အိဖြိုး – မုံရွာ၊ ဒီဇင်ဘာ , ၂၁
မုံရွာမြို့၊မြဝတီရပ်ကွက်၊သစ္စာလမ်းသွယ် ( ၄ )မှ အမျိုးသားတစ်ဦးအား သေဆုံးပြီးနောက် စစ်ဆေးရာမှ ကိုဗစ်ပိုးတွေ့ကြောင်း မုံရွာခရိုင်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
” ခရီးသွားရာဇဝင်မရှိဘူး။ဖျားပြီးသေတာ။ရပ်ကွက်ထဲ လျောက်သွားနေတဲ့သူဆိုတော့ မသင်္ကာလို့ Dead Body ကို သွားစစ်တော့ ပိုးတွေ့တယ်။ ” ဟု မုံရွာခရိုင်ကျန်းမာရေးမှူး ဒေါက်တာညိမ်းညိမ်းအေးကပြောသည်။
အဆိုပါသေဆုံးသူသည် ခရီးသွားရာဇဝင်မရှိ၊ အတည်ပြု ကိုဗစ်လူနာနှင့်ဆက်စပ်သူ မဟုတ်ဘဲ ဖျားနာပြီး သေဆုံးသဖြင့် အလောင်းကို စစ်ဆေးခဲ့ခြင်းဖြစ်သည်။
” အအေးပတ်ပြီး သေတာလို့ပြောပေမယ့် ကျန်းမာရေးဌာနက သံသယလူနာအဖြစ် စစ်ဆေးတယ်။အရင်ပိုးတွေ့ပြီး သေဆုံးတဲ့လူနာအိမ်နဲ့တော့ ဝေးပါတယ်။ “ဟု မုံရွာမြို့နယ်အုပ်ချုပ်ရေးမှုးဦးခင်မောင်စိုးကပြောသည် ။
မြဝတီရပ်ကွက်တွင် ယခင်ကလည်း အသက် ၇၀အရွယ် အမျိုးသမီးတစ်ဦးဆေးရုံတက်နေစဉ် သေဆုံး၍ စစ်ဆေးရာ ပိုးတွေ့ခဲ့သည်။
၎င်း၏ မိသားစုဝင် သုံးဦးမှာလည်း ပိုးတွေ့သဖြင့် ဆေးကုသမှုခံနေသည်။မုံရွာမြို့နယ်တွင် ပိုးတွေ့လူနာ ၇၄ ဦးရှိကာ ၁၇ ဦးမှာ ကုသဆဲဖြစ်ပြီး နှစ်ဦးသေဆုံးထားသည်။
#MonywaGazette #မုံရွာ #ကိုဗစ်
Photo . Zin Min Tun