။