ကိုဗစ်-၁၉ ကပ်ရောဂါဟာ ကမ္ဘာပေါ်မှာ နှစ်ပေါင်းများစွာ ဆက်လက်ကူးစက်ဖြစ်ပွားနေမှာဖြစ်ပြီး ကိုဗစ်နဲ့အတူ ဆက်လက်ရှင်သန်နေထိုင်ရမှာဖြစ်လို့ လူမှုဘဝနဲ့ လုပ်ငန်းဆောင်တာတွေကို ကိုဗစ်နဲ့အတူယှဉ်တွဲနေထိုင်ပြီး ဆောင်ရွက်ကြဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီကနေ့ ဒီဇင်ဘာ ၂၂ ရက်မှာ ထုတ်ပြန်လိုက်ပြီဖြစ်ပါတယ်။
ကိုဗစ်ဟာ အသက်ရှူလမ်းကြောင်းကတစ်ဆင့် ကူးစက်ရောဂါဖြစ်ခြင်း၊ ရောဂါလက္ခဏာမပြဘဲ ကူးစက်သူတွေရှိနေခြင်းနဲ့ ရောဂါဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးရဲ့ ဗီဇပြောင်းလဲမှုတွေရှိတာကြောင့် ရာသီတုပ်ကွေးလိုပဲ ဖြစ်ပွားမှုအနည်းအများသာကွာခြားပြီး ကမ္ဘာပေါ်မှာ နှစ်ပေါင်းများစွာ ဆက်လက်ကူးစက်ဖြစ်ပွားနေမယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်လာတာဖြစ်ပါတယ်။
ကိုဗစ်နဲ့အတူ ဆက်လက်ရှင်သန်နေထိုင်ရမှာဖြစ်လို့ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး စတဲ့ လုပ်ငန်းကဏ္ဍအသီးသီးကို ပုံမှန်အတိုင်း ပြန်လည်ဆောင်ရွက်လုပ်ကိုင်ဖို့ စဉ်းစားကြံဆ ကြိုးပမ်းကြရမယ်လို့လည်း ဆိုပါတယ်။ ဒီလိုမှမဟုတ်ရင် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုက အလွန်နှောင့်နှေးသွားမယ်လို့ ဆိုပါတယ်။
ဒါကြောင့် ပြည်သူအားလုံး နေ့စဉ်လူမှုဘဝနဲ့ လုပ်ငန်းဆောင်တာတွေမှာ ပါးစပ်နှာခေါင်းစည်း Mask စနစ်တကျတပ်ဖို့ ၊ ခပ်ခွာခွာနေဖို့၊ လက်ကိုမကြာခဏဆေးဖို့၊ တစ်ဦးကိုတစ်ဦး အသိသတိပေးခြင်းနဲ့ ကိုဗစ်ကာကွယ်ရေးစည်းကမ်းတွေကို တိကျစွာ ဆက်လက်လိုက်နာကြဖို့လည်း ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက တိုက်တွန်းထားပါတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ်ကူးစက်ရောဂါစတင်ဖြစ်ပွားခဲ့တဲ့ မနက်ဖြန် ဒီဇင်ဘာ ၂၃ ရက်ဆို၉ လပြည့်ပြီဖြစ်ပြီး အတည်ပြုလူနာ တစ်သိန်းကျော်၊ သေဆုံးသူ ၂၄၀၀ ကျော်ရှိပြီဖြစ်ပါတယ်။
ဘီဘီစီမြန်မာပိုင်း
ဓာတ်ပုံ-MPA