News

တန်ဖိုးကြီးလှတဲ့ ရှေးဟောင်းပစ္စည်းကို လက်ခံဝယ်ယူထားသူကပြန်လည် ပေးအပ်ခဲ့ပြီးဝယ်ယူသည့်အတွက်ပေးခဲ့သောငွေကိုလည်း ကိုဗစ်အတွက်လှုဒါန်း

ဧရာဝတီမြစ်လက်တက်မှပထမဆုံးတွေ့သောရှေးဟောင်းပစ္စည်းကိုလက်ခံဝယ်ယူထားသူကပြန်လည် ပေးအပ်ခဲ့ပြီးဝယ်ယူသည့်အတွက်ပေးခဲ့သောငွေ(၁၈)သိန်းကိုလည်း ကိုဗစ်အတွက်လှုဒါန်း

====================================================

စစ်ကိုင်းတိုင်းဒေသကြီး မြောင်မြို့နယ် ကျောင်းဖြူရွာ ဧရာဝတီမြစ်လက်တက်မှ ပထမဆုံးတွေ့သော ရှေးဟောင်း ပစ္စည်းကို လက်ခံဝယ်ယူထားသူ မြင်းခြံမြို့ရွှေဆိုင်ပိုင်ရှင်က ရှေးဟောင်းပစ္စည်းရွှေထည် ကိုလည်းပြန်လည်ပေးအပ်ခဲ့သည့်အပြင်ဝယ်ယူစဉ်ကပေးခဲ့သောကျပ်(၁၈)သိန်းကိုလည်း ကိုဗစ် အတွက် လှုဒါန်းခဲ့ကြောင်းမြောင်မြို့နယ်စီမံခန့်ခွဲမှုကော်မတီက သိရသည်။

“ရွှေဆိုင်ပိုင်ရှင်ဟာ ရှေးလက်ရာမပျက် ထိန်းသိမ်းထားတာဖြစ်ပြီး လိုလိုလားလားနဲ့ ပြန်လည်အပ်နှံ ပေးခဲ့ပါတယ်”ဟုအဆိုပါ ကော်မတီ၏ ဥက္ကဌ ဦးတင်ထွန်းအောင်က ပြောသည်။

ကျောင်းဖြူကျေးရွာ မြစ်ကမ်းပါးဘေးတွင်နိုဝင်ဘာလ (၂၈)ရက်ကရှေးဟောင်းရွှေထည် ပစ္စည်း တစ်ခုကို ပထမဦးဆုံးကောက်ရခဲ့သူက မသိနားမလည်ဘဲ မြင်းခြံမြို့”မြိုင်မဟာရွှေဆိုင်” တွင်ငွေ ကျပ်(၁၈)သိန်းဖြင့်ရောင်းချခဲ့ကြောင်းသိရသည်။

ရောင်းချခဲ့သည့်ရှေးဟောင်းရွှေထည်ပစ္စည်း(တွေ့ရှိခဲ့သည့်ရွှေထည်ပစ္စည်းထဲတွင်အနုပညာလက်ရာအလှဆုံး)သည်ခန့်မှန်းအလေးချိန် ၁ ကျပ် ၁၂ပဲ ကျော်ရှိပြီးနိုင်ငံတော်သို့အပ်နှံရမည်ဖြစ်သည့်အတွက် ဝယ်ယူစဉ်ကပေးချေခဲ့သည့်ငွေကျပ်(၁၈)သိန်းကို မြင်းခြံမြို့ ” မြိုင်မဟာ “ရွှေဆိုင်ပိုင်ရှင်ဒေါက်တာ သန်းဝင်း အား ပြန်လည်ပေးအပ်ရာ ရှေးဟောင်းပစ္စည်းရွှေထည်နှင့်အတူ ငွေကျပ်(၁၈)သိန်းကို မယူ တော့ ဘဲကိုဗစ်အတွက်လှုဒါန်းခဲ့ခြင်းဖြစ်သည်။

“ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးအတွက်ငွေလှုရတာဝမ်းသာကျေးဇူးတင်ပါတယ်။နိုဝင်ဘာလ(၂၈)ရက်နေ့ကရှေးဟောင်းပစ္စည်းရတာကိုဘာမှမလုပ်သေးဘဲသိမ်းထားလိုက်တယ်။

ပစ္စည်းဝယ်တဲ့ဈေး(၁၈)သိန်းကိုပြန်ပေးတာမယူတော့ဘဲ ကိုဗစ်ထိန်းချုပ်ရေးအတွက် မြင်းခြံCOVID -19 ကာကွယ်ထိန်းချုပ်ရေး လုပ် ငန်း အတွက် ၁၀သိန်း၊ မြောင်မြို့နယ် COVID -19 ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းအတွက် ၈သိန်းလှုပါတယ်” ဟု ဒေါက်တာသန်းဝင်းကပြောသည်။

“ပြန်လည်အပ်နှံခဲ့တဲ့ ရှေးဟောင်းရွှေထည်ပစ္စည်းကို တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ထံဆက် လက် အပ်နှံသွားမှာဖြစ်ပါတယ်”ဟု မြောင်မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌဦးတင်ထွန်းအောင် က ပြောသည်။

မျိုးမောင်မောင် မုံရွာ