ဗဟုသုတ

“ရွှေမှော်မှာ ရွှေတွေ အစုလိုက်အပြုံလိုက် အတုံးလိုက်အတစ်လိုက် တွေ့ရတဲ့ အကြောင်းအရင်း”

Placer gold nugget တေွနဲ့ ပတ်သတ်ပြီး ဘူမိဗေဒ သဘောအရ ဘယ်လိုဖြစ်လာတာလဲ ဆိုတာနဲ့ ပတ်သတ်ပြီး ဗဟုသုတအနေနဲ့ သိရအောင် ရေးပေးပါဆိုလို့ ရေးလိုက်တာပါ။

Nugget gold ဆိုတာ တကယ်တော့ရေဆောင် ရွှေသတ္ထုသိုက် (Placer deposit) တွေမှာ အမ​ျားဆုံး တွေ့ရတတ်တဲ့ ရွှေအခဲလေးတွေပါ။ မျက်စိနဲ့ မြင်လို့ရတဲ့ အသေးဆုံး အရွယ်ကနေ ပိသာနဲ့ချီတဲ့ အရွယ်အထိ ရှိပါတယ်။

သူဖြစ်ပေါ်လာပုံကတော့ အင်မတန် ရိုးရှင်းလှပါတယ်။ အလွယ်ဆုံး ပြောရရင် ရွှေသတ္ထုစွဲဝင်နေတဲ့ ရွှေကြောတစ်ခုကို နှစ်ပေါင်းများစွာကြာအောင် ရာသီဥတုတိုက်စား ခြေဖျက်ခြင်း ခံရတဲ့အခါ သူ့အထဲမှာပါတဲ့ ရွှေအပိုင်းအစ လေးတွေဟာ မူလ ကျောက်စိုင်ကနေ ပြုတ်ထွက်သွားပြီး မိုးရေ သို့မဟုတ် စီးဆင်းရေ တခုခုနဲ့ မြောပါသွားရာကနေ အနိမ့်ပိုင်းတနေရာကို ရောက်သွားတဲ့သဘောပါ။

တခါတလေမှာ အလွန်ဝေးလံတဲ့ နေရာကနေ မြစ်ချောင်းတခုရဲ့ သယ်ယူပို့ချတာကို ခံရတဲ့အခါ ရွှေစလေးတွေရဲ့ မျက်နှာပြင်ဟာ လမ်းတလျောက် ပွတ်တိုက်မှုတွေနဲ့ ကြုံရတဲ့အတွက် လုံးဝန်းနေတတ်သလို မျက်နှာပြင်မှာလည်း အစင်းကြောင်းလေးတွေ ဖြစ်ပေါ်နေတာကို တွေ့ရတတ်ပါတယ်။

Nugget တွေရဲ့ အရွယ်အစား၊ တွေ့ရှိရတဲ့ နေရာနဲ့ လုံးဝန်းမှုပေါ် မူတည်ပြီး သူ့ရဲ့ မူလဇစ်မြစ်ဖြစ်တဲ့ ပင်မရွှေသတ္ထုကြောရဲ့ တည်နေရာကို အနည်းနဲ့အမ​ျား ဆိုသလို ခန့်မှန်းနိုင်ပြီး ပင်မရွှေသတ္ထုကြောကို ရှာဖွေတဲ့ နေရာမှာ အညွှန်းအနေနဲ့ အသုံးဝင်လှပါတယ်။

အောက်က ပေးထားတဲ့ ပုံ (၁) မှာတော့ တောင်စောင်းတစ်ခုမှာ ရှိနေတဲ့ ရွှေသတ္ထုကြော တခုဟာ ရာသီဥတုဒဏ်ကြောင့် ကြေပျက်ပြီး အထဲက ရွှေစတွေဟာ တောင်စောင်းအတိုင်း မိုးရေနဲ့အတူ စီးဆင်းသွားရာကနေ ချောင်းတခုထဲကိုရောက်လို့ ဆက်လက်သယ်ဆောင်ရာကနေ ချောင်းရဲ့ ရေငြိမ်ပိုင်း အနည်ပို့ချရာနေရာဖြစ်တဲ့ ချောင်းကွေ့သောင်ခုံတွေမှာ သယ်ဆောင်လာတဲ့ ရွှေတွေကို ပို့ချနေတဲ့ အနေအထား ဖြစ်ပါတယ်။

ရွှေရဲ့ လေးလံတဲ့ သိပ်သည်းဆကြောင့် တခါတလေမှာ မညီညာတဲ့ ခေ​​ျာင်းကြမ်းပြင်မှာရှိတဲ့ အက်ကွဲကြောင်း သို့မဟုတ် ဂလိုင်ပေါက်တွေထဲကို ဝင်ရောက်နေတတ်တာကြောင့် ရွှေတွေကို အစုလိုက် အပြုံလိုက် တွေ့ရတတ်ပါတယ်။

ရွှေမှုံစုပ်လုပ်တဲ့ သူများဟာ ဒီလိုနေရာမျိုးတွေကို ရေငုတ်သမားတွေရဲ့ အကူအညီနဲ့ လိုက်လံရှာဖွေပြီး ထုတ်ယူတတ်ကြပါတယ်။

ဒါကြောင့် ရေဆောင်ရွှေသတ္ထုသိုက်တွေကို ရှာဖွေတဲ့အခါ ချောင်းတွေ မြစ်တွေကနေ သယ်ဆောင်ပို့ချတဲ့အတွက် လက်ရှိဖြစ်ပေါ်နေတဲ့ ချောင်းတွေကနေတဆင့် ထုတ်ယူလို့ရသလို အတိတ်ဘူမိအချိန် တခုက ဖြစ်ပေါ်ခဲ့ပြီး

လက်ရှိအချိန်မှာ ချောင်းပုံသဏ္ဍန်တောင် မရှိတော့တဲ့ နေရာတွေကို ကောင်းကင်ဓါတ်ပုံ၊ ဂြိုလ်တုဓါတ်ပုံတွေကနေတဆင့် လေ့လာပြီး အတိတ်က စီးဆင်းပို့ချခဲ့တဲ့ မြစ်ချောင်းဟောင်းတွေရဲ့ တည်နေရာကို ရှာဖွေဖော်ထုတ်ပြီး ရေဆောင်သတ္ထုသိုက်များကို တူးဖော်လို့ရပါတယ်။

( Nugget ကို (နားဂတ်ထ်) ဟုအသံထွက်ပါ။)

(ဗဟုသုတတစ်ခု မျဝေခြင်းသာ ဖြစ်ပါတယ်)

*Photos from internet