NLD အစိုးရရဲ့ ဒုတိယ ၅နှစ် သက်တမ်းမှာ မန္တလေးမြို့တော်ဝန်အနေနဲ့ ဆက်မလုပ်တော့တာနဲ့ ပတ်သက်ပြီး ပြည်သူတွေကို ရှင်းပြဖို့လိုပြီလို့ယူဆလို့ ဒီပိုစ့်တင်လိုက်တာပါ။
ဖေဖော်ဝါရီလဆန်းလောက်ကျမှ ရှင်းပြဖို့စိတ်ကူးခဲ့ပေမယ့် ပြည်သူတွေရဲ့ တောင်းဆိုမှုများတာကြောင့်နဲ့ ၊ အစိုးရအဖွဲ့အတွင်း ပြဿနာဖြစ်နေသလိုလို ရေးသားချက်အချို့ကြောင့် စောပြီးရှင်းပြရတာပါ။
မြို့တော်ဝန်ရာထူးကို ၃ ကြိမ်တိတိငြင်းပယ်ပြီး နောက်ဆုံးနာရီပိုင်းအလိုမှ လက်ခံခဲ့တာ ပြည်သူတွေအသိပါ။
စလက်ခံကထဲက ၅ နှစ်ပဲလုပ်ပေးဖို့ဆုံးဖြတ်ခဲ့တာပါ။
အကြောင်းရင်းတွေအများကြီးထဲက အဓိကအကျဆုံးက အသက်အရွယ်ပါ။ ကျွန်တော့်အသက် ၆၈နှစ်ရှိပါပြီ။ သံသရာအတွက် ပြင်ဆင်ဖို့လိုပါပြီ။ ကျွန်တော်ဖြတ်သန်းခဲ့ရတဲ့ ဘဝတစ်လျှောက်လုံး မနက်ကစလို့ ညအချိန်အထိ မနားမနေလုပ်ခဲ့ရလို့ တရားဘာဝနာနဲ့ ကင်းဝေးခဲ့တာ အခုအချိန်အထိပါ။ ထဲထဲဝင်ဝင်လုပ်ဖို့ အချိန်ရောက်ပါပြီ။
နောက်အကြောင်းတစ်ချက်က ကျန်းမာရေးပါ။ ၂၀၁၂ ခုနှစ်က အူမကြီးထဲကအကျိတ် polyp ၁၁ ခု ခွဲထုတ်ခဲ့တာ အခုအချိန်အထိပြန်မပြရသေးပါဘူး။ အမှန်အတိုင်းက ၆ နှစ်တစ်ကြိမ်ပြရမှာပါ။ ကင်ဆာဖြစ်နိုင်ခြေများတဲ့ ရောဂါပါ။ အစာအိမ်ထဲမှာပါရှိနေပြီလို့လည်း ဝေဒနာခံစားမှုအရ ယူဆထားပါတယ်။
အမျိုးသမီးဆုံးသွားပြီးနောက် နိုင်ငံရပ်ခြားပိုင်ဆိုင်မှုအချို့ကို ကျွန်တော်နဲ့ သားရဲ့ အမည်ပြောင်းဖို့လည်းရှိနေပါသေးတယ်။
ဒါတွေက ကိုယ်ရေးကိုယ်တာ ကိစ္စတွေပါ။
အမျိုးသမီးကင်ဆာစဖြစ်တုန်းကတစ်ကြိမ်၊ Recurrence ရတုန်းကတစ်ကြိမ် နဲ့ ကုသတဲ့ဆေးရဲ့နောက်ဆက်တွဲဆိုကျိုးကြောင့် အူမကြီးပေါက်သွားတုန်းကတစ်ကြိမ် သုံးကြိမ်တိတိ အလုပ်ထွက်ခွင့်တင်ပြခဲ့ပေမယ် မအောင်မြင်ခဲ့ပါဘူး။
ပြောင်းလဲချိန်တန်ပြီဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ စည်ပင်ဝန်ထမ်းတွေအများစုကို ပြောင်းလဲပေးနိုင်ခဲ့လို့ civil service reform အခုအချိန်မှာ ပြည်သူတွေရဲ့ မေတ္တာကိုရယူနေတဲ့ အပြာဝတ်တွေဖြစ်နေပါပြီ။
နည်းပညာပြောင်းလဲမှုတွေနဲ့ လမ်းခင်းတာ၊ မီးတိုင်စိုက်ထူတာ၊ precast drains အသေး၊ အလတ် နဲ့ အကြီးတွေခင်းတာ တွေကိုပြည်သူတွေ မျက်ဝါးထင်ထင်တွေ့မြင်နေရပါပြီ။
လမ်းဘေးသန့်စင်ခန်းတွေ၊ စျေးအသစ်တည်ဆောက်ပေးပြီး စျေးအဟောင်းတွေ အဆင့်မြှင့်တာ ပြုပြင်မွမ်းမံတာတွေပါ အများကြီးလုပ်ပေးနိုင်ခဲ့ပါတယ်။
SCATS မီးပွိုင့် အခု ၅၀ အပြင် Individual loop sensor မီးပွိုင့် ၁၈ ခု၊ Fully AI ရတဲ့ HIK8600 iVMS Intellegent vehicle management system၊ လမ်းမီးအဖွင့်အပိတ်ကို ဗဟိုထိန်းချုပ်မှုစံနစ်နဲ့ control center ကနေ ထိန်းချုပ်နိုင်မယ့် Lora street light control system တွေ လုပ်နိုင်ခဲ့ပါတယ်။
စည်ပင်ရဲ့ ဘတ်ဂျက်က အခြားပြည်ထောင်စုဝန်ကြီးဌာနတွေနဲ့ လုံးဝမတူပါဘူး။ နိုင်ငံတော်ကပံ့ပိုးမှု လုံးဝမရပဲ မိမိဝင်ငွေပေါ်မှာသာရပ်တည်ရတဲ့ အဖွဲ့အစည်းပါ။
အရင်ကတော့ စည်ပင်ပိုင် မြေတွေကို ရောင်းချပြီး အသက်ဆက်ခဲ့ကြပေမယ့် ကျွန်တော့လက်ထက်မှာ ပုံမှန်ဝင်ငွေတိုးတက်လာအောင် အခွန်အကောက်အရေအတွက်တိုးချဲ့နိုင်ဖို့ data အမှန်ရရှိရေး whole city household data survey လုပ်ခဲ့တာ၊
ပုံမှန်ငှားရမ်းခတွေထက် အများကြီး လျော့နည်းနေတဲ့ စည်ပင်ပိုင်မြေ အဆောက်အဦတွေအပေါ် လက်ရှိပေါက်စျေးရဲ့ ၆၀% ရအောင် တစ်ဦးချင်းညှိနှုင်းတာကအစ ဘယ်တုန်းကမှမရှိခဲ့ဘူးတဲ့ fiber cables တွေအတွက် right of way ခတွေစတင်ကောက်ခံနိုင်တာအဆုံး နည်းပေါင်းစုံနဲ့ စည်ပင်ရဲ့ ဘတ်ဂျက်ကို တိုးတက်အောင်လုပ်ခဲ့နိုင်လို့ အရင်ဝင်ငွေရဲ့ ၂ ဆကျော်နဲ့ လည်ပတ်နေပါပြီ။
ဝင်ငွေတိုးတက်လာတာနဲ့အမျှ လုပ်ငန်းတွေတိုးချဲ့လုပ်ကိုင်နိုင်လာသလို နည်းပညာပြောင်းလဲနိုင်ဖို့ အခြေခံ လိုအပ်ချက်တွေဖြစ်တဲ့ နိုင်လွန်ကတ္တရာ ကြိုစက်၊ Stabilized Soil Batching Plant၊ Cold Ashford Emulsion Plant၊ Precast Plant၊ laboratories တွေ တည်ဆောက်နိုင်ခဲ့သလို ခေတ်နဲ့လိုက်လျောညီထွေရှိဖို့ ယာဥ်စက်ယတ္တရား ပေါင်းများစွာကိုလည်း အင်အားဖြည့်တင်းနိုင်ခဲ့ပါတယ်။
အခုဘတ်ဂျက်ထဲမှာ နိုင်လွန်ကတ္တကြိုစက်အသစ်တစ်ခုနဲ့ နိုင်လွန်ကတ္တရာခင်းစက်တစ်စုံအပြင် ဗေဒါဆယ်စက်တစ်ခုပါ ဝယ်မှာပါ။
E government အပိုင်းနဲ့ပတ်သက်ပြီး မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီအနေနဲ့ ၂၀၁၆ အထိ ဘာတစ်ခုမှ မယ်မယ်ရရ မလုပ်နိုင်ခဲ့ပါဘူး။
အခု ၄ နှစ်ကျော်ကာလအတွင်း ပြုပြင်ပြောင်းလဲမှုတွေအများကြီးလုပ်နိုင်ခဲ့ပါတယ်။
ရုံးလုပ်ငန်းများ၊ အထူးသဖြင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ၏ လုပ်ငန်းစီမံခန့်ခွဲမှုကို အထောက်အကူဖြစ်စေရန် သတင်းအချက်အလက်၊ ဆက်သွယ်ရေးနည်းပညာကို အသုံးပြုပြီး ဆောင်ရွက်နိုင်ရန် အကောင်အထည်ဖော်ဆောင်ရွက်ထားပြီးနှင့် လက်ရှိတွင် လည်ပါတ်သုံးစွဲနေသည့် ရုံးလုပ်ငန်းသုံးစနစ်များမှာ
1.Fleet Management with GPS Tracking System
2.Digital Weighbridge System for Waster Collection
3.Vehicle Management System
4.Fuel Management System
5.Tube well and Pumping Station Meter management with IoTs SCADA system
6.Automatic Meter Reading (AMR) System with LoRaWAN System
7.Meter Unit Collection Mobile Application for old water meter
8.Smart Street Light System
9.Intelligent Traffic Control System with SCATs
10.Intelligent Vehicle Information Management System
11.Mandalay Digital Map
12.Upgrading Mandalay Zip code
13.Renaming Mandalay Road Project
14.Household Survey
15.Household System
16.Integrated MCDC Billing System
17.Mandalay Smart Pay Wallet with 2C2P and Yadanabon bank
18.Digital Challan System
19.Budgetary System
20.Electronic Toll Collection System
21.Integrated Human Resource Management System
22.Market Information Management System
23.Online Business License Registration System
24.Building Permit Management System
25.Billboard management System
26.Land Record Registration System
27.Wheel Tax Registration with RFID System
28.Municipal Mobile Application
29.Mandalay City Mobile Application
30.Office Dashboard management System
အခုဆိုရင် စည်ပင်ရဲ့ လုပ်ငန်းတွေအားလုံး အရှိန်အဟုန်နဲ့ လည်ပတ်နေပါပြီ။ နည်းပညာပြောင်းလဲမှုနဲ့ ဝန်ထမ်းတွေရဲ့ ပြောင်းလဲမှုက ကျွန်တော်မလုပ်တော့တဲ့နောက်ပိုင်း မန္တလေးစည်ပင်ရဲ့ တိုးတက်မှု အရှိန်အဟုန်က ပြောင်းလဲမှုမရှိ ဆက်လက်ကောင်းနေမယ်လို့ ကျွန်တော်လုံးဝ ယုံကြည်ပါတယ်။
အချုပ်အနေနဲ့ ဇူလိုင်လကုန်က ပါတီဝင်ဖို့နဲ့ ရွေးကောက်ပွဲဝင်ဖို့ ကမ်းလှမ်းချက်ကို ငြင်းပယ်ခဲ့သလို ရွေးကောက်ပွဲအပြီး နိုဝင်ဘာလ ၁၀ ရက်နေ့မှာ ဝန်ကြီးချုပ်ထံ နောက်၅ နှစ်သက်တမ်းမှာ ဆက်မလုပ်တော့ကြောင်းတင်ပြခဲ့ပါတယ်။
အရေးအကြီးဆုံးအသိပေးချင်တဲ့အချက်က ကျွန်တော်ဆက်မလုပ်တော့တာ ကျွန်တော်ရဲ့ ကိုယ်ရေးကိုယ်တာကြောင့်ပါ။
NLD အစိုးရအနေနဲ့ ရွေးကောက်ပွဲဝင်ဖို့အထိပါ ကျွန်တော့်ကို နေရာပေးခဲ့တာပါ။ ကျွန်တော်နဲ့ ဝန်ကြီးချုပ်အကြားမှာ ဘာပြဿနာမှ မဖြစ်ဖူးပါ။ ငယ်သူငယ်ချင်းတွေလို ရင်းရင်းနှီးနှီးဆက်ဆံလျက်ပါ။
ကျွန်တော် ပိုစ့်မတင်ဖြစ်တာက ကိုဗစ်ကာလ ဘာလုပ်ငန်းစစ်မှလုပ်လို့မရအောင်ဖြစ်နေလို့ ပိုစ့်တင်စရာ အကြောင်းမရှိချိန်မို့လို့ပါ။
ကျွန်တော် မြို့တော်ဝန်အဖြစ်ဆက်မလုပ်တော့ပေမယ့် ကျွန်တော်ချစ်တဲ့ မန္တလေးမြို့ကို ပစ်မထားပါဘူး။
လုပ်ငန်းခွင်တွေသွားပြီး အကြံဥာဏ်တွေ ဆက်ပေးမှာပါ။ မြို့တော်ဖွံဖြိုးရေးနဲ့ ကိုဗစ်အတွက် လှူလည်း ဆက်လှူသွားမှာပါ။
မန္တလေးနဲ့ မကင်းကွာပါဘူး။
Ye Lwin