News

ကိုဗစ်ဓာတ်ခွဲနမူနာ ထောက်ခံချက် အတုပြုလုပ်ပေးသော ကွန်ပျူတာဆိုင်ပိုင်ရှင် တစ်ဦးနှင့် ဖြန့်ဝေသူ ၃ ဦးအား ဖမ်းဆီ

ဝေါမြို့နယ်၌ ကိုဗစ်ဓာတ်ခွဲနမူနာ ထောက်ခံချက် အတုပြုလုပ်ပေးသော ကွန်ပျူတာဆိုင်ပိုင်ရှင် တစ်ဦးနှင့် ဖြန့်ဝေသူ ၃ ဦးအား ဖမ်းဆီးရမိ

မျိုးမြတ် (မြစ်မခ)

ဝေါ၊ ဒီဇင်ဘာ ၂၈ ရက်။

ပဲခူးခရိုင်၊ ဝေါမြို့နယ်၌ ကိုဗစ်ဓာတ်ခွဲနမူနာ ထောက်ခံချက် တစ်ရွက်လျှင် တစ်ထောင်ကျပ်နှုန်းဖြင့် အတု ပြုလုပ်ပေးသော ကွန်ပျူတာဆိုင်ပိုင်ရှင် တစ်ဦးနှင့် ဖြန့်ဝေသူ ၃ ဦးတို့အား ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း နယ်မြေခံ ရဲစခန်းမှ သိရှိရသည်။

Covid-19 ရောဂါပြန့်ပွားမှု မရှိစေရေး ဝေါမြို့နယ်၊ စစ်တောင်းတံတားသစ် (မုပ္ပလင်)၌ ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များကို Covid-19 ရောဂါအမြန်စစ်ကိရိယာဖြင့် စစ်ဆေးလျက်ရှိရာ လွန်ခဲ့သော အပတ်က ကိုဗစ်ဓာတ်ခွဲမှု နမူနာ ထောက်ခံချက်အတု ကိုင်ဆောင်သူ ၆ ဦးအား ဖမ်းဆီးရမိပြီး

ရဲတပ်ဖွဲ့မှ ဆက်လက် စစ်ဆေးရာ ထောက်ခံချက်အတုပြုလုပ်ပေးသူ ကွန်ပျူတာဆိုင်ပိုင်ရှင် ၁ ဦးနှင့် ဖြန့်ဝေသူ ၃ ဦိးတို့အား ဒီဇင်ဘာ ၂၇ ရက်က ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

“ဌာနပေါင်းစုံနဲ့ တစ်ဖက်တိုင်းနဲ့ ပြည်နယ် အဝင်/အထွက် ဂိတ်တွေမှာ ကုန်တင်ကားမောင်းသူနဲ့ နောက်လိုက် တွေကို Covid ရောဂါ ရှိ/ မရှိစစ်ဆေးနေပါတယ်။

အချို့ကားသမားတွေက ကိုယ့်နည်း ကိုယ့်ဟန်နဲ့ ကျန်းမာရေး စစ်ဆေးချက် လက်မှတ်အတု လုပ်ထားတာတွေ့ရတယ်။ ငွေရပြေစာ၊ ကျန်းမာရေးမှူး လက်မှတ်၊ တံဆိပ်တုံးတွေ အားလုံးကို ကွန်ပျူတာနဲ့ Scan ဖတ်ပြီး Print ထုတ်ထားကြောင်း တွေ့ရလို့ ဖမ်းဆီးရမိ သူတွေ ကို စစ်ဆေးတော့ ကွန်ပျူတာဆိုင်ကို ဖော်ထုတ်လို့ ရပါတယ်။

ပြုလုပ်ပေးသူနဲ့ ဖြန့်ဝေသူ အားလုံးပေါင်း ၄ ဦး ဖမ်းဆီးရမိပါတယ်။ ကွန်ပျူတာနဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရမိပါတယ်။ ကွန်ပျူတာ သမားက အတု လတ်မှတ် တစ်စောင်ကို တစ်ထောင်ကျပ်နှုန်းနဲ့ ဖြန့်ဝေကြောင်း သိရတယ်။ ဖြန့်ဝေသူက တစ်သောင်းခွဲကျပ်နဲ့ ပြန်ဖြန့်ဝေခဲ့တယ်လို့ သိရတယ်။”ဟု ဝေါမြို့နယ်၊ ညောင်ခါးရှည် ရဲစခန်းမှ စခန်းမှူး ရဲအုပ် ကိုကိုဇော်က ပြောသည်။

စစ်တောင်းတံတားဂိတ်မှ ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ဖြတ်သန်း မောင်းနှင်မည့် ကုန်တင်ယာဉ်မောင်း ၆ ဦးကို Covid-19 ကျန်းမာရေး လတ်မှတ်အတု တွေ့ရှိမှုဖြင့် ဒီဇင်ဘာ ၁၇ ရက်နှင့် ဒီဇင်ဘာ ၁၈ ရက်က ဖမ်းဆီး ရမိရာမှ အမှုကွင်းဆက် တရားခံအဖြစ် ထောက်ခံချက်အတု ပြုလုပ်ပေးသူ စိုင်းဝဏ္ဏ (ခ) သန်းဇော်ထွန်း၊ တင်မင်းထွန်း၊ အောင်ဖြိုးထက်၊ ကျော်သူစိုးတို့ကို ဖမ်းဆီးရမိပြီး သဘာဝဘေးအန္တရာယ် တားဆီးကာကွယ်ရေး ဥပဒေ ပုဒ်မ ၂၅ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီးအတွင်း Covid-19 ကူးစက်ရောဂါ မပြန့်ပွားစေရေးအတွက် တိုင်းနှင့် ပြည်နယ်၊ နယ်စပ် ဖြစ်သည့် ဝေါမြို့နယ်၊ စစ်တောင်းတံတားထိပ်တွင် ကျန်းမာရေးစစ်ဆေးရေး ဂိတ်ဖွင့်လှစ်ကာ ခရီးသည်တင် ယာဉ်များ ဖြတ်သန်းခွင့်မပြုဘဲ၊

ကုန်တင်များတွင် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့အား Covid-19 ရှိ/ မရှိ၊ Covid-19 Antigen Rapid Diadnostic Test (RDT) စစ်ဆေးကာ Negative ဖြစ်သူများကိုသာ ဖြတ်သန်းခွင့် ပြုကြောင်း သိရသည်။

Myitmakha News Agency