News

ကိုဗစ်-၁၉ ရောဂါကြောင့် ၁၂ တန်း ကျောင်းသားအားလုံး အောင်မြင်သည်ဟု သတ်မှတ်မယ့္ နိုင္ငံ

ကမ္ဘောဒီးယား၌ ကိုဗစ်-၁၉ ရောဂါကြောင့် ၁၂ တန်း ကျောင်းသားအားလုံး အောင်မြင်သည်ဟု သတ်မှတ်

ကမ္ဘောဒီးယားနိုင်ငံ၏ ပညာရေး၊ လူငယ်နှင့် အားကစား ဝန်ကြီးဌာနသည် နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက် ပျံ့နှံ့မှုနှင့်ပတ်သက်၍ စိုးရိမ်မှုမြင့်မားလာခြင်းကြောင့် ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁၁ ရက်တွင် စာမေးပွဲဝင်ရောက်ဖြေဆို မည့် ၁၂ တန်း ကျောင်းသားအားလုံးကို အလိုအလျောက် စာမေးပွဲအောင်မြင်သူများအဖြစ် သတ်မှတ်ရန် ဆုံးဖြတ် လိုက်သည်။

ထို့အပြင် ကမ္ဘောဒီးယားအစိုးရသည် ယခုနှစ် နိုဝင်ဘာ ၃၀ ရက်က စာမေးပွဲဝင်ရောက်ဖြေဆိုခဲ့သည့် ၉ တန်း ကျောင်းသားအားလုံးကိုလည်း စာမေးပွဲအလို အလျောက်အောင်မြင်သူများအဖြစ် သတ်မှတ်ခဲ့ကြောင်း ဆင်ဟွာသတင်းဌာနမှ ယနေ့ကြေညာချက်အရ သိရသည်။

ဝန်ကြီးချုပ် ဆမ်ဒက်ဟွန်ဆန်၏ ယခုနှစ် ပညာသင်နှစ် အတွင်း အထက်တန်းနှင့် အလယ်တန်းကျောင်းသားများ ၏ စာမေးပွဲအတွက် မြင့်မားသော ထောက်ခံချက်နှင့်အညီ ပညာရေး၊ လူငယ်နှင့် အားကစားဝန်ကြီးဌာနအနေဖြင့် စာမေးပွဲဖြေဆိုရန် မှတ်ပုံတင်ထားသော ကျောင်းသား အားလုံးကို အောင်ချက်အဆင့်မပါဘဲ အလိုအလျောက် အောင်ခွင့်ပြုရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ပညာရေး ဝန်ကြီး ဟန်ချွန်နာရွန်၏ လက်မှတ်ဖြင့် ထုတ်ပြန်သည့် ကြေညာချက်တစ်ရပ်တွင် ဖော်ပြထားသည်။

ကမ္ဘောဒီးယားနိုင်ငံ၌ ယခုနှစ်ပညာသင်နှစ်တွင် စာမေး ပွဲဖြေဆိုမည့် အထက်တန်းကျောင်းသားပေါင်း ၁၂၁၁၀၈ ဦးခန့်ရှိပြီး အလယ်တန်းကျောင်းသားပေါင်း ၁၅၈၇၁၇ ဦးခန့်ရှိကြောင်း ပညာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ကမ္ဘောဒီးယားကျန်းမာရေးဝန်ကြီးဌာန၏ ယမန်နေ့ ထုတ်ပြန်ချက်အရ မြို့တော်ဖနောင်ပင်နှင့် နိုင်ငံ၏တောင်ဘက် ကန်ဒါလ်ပြည်နယ်၌ လက်ရှိအချိန် အထိ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၄၁ ဦးထက်မနည်း ရှိကြောင်း သိရသည်။

ကိုးကား – ဆင်ဟွာ

ဘာသာပြန် – ဂျေတီ/The Mirror