ဒီဇင်ဘာလ(၂၉) ရက်၊ ၂၀၂၀။
ကိုဗစ်ကြောင့် ကမ္ဘာမှာ ဘီလျံနာအသစ်ဖြစ်လာတဲ့ ဆရာဝန်နဲ့ဆေးဘက်ဆိုင်ရာပညာရှင် အယောက်ငါးဆယ် ထပ်တိုးလာခဲ့တယ်လို့ အမေရိကန် ဘဏ္ဍာရေးနဲ့ စီးပွားရေးစစ်တမ်းအဖွဲ့ Forbes က ဒီဇင်ဘာ (၂၈) ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
တရုတ်ပြည်ဝူဟန်မြို့မှာစဖြစ်ခဲ့တဲ့ ကိုဗစ်ဗိုင်းရပ်စ်ကြောင့် ဒီနေ့ကမ္ဘာမှာ သေဆုံးသူပေါင်း (၁.၇) သန်းရှိနေပြီး အမေရိကန် တစ်နိုင်ငံတည်းမှာပဲ ကူးစက်ခံရသူပေါင်း (၁၇) သန်းကျော်နဲ့ သေဆုံးသူ (၃၃၂,၇၂၃) ယောက်ရှိနေပြီ ဖြစ်ပါတယ်။
ဒါကြောင့် နိုင်ငံအသီးသီးက အစိုးရတွေဟာ ကိုဗစ်ကာကွယ်ဆေး ထုတ်လုပ်နိုင်ဖို့အတွက် ငွေကြေးတွေသုံးစွဲပြီး ဆေးဘက်ဆိုင်ရာ ပညာရှင်တွေဘက်ကို ပုံအော သုံးစွဲမှုတွေလုပ်ခဲ့တာကနေ ဘီလျံနာအယောက်ငါးဆယ် ထပ်တိုးလာပြီး အဲဒီအထဲမှာ တရုတ်နိုင်ငံက (၂၈) ယောက် ပါဝင်နေခဲ့ပါတယ်။
ဘီလျံနာအသစ် စာရင်းထဲဝင်လာတဲ့ စာရင်းထဲ့မှာ အထင်ရှားဆုံးကတော့ BioNTech ကုမ္ပဏီပူးတွဲထူထောင်သူ တူရကီဖွားဂျာမန်သား အော်ရှာဟင်နဲ့ မက်ဆာချူးဆက်အခြေစိုက် Moderna ကုမ္ပဏီစီအီးအို စတက်ဖနီဘန်ဆယ် တို့ပဲ ဖြစ်ပါတယ်။
ရှာဟင်ရဲ့ကြွယ်ဝမှုက ဇန်နဝါရီလနောက် ပိုင်းကတည်းက တစ်ရိပ်ရိပ်တက်လာပြီး ဒေါ်လာ (၄ .၂) ဘီလီယံအထိ ရှိလာခဲ့ပါတယ်။ BioNTech ကုမ္ပဏီက ထုတ်တဲ့ဆေး အောင်မြင်မှုကြောင့် သူတို့ကုမ္ပဏီရှယ်ယာဈေးနှုန်းဟာ (၁၆၀) ရာခိုင်နှုန်းအထိ မြင့်တက်သွားခဲ့ပါတယ်။
၂၀၁၁ ခုနှစ်မှာ Moderna စီအီးအိုဖြစ်လာတဲ့ ပြင်သစ်နိုင်ငံသား ဘန်ဆယ်ဟာလည်း မတ်လက သူပိုင်တဲ့ရှယ်ယာအစု တစ်သန်းကျော်ကို စတော့ရှယ်ယာဈေးကွက်တင် ရောင်းချခဲ့ပါတယ်။
အခုအချိန်မှာတော့ သူတို့ကုမ္ပဏီထုတ်လုပ်တဲ့ ကိုဗစ်ကာကွယ်ဆေးက အောင်မြင်တော့မှာဖြစ်တဲ့အတွက် ရှယ်ယာဈေးဟာ (၅၅၀) ရာခိုင်နှုန်း မြင့်တက်သွားခဲ့တာကြောင့် ဘီလျံနာစာရင်းဝင်သွားခဲ့တာပဲ ဖြစ်ပါတယ်။
နောက်ထပ် ပြောစမှတ်တွင်တဲ့ ဘီလီယံနာအသစ် ဖြစ်လာသူကတော့ တရုတ်နိုင်ငံသူ ယွမ်လီပင်းပဲ ဖြစ်ပါတယ်။
သူမဟာ ဇွန်လက ခင်ပွန်းဒူဝီးမင်နဲ့ ကွာရှင်းလိုက်တုန်းကရရှိတဲ့ စရိတ်ထဲက (၂၄) ရာခိုင်နှုန်းကို Pfizer ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီရှယ်ယာထဲ ထည့်သွင်းထားတဲ့အတွက် သူ့ရဲ့ ကြွယ်ဝမှုဟာ ဒေါ်လာ (၄ .၁) ဘီလီယံအထိ တိုးမြင့်သွားခဲ့ပြီး ကနေဒါနိုင်ငံရဲ့ အချမ်းသာဆုံးအမျိုးသမီး ဖြစ်လာခဲ့ပါတယ်။
အခုအချိန်မှာတော့ Pfizer-BioNTech ကိုဗစ် ကာကွယ်ဆေးကို အမေရိကန်၊ ယူနိုက်တက်ကင်းဒမ်း အပါအဝင် နိုင်ငံတော်တော်များများက အရေးပေါ်ကာကွယ်ဆေးအဖြစ် စတင်အသုံးပြုနေကြပြီ ဖြစ်ပါတယ်။
Ref : Dailymail
Photo : Forbes
#Omedia #Covid19 #Vaccine #Billionaires #TZ