News

ဗီယက်နမ်က ပြည်တွင်းထုတ် ကိုဗစ်ကာကွယ်ဆေး လူတွေမှာစမ်းသပ်မှု စတင်

အာဆီယံအဖွဲ့ဝင် ဗီယက်နမ်နိုင်ငံက ပြည်တွင်းကုမ္ပဏီတစ်ခုက ထုတ်လုပ်ထားတဲ့ COVID-19 ကာကွယ်ဆေးကို လူတွေမှာ ထိုးနှံစမ်းသပ်မှုများ ဟနွိုင်းမြို့မှာ ယနေ့ (ဒီဇင်ဘာ ၁၇ ရက်) စတင်ခဲ့ကြောင်း သိရပါတယ်။

ဖွံ့ဖြိုးဆဲ နိုင်ငံတွေက ချမ်းသာတဲ့ နိုင်ငံတွေနဲ့အတူ ကာကွယ်ဆေးရရှိနိုင်ရန် ကြိုးပမ်းနေကြစဉ် ဗီယက်နမ်က ၎င်းတို့ရဲ့ ပြည်တွင်းထုတ် ကာကွယ်ဆေးတစ်မျိုးကို လူတွေမှာ စမ်းသပ်မှုများ စတင်လိုက်တာလည်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့အခြေစိုက် Nanogen ဆေးဝါးဆိုင်ရာ ဇီဝနည်းပညာကုမ္ပဏီက ထုတ်လုပ်ထားတဲ့ Nanocovax ကာကွယ်ဆေးဟာ ဗီယက်နမ်ပြည်တွင်းမှာ ထုတ်လုပ်နေတဲ့ COVID-19 ကာကွယ်ဆေး လေးမျိုးအနက်မှ တစ်မျိုးဖြစ်ပါတယ်။

Nanogen ကုမ္ပဏီရဲ့ ကိုယ်စားလှယ်တစ်ဦးက ပြောကြားမှုအရ Nanocovax ကာကွယ်ဆေးတစ်လုံးလျှင် အမေရိကန်ဒေါ်လာ ၅ ဒေါ်လာ (မြန်မာကျပ်ငွေ ၆,၇၀၀ ဝန်းကျင်) ကျသင့်မယ်လို့ ဆိုပါတယ်။ မိမိတို့သဘောဆန္ဒအလျောက် ပါဝင်စမ်းသပ်ခံကြသူတွေကို ဗီယက်နမ်စစ်ဘက်ဆိုင်ရာ ဆေးတက္ကသိုလ် (Vietnam Military Medical University) မှာ ယနေ့ ကာကွယ်ဆေးထိုးပေးခဲ့ပြီး ၇၂ နာရီကြာ စောင့်ကြည့်သွားမှာ ဖြစ်ပါတယ်။

လူဦးရေ ၉၆ သန်းဝန်းကျင်ရှိတဲ့ ဗီယက်နမ်မှာ လက်ရှိအချိန်အထိ COVID-19 ကူးစက်ခံရသူ ၁,၄၀၀ ကျော်နဲ့ သေဆုံးသူ ၃၅ ဦးရှိခဲ့ပါတယ်။ ယမန်နေ့ (ဒီဇင်ဘာ ၁၆ ရက်)ကက ထုတ်ပြန်ခဲ့တဲ့ လေ့လာမှုတစ်ခုအရ ကမ္ဘာ့လူဦးရေရဲ့ အနည်းဆုံး ငါးပုံတစ်ပုံဟာ ၂၀၂၂ ခုနှစ်အထိ COVID-19 ကာကွယ်ဆေးမရရှိနိုင်မှာကို စိုးရိမ်ပူပန်မှုတွေ ရှိနေပါတယ်။

Crd- မူရင်း