#လန်ဒန်အထိမြန်မာ့ထောပတ်သီးတင်ပို့နိုင်ခဲ့သည့် Shan Avocado Company #စွန့်ဦးတီထွင်လုပ်ငန်းရှင်ဆုရရှိ
—————————————————————-
#ဂျာမနီနှင့်နယ်သာလန်နိုင်ငံတို့ကလည်း ဝယ်ယူလိုမှုများရှိနေ
————————
ရန်ကုန်၊ဒီဇင်ဘာ ၂၇ရက်
တောင်သူများ ဦးဆောင်ဖွဲ့စည်းထားသော Shan Avocado Company ကို လန်ဒန်အထိ မြန်မာ့ထောပတ်သီးတင်ပို့နိုင်ခဲ့မှုဖြင့် မြန်မာ့ထောပတ်သီးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းက စွန့်ဦးတီထွင်လုပ်ငန်းရှင်ဆုချီးမြှင့်ပေးအပ်လိုက်သည်ဟု ယင်းအသင်း (MAVO) ၏ တတိယအကြိမ်မြောက်နှစ်ပတ်လည်အသင်းသားစုံညီအစည်းအဝေးကသိရသည်။
မြန်မာ့ထောပတ်သီး၏ သမိုင်းသစ်ကို ထုဆစ်နိုင်ခဲ့ခြင်းကြောင့်ဖြစ်သည်ဟုသိရသည်။
မြန်မာ့ထောပတ်သီးကိုလန်ဒန်သို့တင်ပို့ခဲ့ရာတွင် စားသုံးသူတို့၏ မှတ်ချက်ကောင်းကိုရရှိခဲ့သည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်ကပြည်တွင်းဈေးကွက်တွင် ဈေးကောင်းရရှိသကဲ့သို့ မြန်မာနိုင်ငံမှ ထောပတ်သီး (၃) မျိုးကို ဗြိတိန်ဈေးကွက်သို့ စမ်းသပ်တင်ပို့ခဲ့ရာတွင်လည်း ရလဒ်ကောင်းများရရှိသည်ကို ကြားသိရသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်းနှင့်ပူးပေါင်းကူညီဆောင်ရွက်ပေးသော USAID, UKaid တို့ကဲ့သို့သော အဖွဲ့အစည်းများ၏ ပံ့ပိုးမှုများကိုလည်း အသိအမှတ်ပြု ကျေးဇူးတင်ပါကြောင်းပြောသည်။
ထောပတ်သီးကို စင်္ကာပူနိုင်ငံ၊ တရုတ်နိုင်ငံတို့မှ ဝယ်လိုအားရှိသကဲ့သို့ အနောက်နိုင်ငံများဖြစ်သည့် ယူကေ၊ ဂျာမနီနှင့် နယ်သာလန်နိုင်ငံများကလည်း ဝယ်ယူလိုမှုများရှိနေသည့်အပြင် ထောပတ်သီးအဆီကိုလည်း ဂျပန်နိုင်ငံ၊ ကိုရီးယားနိုင်ငံများက ဝယ်လိုအား ရှိသည်ဟု ဝန်ကြီး၏ ပြောကြားချက်အရသိရသည်။
MH