News

“မီးပြတ်နေစဉ် (၁၅) နှစ်သမီးကို ဆိုင်ကယ်နဲ့ တင်ပြေးသွားလို့ အမှုဖွင့်”

ကျောက်တံခါး ဒီဇင်ဘာ(၂၄)ရက်

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် ကျောက်တံခါးမြို့မ ရဲစခန်းအပိုင်တွင် ဒီဇင်ဘာ(၂၁)ရက်နေ့ ည ၇နာရီ အချိန်ခန့်က ကံကလေး ကျေးရွာအုပ်စု ကံကလေး ကျေးရွာနေ ဒေါ်ခင်တောမြင့်(၃၇)နှစ်သည် အတူနေ ခင်ပွန်းဖြစ်သူ ဦးသက်လင်းအောင် နှင့် သမီးကြီးဖြစ်သူ မခင်နန္ဒာလင်း(၁၅)နှစ်(၁၇)ရက်(ဘ)ဦးသက်လင်းအောင် သမီးငယ်ဖြစ်သူ မခင်သန္ဒာလင်း(၁၃)နှစ်တို့မှာ နေအိမ်၌ အတူ ရှိနေစဉ် လျှပ်စစ်မီး ပျက်သွားခဲ့ရာ

သမီးကြီးဖြစ်သူ မခင်နန္ဒာလင်းမှာ အမေသ္မီးအပေါ့သွားအုန်းမည်ဟု မိခင်ဖြစ်သူအား ပြောဆိုပြီး နေအိမ် အနောက်ဘက်ရှိ အိမ်သာသို့ ထွက်သွားခဲ့ရာ (၁၅)မိနစ်ခန့် ကြာသည်အထိ ပြန်ရောက်လာခြင်းမရှိသဖြင့် သမီးငယ်ဖြစ်သူ မခင်သန္ဒာလင်းအား သွားရောက် ကြည့်ရှု့ခိုင်းခဲ့ရာ ခဏအကြာတွင် ဒေါ်ခင်တောမြင့် ထံသို့ ပြန်လာပြီး အမေ အစ်မကြီး အိမ်သာမှာ မရှိဘူးဟု ပြောဆိုသဖြင့် ဒေါ်ခင်တောမြင့်
လည်း အိမ်သာသို့ ထပ်မံ၍ သွားရောက်ရှာဖွေခဲ့ရာ

မတွေ့ရှိသဖြင့် စိတ်ပူသွားကာ ရွာထဲတွင်ရှိသော ဆွေမျိုးများ၏ နေအိမ်သို့ ခင်ပွန်းဖြစ်သူ ဦးသက်လင်းအောင်နှင့်အတူ လိုက်လံရှာဖွေ သော်လည်း မတွေ့ရှိဘဲ ရွာထဲသို့ ထပ်မံ၍လိုက်လံ ရှာဖွေခဲ့ရာ ရွာထိပ်ရှိ အကြော်ရောင်းသည့် တဲတွင် နေထိုင်သည့် တစ်ရွာတည်းနေ မောင်ဖြစ်သူ ဦးထွန်းထွန်းနိုင် အား တွေ့ရှိသဖြင့် မေးမြန်းခဲ့ရာ ၄င်းမှ လွန်ခဲ့သော(၁၅)မိနစ်ခန့်ကတစ်ရွာတည်းနေမြတ်ကိုအောင်(ခ)ကိုအောင်(၂၂)နှစ် (ဘ)ဦးကြိုင် နှင့် မခင်နန္ဒာလင်းတို့(၂)ဦးအား

ဆိုင်ကယ်တစ်စီး(၂)ယောက်စီးနှင်း၍ အရှေ့မှမောင်းနှင်ပြီး တစ်ရွာတည်းနေ သော်ဇင်(၂၁)နှစ်(ဘ)ဦးဇော်မင်းမှာ နောက်မှ ဆိုင်ကယ် တစ်စီးဖြင့် ရွာအပြင်ဘက်သို့ အမြန်မောင်းနှင် သွားသည်ကို တွေ့ရှိလိုက်ကြောင်း ပြောပြသိရှိရသဖြင့် ဒေါ်ခင်တောမြင့်နှင့် တစ်ရွာတည်းနေ ယောင်းမဖြစ်သူ မကြူမာ အဒေါ်ဖြစ်သူ ဒေါ်စန်းထွေးတို့(၃)ဦးမှ မြတ်ကိုအောင်(ခ)ကိုအောင်၏ နေအိမ်နှင့် သော်ဇင်၏ နေအိမ်များသို့ သွားရောက် စုံစမ်းမေးမြန်းရာ ၄င်းတို့(၂)ဦးမှာ နေအိမ်တွင်မရှိကြောင်း သိရှိခဲ့ရပြီး ဒေါ်ခင်တောမြင့်မှ ခင်ပွန်းဖြစ်သူ ဦးသက်လင်းအောင် အား

ဖုန်းဖြင့်ဆက်သွယ်၍ လှမ်းခေါ်လိုက်ရာ ဦးသက်လင်းအောင်မှ တစ်ရွာတည်းနေ မောင်နီ မောင်ဖိုးတော တို့နှင့်အတူရောက်ရှိလာသဖြင့် ဒေါ်ခင်တောမြင့်နှင့် ဒေါ်သဲတို့လည်း နေအိမ်သို့ပြန်လာခဲ့ရာ(၁၅)မိနစ်ခန့် အကြာတွင် ရွာထိပ်ရှိဇရပ်တွင် ကျန်ခဲ့သော ခင်ပွန်းဖြစ်သူ ဦးသက်လင်းအောင်မှ သော်ဇင်နှင့် တစ်ရွာတည်းနေသူများဖြစ်သော ဖိုးကျော် သူရစိုး တို့ (၃)ဦးမှာ ဆိုင်ကယ်(၂)စီးဖြင့် ရွာထဲသို့ပြန်လာရာ ခင်ပွန်းဖြစ်သူ ဦးသက်လင်းအောင် အား တွေ့မြင်သွားသဖြင့်ဆိုင်ကယ်အား ပြန်ကွေ့ပြီး ရန်ကုန်-မန္တလေး(ကားလမ်းဟောင်း)ပေါ်သို့ မောင်းနှင် ထွက်ပြေးသွားကြောင်း ဖုန်းဆက်ပြောသဖြင့် သိရှိခဲ့ရပြီး

ဒေါ်ခင်တောမြင့်မှ အရွယ်မရောက် သေးသော သမီးဖြစ်သူ မခင်နန္ဒာလင်အား မိဘအုပ်ထိန်းသူ၏ ခွင့်ပြုချက်မရှိဘဲ သွေးဆောင် ခိုးယူသွားသူ မြတ်ကိုအောင်(ခ)ကိုအောင်နှင့် ခိုးရာတွင် အားပေးကူညီသူ သော်ဇင်တို့(၂)ဦးအား ဥပဒေအရ အရေးယူပေးပါရန် တရားလိုပြုလုပ် တိုင်တန်းလာသဖြင့် ကျောက်တံခါးမြို့မ ရဲစခန်းမှ (ပ)၃၄၉/၂၀၂၀ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၆၃/၁၁၄ အရ အရေးယူမှုဖြစ်ပြီး အမှုအား စစ်ဆေးရန်

ခေတ္တ စခန်းမှူးဒုရဲမှူး ထွန်းလင်းခိုင်မှ ဒုရဲအုပ် နော်ဒေစီအား အမှုစစ်တာဝန် ပေးအပ်ထားရှိပြီး အမှုမှ တရားခံများဖြစ်သော မြတ်ကိုအောင်(ခ)ကိုအောင်နှင် သော်ဇင်တို့(၂)ဦး အား အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် ဒုရဲအုပ် ဇော်မင်းဦး နှင့် သူဌေးကုန်းရဲကင်းမှူး ဒုရဲအုပ် ဇင်သူအောင်တို့ အဖွဲ့အား တာဝန်ပေးအပ်ထားရှိပြီး ကျန်ရဲလုပ်ငန်းများ ဆောင်ရွက်နေလျှက်ရှိကြောင်း သိရှိရပါသည်

မျိုးနိုင်-ကျောက်တံခါး

ZPLUS-သတင်းအေဂျင်စီ