News

“အဆိုတော်အောင်ရင် ဒုတိယအကြိမ် ကိုဗစ်ရောဂါပိုး ကူးစက်ခံရ”

လက်ရှိ အင်္ဂလန်နိုင်ငံမှာ နေထိုင်ကြတဲ့ အဆိုတော်အောင်ရင်တို့ ဇနီးမောင်နှံ ကိုဗစ်ရောဂါကူးစက် ခံလိုက်ရတယ်လို့ ဒီဇင်ဘာလ ၂၈ ရက် မနက်ပိုင်းက အောင်ရင်ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ရေး သား လာခဲ့ပါတယ်။

“Covid Positive ဖြစ်ပြီး နှစ်ပတ်အကြာမှာ ကျွန်တော်နဲ့ ဒေါ်မိုးလည်း ကံကောင်းထောက်မစွာ ဆေးရုံမရောက် အသက်မပျောက်ဘဲ ပြန်သက်သာလာပါတယ် ခင်ဗျာ။ အိုခြင်း၊ နာခြင်း၊ သေခြင်း တရားများရဲ့ နီးကပ်မှုကိုပိုမြင်လာရပါတယ်။ Covid ဖြစ်တဲ့တောက်လျှောက်မှာလည်း စိတ်ဓာတ်ကို ခိုင်မာအောင် အားတင်းထားပါတယ်။

ဒီလို နေမကောင်းတဲ့ အတောအတွင်းမှာ စိတ်ခွန်အားဖြစ် စေအောင် ဆေးတွေ၊ စားစရာတွေ မေတ္တာများစွာနဲ့ လိုလေသေးမရှိ ချက်ပြုတ် ဝယ်ခြမ်းပြီး အိမ်တိုင် ရာရောက် လာပို့ပေးကြတဲ့ ဘိလပ်ကမိတ်ဆွေ သူငယ်ချင်းများအားလုံးကို တကယ်အသိအမှတ်ပြုပြီး ကျေးဇူးတင်နေရပါတယ်။ ဖေ့ဘွတ်ပေါ်ကနေ အာလုံးပို့သတဲ့ဆုတောင်းမေတ္တာကြောင့် သက်သာလာ ပါပြီ။ ကျေးဇူးတင်ပါတယ်။ လာပေးတဲ့ မေတ္တာတွေစားပြီး အမြန်ဆုံးနေပြန်ကောင်းလာမယ် လို့လည်း ယုံကြည်ပါတယ် ခင်ဗျာ”လို့ အောင်ရင်က ရေးသားထားတာပါ။

အဆိုတော် အောင်ရင်ဟာ ပြီးခဲ့တဲ့ မတ်လ(၂၃)ရက်နေ့ တုန်းကလည်း ပထမအကြိမ် ကိုဗစ်ကူးစက် ခံရဖူးပါတယ်။ အောင်ရင်ကတော့ ကိုဗစ်ရောဂါပိုးကို အခုဆိုရင် ဒုတိယအကြိမ်ကူးစက်ခံရတာဖြစ်ပြီး ဇနီးဖြစ်သူက တော့ အခုမှစတင် ကူးစက်ခံလိုက် ရတယ်လို့လည်း သိရပါတယ်။

အောင်ရင်ကတော့ ဒီဇင်ဘာလ (၁၅)ရက်နေ့က ဆေးစစ်ခဲ့ပြီး ဇနီးဖြစ်သူကတော့ ဒီဇင်ဘာလ (၁၇)ရက်နေ့က ဆေးစစ်ချက်ယူခဲ့ရာမှာ Covid positive အဖြေထွက်လာခဲ့ကြတာပါ။

သိမ့်

Pyi Myanmar