ဗဟုသုတ

ဘဒ္ဒကမ္ဘာမှာ အချစ်တတ်ဆုံး အမျိုးသမီး

ဘဒ္ဒကမ္ဘာမှာ ••

အချစ်တတ်ဆုံး အမျိုးသမီး၊ Romantic (ချစ်ကြည်နူးဖွယ်ရာ) အဆန်ဆုံး အမျိုးသမီးက ဂေါတမဘုရားအလောင်းတော် သိဒ္ဓထ္ထမင်းသားရဲ့ ကြင်ယာတော် ယသော်ဓယာဒေဝီ ပါပဲ။

ဒီပင်္ကရာဘုရားရှင် လက်ထက် မတိုင်မီ ရှေ့ဘုရားရှင်တစ်ဆူ လက်ထက်မှာ ကတည်းက ပါရမီဖြည့်ဖက် အဖြစ် ဆုတောင်းခဲ့တယ်။
ဒီပင်္ကရာဘုရားရှင် လက်ထက်မှာ ဗျာဒိတ်ပေးတော့လည်း ဂေါတမဘုရားအလောင်းတော် သုမေဓာရသေ့လေးကို ချစ်ခင်မြတ်နိုးလွန်းလို့ ပါရမီဖြည့်ဖက်ဖြစ်ဖို့ ဆုတောင်းခဲ့တယ် ။

တကယ့် Platonic Love (တဏှာ ကင်းတဲ့ ၅၂၈ ချစ်ခြင်း) ပါပဲ။

နောက်ဆုံးဘဝမှာ ••

ကြင်ယာတော် သိဒ္ဓထ္ထမင်းသား တောထွက်တော် မူတဲ့အခါ အထောက်တော်တွေကို စေလွှတ်ပြီး ••

သိဒ္ဓထ္ထမင်းသားက တစ်နပ်ပဲ စားတော့တယ် ဆိုရင် တစ်နပ်ပဲ စားတယ်။

သိဒ္ဓထ္ထမင်းသားက သစ်သီးကိုပဲ သုံးဆောင်တော့တယ် ဆိုရင် သစ်သီးကိုပဲ သုံးဆောင်တော့တယ်။

မြေမှာ အိပ်တယ်လို့ သိရရင် သူမလည်း သလွန်ပေါ်က ဆင်းပြီး မြေမှာအိပ်တယ်။

ပါရမီဖြည့်ဖက် ပီသစွာ နေထိုင်ခဲ့တယ်။

ပထမဆုံး အကြိမ် ••

ဘုရားရှင်က ကပ္ပိလဝထ္ထုကို ကြွတော်မူလာတော့ ••

ဘုရားရှင်ရဲ့ ခြေတော်စုံကို ဆံပင်နဲ့ ပွတ်သပ်ပြီး သည်းထန်စွာ ငိုကြွေးခဲ့တယ်။

ခွဲခွာခဲ့ရတာ (၈)နှစ်လောက် ကြာခဲ့ပြီကိုး။

သားတော်ရာဟုလာ ကိုလည်း ••

ဒါ – သင့်အဖေပဲ၊ အမွေ သွားတောင်းချေ လို့ ထည့်ပေးလိုက်တယ်။

ဒီလိုနဲ့ သူကိုယ်တိုင်လည်း မြတ်စွာဘုရားရှင်ရဲ့ တရားတွေကို နာကြားပြီး ရဟန္တာ ဖြစ်တော် မူခဲ့တယ်။

ယသော်ဓယာထေရီမဟာ ပရိနိဗ္ဗာန် ပြုတော့မယ် ဆိုတာ သိပြီ ဆိုတာနဲ့ တရားအားထုတ်ဖော် ထေရီမတစ်ထောင်ကို ခေါ်ပြီး ဘုရားရှင်ဆီကို လာခဲ့တယ်။

” ဒီနေ့၊ တပည့်တော် ပရိနိဗ္ဗာန် ပြုပါတော့မယ် ဘုရား။ ” လို့ လျှောက်တယ်။

ပြီးတော့ လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်းပတ်လုံး ဘဝပေါင်း မရေမတွက်နိုင်အောင် များစွာ၊ များစွာသော ချစ်သူ အဖြစ်၊ လင်ယောကျာ်း အဖြစ်၊ ချစ်မြတ်နိုး ခဲ့ရတဲ့၊ ပါရမီ ဖြည့်ခဲ့ရတဲ့ သူကို နောက်ဆုံးကြည့်ခြင်းနဲ့ ခုနှစ်ကြိမ်ပတ်ပြီး မမှိတ်မသုန် ကြည့်တယ်။

ပြီးတော့ ••

သံသရာမှာ ဘယ်တော့မှ ပြန်ဆုံမှာ မဟုတ်တော့တဲ့ သူနှစ်ယောက်ရဲ့ နောက်ဆုံး နှုတ်ဆက်၊ နောက်ဆုံးစကား(ဥဒါန်း)ကို ဆိုတယ်။

” အရှင်ဘုရား ••

တပည့်တော်မဟာ အရှင်ဘုရားကို ဘဝအဆက်ဆက် ပါရမီ ဖြည့်ဖက်အဖြစ် အမြဲအတူ ရှိနေခဲ့ပါတယ် ဘုရား။

ကြီးကျယ်မြင့်မြတ်တဲ့ ဘဝတွေကို အတူခံစား၊ စံစား ခဲ့သလို၊ ဆင်းရဲဒုက္ခတွေကိုလည်း အတူခံစား ခဲ့ပါတယ် ဘုရား။

ချမ်းသာခြင်းကို အတူ ခံစားခဲ့သလို၊ ဆင်းရဲဒုက္ခ ကြုံရတဲ့ အခါမှာလည်း မငြိုငြင်ခဲ့ပါ ဘုရား ” ဟု လျှောက်ထားပြီး
ကောင်းကင်ကို စျာန်နဲ့ ပျံကြွပြီး ••

ဆင်ရုပ်၊ မြင်းရုပ်၊ သိကြားမင်းရုပ်၊ နဂါးရုပ်၊ ဂဠုန်ရုပ် စတဲ့ နာနာရုပ်တွေကို တန်ခိုးနဲ့ ဖန်ဆင်းပြီး ဘုရားရှင်ကို ပူဇော်တယ်။

ပြီးတော့ ကောင်းကင်မှာပဲ ပရိနိဗ္ဗာန်ပြုပြီး တေဇောဓာတ်ကို လောင်ကျွမ်း စေခဲ့တယ်။

ယသော်ဓယာဒေဝီဟာ ကြီးကျယ်ခမ်းနားတဲ့ ချစ်ခြင်းများနဲ့ သံသရာတစ်လျှောက်လုံး ချစ်ခဲ့တဲ့သူ ဖြစ်ပြီး ကိုယ်ချစ်တဲ့သူကို နောင်ဘဝထိ၊ သံသရာထိ ကောင်းစေလိုတဲ့ စေတနာနဲ့ မငြီးမငြူ ပါရမီ ဖြည့်ခဲ့တဲ့ အချစ်တတ်ဆုံး ပုဂ္ဂိုလ်ကြီးပါ။

ကလျာဏမိတ္တတစ်ယောက်ရဲ့ ဖြည့်ဆည်းမှုတွေနဲ့ ကိုယ့်ချစ်သူကို သံသရာတစ်လျှောက်လုံး အရှုံး၊ အမြတ် မတွက်ပဲ ချစ်သွားခဲ့တဲ့ ကြည်ညိုလေးစား အတုယူချင်ဖွယ်ရာ အချစ်တတ်ဆုံးသော၊ အချစ်နဲ့ ပတ်သက်လာရင် ကြီးကျယ်ခမ်းနားဆုံးသော မိန်းမမြတ် တစ်ဦး ဖြစ်ပါတယ်။

Ref : ဆရာကြီးငွေဥဒေါင်း၏ ဗုဒ္ဓစာပန်းချီနှင့်

ငယ်သူငယ်ချင်း ကိုဦး(ဒေါက်တာ) တို့ထံမှ ထပ်ဆင့် ပူဇော်ပါသည်။

#ဦးမြင့်ခိုင် & #SaiMyoWin