မြန်မာတွေကို ကုသပေးမည့် ဆေးရုံဆောက်စဉ် ထိုင်းလူမျိုးများက ကန့်ကွက်ဆန္ဒပြ၍ ဆေးရုံ ဆောက်ခွင့်မရ
ထိုင်းနိုင်ငံ မဟာချိုင်မှာရှိတဲ့ အမျိုးသားအားကစားကွင်းမှာ COVID-19 ကူးစက်ခံရတဲ့ မြန်မာတွေကို အသေးစား ဆေးရုံဆောက်လုပ်ပြီး ကုသမှုပေးဖို့ ဒီနေ့ နေ့လယ်ပိုင်းက ပစ္စည်းတွေ သယ်ဆောင်လာစဉ် ထိုင်းလူမျိုးတွေက ကန့်ကွက်ဆန္ဒပြခဲ့တာကြောင့် ဆေးရုံဆောက်ခွင့် မရခဲ့ဘူးလို့ သိရပါတယ်။
အဲ့ဒီ ဆေးရုံဆောက်မယ့် ပတ်ဝန်းကျင်မှာ သက်ကြီးရွယ်အိုတွေ နဲ့ ကလေးငယ်တွေ ရှိနေတာကြောင့် စိုးရိမ်ပူပန်ပြီး ကန့်ကွက်ဆန္ဒပြခဲ့တာလို့ ထိုင်းအခြေစိုက် အလုပ်သမားကူညီစောင့်ရှောက်ရေး AAC မဟာမိတ်အဖွဲ့၊ ပြောရေးဆိုခွင့်ရှိသူ ကိုရဲမင်းက ပြောပါတယ်။
အမျိုးသားအားကစားကွင်းအနီး နေထိုင်တဲ့ ရပ်ကွက်နေ ထိုင်းလူမျိုး (၁၀၀) ကျော်လောက်က ပစ္စည်းတွေ သယ်ယူလာတဲ့ ကားတွေကို အားကစားကွင်းထဲ ပေးမဝင်ပဲ ပြန်လှည့်ခိုင်းပြီး ကန့်ကွက် ဆန္ဒပြခဲ့ကြတာလို့ ကိုရဲမင်းက ပြောပါတယ်။
အခုတော့ Lockdown ချထားတဲ့ စမွတ်ဆာခွန်း ပုဇွန်စျေးကို ယာယီဆေးရုံအဖြစ် ထားရှိပြီး ဆေးကုသမှုတွေ ပြုလုပ်ဖို့ ထိုင်းအစိုးရက စီစဉ်နေတယ်လို့လည်း သိရပါတယ်။
ထိုင်းရောက် မြန်မာလုပ်သားတွေ COVID-19 ကူးစက်ခံရမှုဟာ ဒီဇင်ဘာ (၂၃) ရက်ထိ (၁၂၀၀) ကျော် ရှိနေပါတယ်။
သတင်း-ဝေယံထက်ဝင်း
ဓာတ်ပုံ – Mahachai TV
One News Myanmar
https://www.facebook.com/1515097075471500/posts/2734992483481947/