အမှောင်မှလာသော အလင်း(သို့မဟုတ်) စကော်ပီယံ ဂိုဏ်း ၏ ပဲ့ကိုင်ရှင်
လွန်ခဲ့သည့် ဆယ်စုနှစ်နှစ်ခုလောက်က စကော်ပီယံဂိုဏ်း ဟူသောနာမည်သည် မြန်မာပြည် တွင် မကောင်းသတင်းဖြင့် ကျော်ဇောသောအမည်နာမ တစ်ခုပင် ဖြစ်သည်။
အထက်တန်းလွှာလူတန်းစား သားများ စုပေါင်းကာ ဖွဲ့စည်းထားသော စကော်ပီယံဂိုဏ်းကို လူမိုက် ဂိုဏ်းတစ်ခုအဖြစ် ပြည်သူများက ရှုမြင်ခဲ့ကြသည်။
လက်ရှိအချိန်တွင်တော့ စကော်ပီယံဂိုဏ်း ဟူသော အမည်နာမသည် မှေးမှိန် ပျောက်ကွယ်သွားပြီ ဖြစ်ပြီး ဂိုဏ်းဝင်များသည် ထောင်ကျသူကျ၊ ဆုံးသူဆုံး တစ်ကွဲတပြား ဖြစ်သွားကြပြီဖြစ်သည်။ တချို့မှာ စီးပွားရေးလုပ်ငန်း လုပ်နေကြသလို ပရဟိတ လုပ်ငန်းများမှာလည်း ပါဝင်နေကြပြီဖြစ်သည်။
ထိုအထဲတွင်မှ ဂိုဏ်းခေါင်းဆောင် ဖြစ်သော ကိုရန်နိုင်ရွေးချယ်ခဲ့သည့် ပရဟိတခရီးလမ်းမှာ သာမန်လူများအတွက် ထူးဆန်း နေသည်။
မူးယစ်ဆေးသုံးစွဲခဲ့သည့် လူငယ်များကို မိမိ နေထိုင်ရာ အိမ်သို့ခေါ်ထားပြီး ဆေးပြတ်အောင် ဖြတ်ပေးသည့် လုပ်ငန်းကို သူလုပ်ဆောင်ခဲ့သည်။ မူးယစ်ဆေး ဟူသည် သုံးစွဲမိပါက ဖြတ်ရန် လွယ်ကူသော အရာ မဟုတ်သလို ဆေးဖြတ်လိုက် ပြန်သုံးလိုက်ဖြင့် သံသရာလည်နေသော လူများလည်း ဒုနှင့်ဒေးပင်။
ထိုသို့ခက်ခဲသော အလုပ်မျိုးကိုမှ ရွေးချယ် လုပ်ကိုင်နေသည့် ကိုရန်နိုင် သည်ပင် တစ်ချိန်က မူးယစ်ဆး၏ကျေးကျွန် တစ်ယောက် ဖြစ်ခဲ့ဖူးသည်။
စကော်ပီယံဂိုဏ်း ဆိုသည်မှာနိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး (နဝတ) အစိုးရ လက်ထက်တွင် ကုန်သွယ်ရေး ဝန်ကြီးဌာန၌ ခရီးသွားဝန်ဆောင်မှုကုမ္ပဏီကို ၁၉၉၅ ခုနှစ်တွင် စတင်ပြီး၊ မှတ်ပုံတင်ခဲ့သည့်Travel &Tourကုမ္ပဏီသည် ကိုရန်နိုင်တို့ ကုမ္ပဏီဖြစ်သည်။
ကုမ္ပဏီ၏ နာမည် အပြည့်အစုံမှာ ကင်းမြီးကောက်အဖြူ (White Scorpion) သာဖြစ်သည်။ ကိုရန်နိုင်ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လာချိန် ဖြစ်ပြီး ကိုရန်နိုင် အသက်မှာ ၂ဝကျော်သာ ရှိသေးသည်။
လာရောက်သော ဧည့်သည်များမှာ တချို့က စီးပွားရေး လုပ်ရန်လာသလို၊ တချို့ကလည်း အလည်အပတ် သဘောသာ လာကြသည်။
လူငယ်သဘာဝအရဧည့်သည် လူငယ်များက နိုက် ကလပ်များ၊ ဘားများသို့ ပို့ပေးရန် တောင်းဆိုကြသည်။ ထိုလူငယ်များထဲတွင် ဂျပန်ယာကူဇာများလည်း ပါဝင်လာသည်။ မြန်မာနိုင်ငံသို့ တရားဝင် ရောက်လာသော မည်သည့် နိုင်ငံခြားသားကို မဆို သူတို့၏ ခရီးသွား လုပ်ငန်းကသွားချင်သော နေရာသို့ လိုက်ပို့ပေးရုံသာ ရှိသည်။
ထို့နောက် စကော်ပီယံကုမ္ပဏီမှာ ခရီးသွားများ ရလာသလို စီးပွားရေးလည်းအတန်ငယ်ကောင်း လာသည်။သို့သော်အများထင်သလို စကော်ပီယံံဂိုဏ်းကြီးထူထောင်ပြီး၊ မူးယစ်ဆေးဝါးများကိုဖြန့်ဖြူးနေ သည့် အခြေအနေမျိုးတော့ လုံးဝမဟုတ်ခဲ့ကြောင်း ကိုရန်နိုင်က ပြောသည်။ ”စကော်ပီယံက ကျွန်တော့် စီးပွားရေးသက်သက်ပါ။
အဲဒီစကော်ပီယံကုမ္ပဏီကနေ တစ်ဆင့် လူငယ်တွေပဲ တဖြည်းဖြည်းနဲ့ စုမိလာတော့ ဂိုဏ်းတစ်ခု ဖြစ်လို့ မြင်လာကြတယ်။ လူငယ်တွေ ဖြစ်ကြတယ်။
နောက် တစ်ခုက ငွေကိုသုံးနိုင်တော့ ထင်ရာစိုင်းတော့တာပေါ့” ဟု စကော်ပီယံဂိုဏ်းဟူ၍ နာမည်ကြီးခဲ့ပုံကို ၎င်းက ပြောပြသည်။တစ်နေ့တွင် စကော်ပီယံကုမ္ပဏီကံဆိုးမိုးမှောင်ကျစေသည့်အမှု တစ်ခု ဖြစ်ပေါ်လာခဲ့သည်။
၎င်းတို့၏သူငယ်ချင်း လူငယ် တစ်ယောက်မှာ ဆေးဖြတ် ထားသည်မှာ မကြာသေး။
၂ဝဝဝပြည့်နှစ် New Year တွင် သူငယ်ချင်းများ က နှစ်သစ်ကို ကြိုဆိုရန် လာခေါ်ကြသည်။ထိုညက ဆေးဖြတ်ထားသော လူငယ်သည် ဆေးပြန် ချမိသည်။
အသုံးများ သွားသဖြင့် Overdose ဖြစ်ကာ သတိလစ်သွားပြီးသူငယ်ချင်းများကသတိရစေရန် ပြုစုကြသော်လဲအခြေအနေဆိုးရွားလာသဖြင့် အတူရှိနေသော သူငယ်ချင်း ၄ ယောက် ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်ကာ သတိမေ့နေသော သူငယ်ချင်းကို သူ့အိမ်ရှေ့သို့ သွားပြန်ပို့ပေးသည်။
ထိုကာလက ဟန်းဖုန်းများမရှိသေး၍ တခြားအိမ် တစ်အိမ်မှဖုန်း ဆက်ပြီး သူတို့သားကို ထွက်ခေါ်ရန်အကြောင်း ကြားသည်။ ထိုအချိန်တွင် ဆေးမူးနေသော လူငယ်မှာ လူးလှိမ့်ပြီး အိမ်ဘေးရှိ မြောင်းထဲသို့ ကျသွားသည်။
အိမ်မှ ထွက်ကြည့်သောအခါ ဘာကိုမှ မတွေ့သည့် အတွက် နောက်နေသည်ဟုထင်ပြီး ပြန်ဝင်သွား သည်။
သူငယ်ချင်းများက နောက်တစ်ကြိမ် ပြန်ရောက် လာပြီး၊ သူတို့ သူငယ်ချင်း အခြေအနေကို ကြည့်သည်။ အိမ်ဘေးမြောင်းထဲတွင် တွေ့ရသည့်အတွက် သူ့အိမ်သို့ ဖုန်းထပ်ဆက်ပြန်သည်။
ထိုအခါမှမိသားစုက တွေ့သွားသော အခါ သူငယ်ချင်းက သေဆုံးနေပြီဖြစ် သည်။
ဆေးကြောင့်ရှော့ခ် ရသွားပြီး၂နာရီလောက်ကြာမှ တွေ့ရသည့်အတွက် အသက်မမီတော့။ နောက်ဆုံး ဆေးရုံကြီးကို ဖုန်းဆက်ပြီး၊ လူနာတင်ကားဖြင့် လာသယ်သော်လည်း နောက်ကျသွားခဲ့သည်။
ထိုကိစ္စနှင့် ပတ်သက်ပြီး နောက် စကော်ပီယံဂိုဏ်းက လူသတ်သည် ဆိုပြီး နာမည်ကြီး သွားသည်။
တိုင်းမှူး တစ် ယောက် ၏ သားကိုရိုက်ပြီးကားမှန်များကို ခွဲသွားသည်ဟူသော သတင်းများ၊ လူသတ်သည် ဟူသော သတင်းများ ဆက်တိုက် ထွက်ပေါ်လာသည်။
စကော်ပီယံ ဆိုသည့် နာမည် ပိုကြီးလာပြီးလူတိုင်း မျက်မုန်းကျိုးစရာအဖွဲ့ ဖြစ်လာသည်။ကလပ်တွင် ရန်ဖြစ်တိုင်း စကော်ပီယံက ကောင်တွေဟု သတင်းလွှင့် ခြင်းခံရသည်။
စကော်ပီယံဂိုဏ်း ပြိုကွဲချိန်ထိုသတင်းဆိုးများ၏ နောက်ဆက်တွဲအဖြစ် ၂ဝဝ၁ ခုနှစ်တွင် ဂိုဏ်းခေါင်းဆောင် ရန်နိုင်၏ မွေးနေ့ကို ကျင်းပနေသည့်အချိန် စစ်ထောက်လှမ်းရေးအမှတ် (၁၂) မှ ထောက်လှမ်းရေး တပ်ဖွဲ့ဝင်များ၊လုံထိန်းတပ်ဖွဲ့ များ၊ ရဲတပ်ဖွဲ့များ ဝင်ရောက် ဖမ်းဆီးခဲ့သည်။
ထို့နောက် ကလပ် အပြင်သို့ တစ်ဦးချင်းထွက်စေပြီးစစ်ဆေး လိုက်သည်။ မွေးနေ့ရှင် ကိုရန်နိုင်နှင့် မပတ်သက်သော သူများကို လွှတ်ပေးလိုက်ပြီး ရန်နိုင်နှင့် ပတ်သက်သော သူအားလုံးကို ဖမ်းဆီးကာ အချုပ်ကားထဲသို့ ထည့်သွင်း လိုက်သည်။
ဖမ်းဆီးထားသောလူ ၂၂ ယောက်အနက်ကလပ်မှ ဖမ်းလာသော လူ ၅ ဦးသာ ဆေးကျသည်။ ကိုရန်နိုင်အပါအဝင် ကျန် ၁၇ ဦးမှာ ဆေးအောင် သည်။
သို့သော် ထောက်လှမ်းရေးက ၂၂ ယောက် အနက် ၁၇ ဦးကို ပုဒ်မ ၅(ဃ)၊ ပုဒ်မ ၆တို့ဖြင့်လည်း ကောင်း၊ ဆေးကျသော ၅ ဦးကို နောက်ထပ် ၁၅ (က)ဖြင့် လည်းကောင်း အင်းစိန်ထောင်ဗူးဝတွင် အထူးတရားရုံး ပြုလုပ် ကာ စစ်ဆေးသည်။
တရားရုံးသို့ မိသားစုဝင်များ လာရောက် နားထောင် ခွင့်မရှိ။ ရှေ့နေ ငှားပေးခွင့်မရှိ။ ထောင်ထဲသို့ရောက်ပြီး ၁ လခွဲကြာမှ ရုံးထွက်ခဲ့ရသလို ရုံးချိန်း ၂ ချိန်းပြီးမှ သာ ရှေ့နေငှားခွင့် ပေးသည်။ သို့သော် တတိယ ရုံးချိန်း တွင် ရှေ့နေခုံ ပျောက်သွားပြီး တရားသူကြီး တစ်ဦးသာ ရှိတော့သည်။
တရားသူကြီးက ၅(ဃ) ဖြင့် အားလုံးအား ၇ နှစ်၊ သင်းဖွဲ့ပုဒ်မ ၆ဖြင့် ၅ နှစ် စုစုပေါင်း ၁၇ ယောက်အား ၁၂ နှစ်ချခဲ့သလို၊ ဆေးကျသော ၅ ဦးအား မူးယစ်ဆေးပုဒ်မ ၁၅(က) ဖြင့် နောက်ထပ် ၅ နှစ်စီ ထပ်မံ အမိန့် ချမှတ်ခဲ့သည်။”
တကယ်တော့ ကျွန်တော်တို့ လူမသတ်ခဲ့ပါဘူး။ ဒါအမှန်တရားပါ။ ဒါကိုသူတို့ မိသားစုလည်း သိပါတယ်” ဟု ဆရာရန်နိုင်က ပြောသည်။
နှလုံးလှ လူမိုက်
ထောင်ထဲတွင် ”စကော်ပီယံတွေ” ဟူသော သတင်းစကားဖြင့် အကျဉ်းသားများ၏ အထင် အမြင် လွဲကာ တင်းမာသည့် ဆက်ဆံမှုများ ကြုံတွေ့ခဲ့ရသည်။ အကျဉ်းကျစဉ် ကာလအတွင်း ဝန်ထမ်းများ၏ အထင်အမြင်လွဲမှားမှုကြောင့် ရောက်ခါစကာလများတွင် တင်းကျပ်သော စည်းကမ်းများ၊ ဖိနှိပ်မှုများကို ခါးခါး သီးသီးခံစားခဲ့ရသည်။
ထို့ကြောင့် အမှုတွဲ အချင်းချင်း သွေးမကွဲစေဘဲ အတူတကွ စုပြီး အိုးမခွဲဘဲ ထောင်မှ လွတ်မြောက်သည်အထိ အတူတူ စားခဲ့သည်။ တစ်ယောက် ဒုက္ခရောက်လျှင် ကျန်သူများက ဝိုင်းဝန်းကူ ညီသည်။
၎င်းနည်းဖြင့် ထောင်ထဲတွင် ရပ်တည်ခဲ့သည့် အတွက် ဒုက္ခ ကြီးကြီးမားမား မရောက်ခဲ့ပေ။ ထောင် ထဲ တွင် ရောဂါ ရသဖြင့် စကော်ပီယံ အဖွဲ့ထဲမှ နှစ်ဦး ကွယ်လွန် သွားခဲ့သည့် ဖြစ်ရပ်သာ ရှိ ခဲ့ သည်။
တစ်ဦးမှာ သာယာဝတီ ထောင်တွင် ကွယ်လွန်သွားခဲ့ခြင်း ဖြစ်ပြီး ဆေးဝါး မပြည့်စုံ ခြင်း ကြောင့် တိမ်းပါးသွားခဲ့ရခြင်း ဖြစ်သည်။ ကျန်တစ်ဦးမှာ အင်းစိန်ထောင်တွင် ကွယ်လွန် ခဲ့သည်။ ထောင်ထဲ တွင်လည်း စကော်ပီယံ များမှာ အခြား အကျဉ်းသားများ၏ လူမှုရေး၊ သာရေး၊ နာရေး ကိစ္စရပ်များကို ဝင်ရောက် အကူအညီများ ပေးခဲ့သည်။
ကိုရန်နိုင်သည် အင်းစိန်အကျဉ်းထောင်တွင် ၁၂နှစ် ကျခံရသော်လည်း ၁ဝ နှစ် ပြည့်သည့် ၂ဝ၁၁ ခုနှစ်တွင် ပြန်လည် လွတ်မြောက်ခဲ့သည်။”ပထမ စရောက်တုန်းက မွန်းကျပ် ဖိနှိပ်မှုတွေ၊ ညှဉ်းပန်းနှိပ်စက်မှုတွေ ခံရပါတယ်။
နောက်တော့ ဝန်ထမ်းတွေကအစ သူတို့ နဂိုသိထားသလို အမှုမျိုး မဟုတ်ဘူးဆိုတာကို သိလာတဲ့အခါမှာတော့ မျက်နှာသာ ပေးခြင်း ပြန်ခံစားရတယ်။ ဒါတွေဟာ ဘုရားသခင်ရဲ့ မစ ခြင်း သက်သက်ကြောင့်ပါ”ဟု ဆရာရန်နိုင်က မျက်စိမှိတ်ပြီး တိုးတိတ်စွာဆိုလာသည်။
ထောင်မှ လွတ်မြောက်လာပြီးနောက် ကိုရန်နိုင်၏ အတွေးအခေါ်အယူအဆများသည် လုံးဝပြောင်းလဲ သွားတော့သည်။ တစ်ချိန်ကစည်းစိမ်၊ ဂုဏ်ဒြပ်များဖြင့် ကြွယ်ဝစွာ အသက်ရှင် နေထိုင်ခဲ့သည့် လူမိုက်ရန်နိုင်မှသည် ထောင် မှ ထွက်လာပြီးသည့် နောက် လူသားများ အတွက်အကျိုး ပြုလုပ်ငန်းများ လုပ်ဆောင်ရန် နှလုံးလှသော ဘုရား အစေခံ လူတစ်ဦး အဖြစ် ရွေးချယ် ဆုံးဖြတ် ခဲ့သည်။
ခရစ်ယာန်ဘာသာကို သက်ဝင် ယုံကြည်လာပြီး နောက် ၎င်း၏ လူငယ်ဘဝ သက်တမ်း တစ်လျှောက်တွင် ကျင်လည်ကျက်စား ခဲ့ဖူးသည့် အတွေ့အကြုံ တစ်ခုကို အရင်း ပြုကာ အခြားလူငယ်များ အနာဂတ် မပျောက်အောင် တည့်မတ်ပေးသည့် ပဲ့ကိုင်ရှင် တစ်ဦး ဖြစ်လာသည်။
”ဘုရားသခင်က အပြစ်ကို ခွင့်လွတ်တယ်။ ဒါပေမယ့် နောက်ထပ် အပြစ်မကျူး လွန်ဖို့တော့ သူ အလိုရှိ တယ်။ ဘယ်ဘာသာတရား မဆို ကောင်းတာကိုပဲ လုပ် ခိုင်း တာပါ” ဟု ၎င်းက ဆိုသည်။
ဆယ်နှစ်တာ ကျင်လည်ခဲ့သည့် ပတ်ဝန်းကျင် တစ်ခုဖြစ်သော ဒုက္ခမျိုးစုံ ရင် ဆိုင် ရလျက်ရှိသော ထောင် အတွင်းရှိ အကျဉ်းသား များထံသို့ သွားရောက်ပြီး လိုအပ်သည် များကို ကူညီပေးခဲ့သည်။
”ထောင်ထဲမှာ ညီအစ်ကိုတွေ လိုအပ်တာ မေတ္တာ တရားပါ” ဟု ဆရာ ရန်နိုင်က ပြတ်သားစွာ ဆိုသည်။ ထိုအလုပ် လုပ်ကိုင်ရာမှ ကျယ်ပြန့် လာသည့် အတွက် ထောင် သာသနာပြု လုပ်ငန်းဟူ၍ ဖြစ်ပေါ်လာခဲ့သည်။
အကျဉ်းသားများ၏ စိတ်နှလုံးတွင် ချစ်ခြင်း မေတ္တာများ ပွားများစေရန်၊ နောင်တ တရားများရ၍ လူ့သက်တမ်း အသစ်မှာ ပျော် ရွှင်စွာ နေထိုင် သွားစေရန် အဓိက လုပ်ဆောင်ခဲ့သည်။
”လူတိုင်း အမြဲတမ်း သွား ရောက် မတွေ့ဆုံ နိုင်ပေမယ့် ကျွန်တော် လစဉ်တိုင်း အင်းစိန် အကျဉ်းထောင်နဲ့ သာယာဝတီထောင်၊ အကျဉ်းထောင်ကို ငါးခြောက်တွေ ကြော်လှော်ပြီးတော့ ပို့တယ်” ဟု ၎င်းက ပြောသည်။
မူးယစ် ကျေးကျွန်များရဲ့ အနာဂတ် ပဲ့ကိုင်ရှင်
ထောင်သာသနာပြုလုပ်ငန်း လုပ်ကိုင်ရင်းမူးယစ်ဆေးစွဲ လူငယ်များကို ဆေးဖြတ်ပေးသည့်လုပ်ငန်းကို လွန်ခဲ့ သည့် နှစ်နှစ်ခန့်မှစတင်လုပ်ဆောင်ခဲ့သည်။
လှည်းကူး ငါးဆူတောင်ရှိ သူ့ခြံတွင် စိုက်ပျိုးရေးနှင့်မွေးမြူရေးကို တွဲလုပ်ကာ လူငယ်များကိုဆေးဖြတ်ပေးသည်။ယနေ့ လူငယ်များကို လောင်းကစား၊အရက်၊ဂိမ်း၊မူးယစ်ဆေး စသည့်အရာများ လွှမ်းမိုးချုပ်ကိုင်လာကြသည်။
ထိုအထဲတွင် အနာဂတ်ပျောက်ဆုံးနေသည့် မူးယစ် ကျေးကျွန်များ ဘဝသစ်လျှောက်လှမ်းနိုင်စေရန် သူ ကူညီပေးလို၍ ထိုအလုပ်ကို ရွေးချယ်ခဲ့ခြင်းဖြစ်သည် ဟု ဆိုသည်။ ”မူးယစ်ဆေး ပြဿနာက ကိုယ်တိုင် ကြုံတွေ့ခဲ့တယ်။ဆေးသမားတွေက လောင်းကစား သမား၊ဂိမ်းသမားတွေထက် ဆိုးတယ်။လောင်းကစား သမား၊ဂိမ်းသမားတွေက ပါတနာမပါရင် လုပ်လို့ မရ ဘူး။
ဆေးသမားတွေမှာ ဆေးပြတ်နိုင်ခဲ့ရင်တောင် မိသားစု၊ပတ်ဝန်းကျင်ရဲ့ယုံကြည်မှုကို အပြည့်အဝ မရ ရှိတော့ဘူး။အဲဒီအခါမှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ပြီး အရွဲ့တိုက်ကြတယ်။
အဲဒီဆေးကိုပြန်သုံးကြတတ်တယ်” ဟု ၎င်းအတွေ့အကြုံကို ပြန်လည် ပြောပြခဲ့သည်။ အကျဉ်းထောင်မှ လွတ်မြောက်ပြီး မူးယစ်ဖြတ် သင်တန်းကျောင်း တည်ထောင်သည်မှာ၂ နှစ်သာရှိ သေးသော်လည်း လူပေါင်း ငါးဆယ်ကျော်ကိုမူးယစ်နွံမှ ဆွဲထုတ်နိုင် ခဲ့သည်။
”ဒါကိုရွေးချယ်ခဲ့တာ တောထဲမှာ ဆိုးတဲ့ကျားကိုပွေ့ဖက် ထားပြီး ရွာသူရွာသားတွေ အလုပ် လုပ်ပါစေဆိုတဲ့ သဘောပါပဲ” ဟု သူကပြောသည်။
ကိုရန်နိုင်၏အသင်းတော် ဖြစ်သော C Myanmar Church တွင် ဆေးဖြတ်လိုပါက လာရောက်နိုင်ပြီး လူမျိုး၊ဘာသာ၊အသက်အရွယ် မရွေး လက်ခံထား သည်။စည်းကမ်း တင်းကျပ်စွာ သတ်မှတ်ထားခြင်း မရှိသည့်အပြင် မိမိယုံကြည်ရာ ဘာသာကိုလည်း လွတ်လပ်စွာ ကိုးကွယ်နိုင်သည်။
တချို့သည် မူးယစ် ကျေးကျွန်အဖြစ်မှ လုံးဝကွင်းလုံးကျွတ်လွတ်မြောက် သွားသော်လည်း ပတ်ဝန်းကျင်၊အပေါင်းအသင်း ဟောင်းများနှင့် ပြန်လည်ဆုံစည်းပြီး မလွတ်မြောက်နိုင် သေးသည့် လူအနည်းစုလည်း ရှိသည်ဟု သူက ပြောသည်။
”မူးယစ်နွံထဲကနေ ရုန်းထွက်ဖို့ဆိုတာ ဘုရား မပါရင် မရဘူး။ ဒီကမ္ဘာပေါ်မှာ မူးယစ်ကင်းစင်ပြီး မားမား မတ်မတ် ရပ်တည်နိုင်တဲ့နေရာက ရာခိုင်နှုန်း နည်း ပါတယ်။တချို့ကအစားထိုး ဆေးပေးပြီးတော့ထိန်းထား တာရှိတယ်။တချို့က အရက်နဲ့၊တချို့က ဆေးခြောက်နဲ့ စသဖြင့် ဖြတ်ကြပါတယ်။
ကျွန်တော့်သင်တန်းကျောင်း မှာတော့ သမ္မာကျမ်းစာနဲ့ ဆုတောင်းခြင်းသာ အဓိက ဆေးဖြစ်တယ်” ဟု ဆရာရန်နိုင်က ဆိုသည်။ ၎င်းသင်တန်းကျောင်းသို့ ရောက်ရှိလာသည့် မူးယစ် ဆေးသုံးစွဲသူများသည် ဘိန်းနှင့် ရာဘ အများဆုံး သုံးစွဲ သူများဖြစ်ပြီး အရွယ်အားဖြင့် ဆယ်ကျော်သက်မှ အသက် ၅ဝ ထိရှိသည်။
အခြေခံလူတန်းစား အများဆုံး ဖြစ်ပြီး ရှမ်းမြောက်ဒေသ၊ကချင်တို့မှအများဆုံး ဖြစ်သည်။စာသင်ကြားခြင်း အမှုအပြင် လူမှုဘဝနေထိုင် နည်းများ၊ အသက်မွေးဝမ်းကျောင်းပညာအဖြစ် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ပတ်သက်သည့် အရာများကို လည်း လက်တွေ့သင်ကြား ပေးသည်ဟု သိရသည်။
ကျမ်းစာသင်ကြားရန် ရောက်ရှိနေသော အဆောင် အောက်တွင် ဂီတာထိုင်တီးနေသည့် လူငယ်တချို့ကို ငေးကြည့်ရင်း ကွဲအက်သောအသံဖြင့် သူကဆိုသည်။
”သူတို့တွေက ဒီဆေးပြတ်သွားခဲ့ကြရင်တောင် အိမ်က ယုံကြည်ခြင်းနဲ့ မယုံကြည်ခြင်း ဒီနှစ်ခုကြားမှာ အသက် ရှင်ရတာ များတယ်။မိသားစုရဲ့ ယုံကြည် အားပေးမှုက အရမ်းလိုအပ်တယ်။
သူတို့ ကြိုးစားတည်ဆောက်ရဲ့သား နဲ့ တစ်ဖက်က မယုံကြည်တဲ့အခါမှာ သူတို့တွေဟာ အရာရာဟာ မခံချင်စိတ် ဖြစ်လာတယ်။
မိုက်လမ်းကို ပြန်ရွေးချယ်ဖို့ ဝန်မလေးကြတော့ဘူး” ဟု ၎င်းက ပြော သည်။ သင်တန်းကာလကို ကန့်သတ်ထားခြင်း မရှိ၊ စားသောက်စရိတ် အဖြစ် တစ်လလျှင် ကျပ်ငါးသောင်း သာ ကောက်ခံခဲ့သည်။
ထို့အပြင် ပြည်တွင်း၊ပြည်ပအကူ အညီရယူမှု မရှိသလို၊INGO NGO အဖွဲ့အစည်းများ၏ ကူညီထောက်ပံ့မှု လည်း မရှိကြောင်း သိရသည်။
”ငါးသောင်း ဆိုပေမယ့် တချို့ဆို ဆေးပြတ်တဲ့အထိ နေ သွားတယ်။တစ်ပြားမှ မပေးတာလည်း ရှိတယ်။ ကျွန်တော် မတောင်းပါ ဘူး” ဟု ၎င်းကရှင်းပြခဲ့သည်။ ထို ပရဟိတလုပ်ငန်းလည်ပတ်နိုင်ရန် တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများလုပ်ကိုင်ခဲ့ကြသည်။
အမိုက်နိဂုံး အဆုံးသတ်
တစ်ချိန်က လိုတရ ဘဝကို ပိုင် ဆိုင်ခဲ့သည့် ကိုရန်နိုင်၊ မူးယစ်ကျေးကျွန် ကိုရန်နိုင်ကတော့ လက်ရှိမှာအသက် ၄ဝကျော် ပြီဖြစ်ပြီး သင်းအုပ် ဆရာတစ်ဦးအဖြစ် ဘဝ ကို တရားဓမ္မဖြင့်ဖြတ်သန်းနေပြီဖြစ်သည်။ လူငယ်ဘဝ က ဆိုးခဲ့ပေခဲ့မိတာတွေ အတွက် နောင်တတရားနှင့် အတူ မိမိကြောင့် ထိခိုက်ခဲ့ရသူများရှိပါက တောင်းပန် ပါသည် ဟုလည်း ၎င်းကဆိုသည်။
”ကျွန်တော့်ကြောင့် ဖြစ်ပျက်ခဲ့ရတဲ့ နာကြည်းစရာတွေ ခါးသီးခြင်းတွေ တချို့ဆို ကားတစ်စီးလုံး ကြေမွသွားတဲ့ အထိ ရှိတယ်။ စကော်ပီယံ နာမည်ကို လူတန်းစား တော်တော်များများက အလွဲသုံးစား လုပ်ခဲ့တယ်။ ကျွန်တော် ကိုယ်တိုင်ဖြစ်ခဲ့တဲ့ အရာလည်း ရှိကောင်း ရှိမယ်။
ဒါပေမယ့် ဘယ်နည်းနဲ့ပဲ အလွဲသုံးစားလုပ်ခဲ့ပါ စေ ခံစားခဲ့ရတဲ့လူတွေကို ကျွန်တော် တောင်းပန်တယ်” ဟု ၎င်းက တီးတိုး ဆိုသည်။
၎င်း၏ အတိတ် ကာလက အဖြစ်ပျက်များ အတွက် နာကြည်းနေ ခြင်း၊ ပူဆွေးနေခြင်း မရှိဘဲ ပကတိ ကြည်လင်လျက်ရှိသည်။
သူ၏ မျက်လုံးများသည် သူ၏ ဘဝဇာတ်ကြောင်းကို လူတွေ စာနာသနားစေရန် ဦးစားပေး မပြောဆိုဘဲ သမ္မာ တရားနှင့်လူသားများ ကြား လိုအပ်နေသော ကူညီမှုများ၊ မေတ္တာ တရားများ အတွက်သာ မရပ်မနား ပြောလျက် ရှိသည်။
အကျဉ်းထောင်များသို့ လှူဒါန်းရန်အတွက် ငါးခြောက် များကို နေလှမ်းနေရာမှ ဘဝဇာတ်ကြောင်း အနိမ့်အမြင့် အဖုံဖုံကိုပြောပြနေသော သူ၏မျက်နှာတွင် ဘာသာရေး ကို ယုံကြည်သက်ဝင်မှုက အထင်းသား။
အမှားကို သိပြီး ဆက် မမှားနေဘဲ မှန်သည့် လမ်းကို ရွေးချယ် လျှောက် လှမ်းရန်လိုကြောင်း ကိုရန်နိုင်၏ဘဝပုံ ကားချပ်များက သက်သေ ပြနေသည် ။
”လူတိုင်း မှား တတ် တာပဲလေ။ အဲဒီ အမှားကို သိပြီး ပြန်ပြင်ဖို့က နံပါတ်တစ်ပဲ” ဟု ပြောသော ကိုရန်နိုင် သည် ၎င်း၏ ပြောစကားအတိုင်းပင် စကော်ပီယံ ဂိုဏ်းခေါင်းဆောင် ဘဝမှ သင်းအုပ်ဆရာ ဘဝသို့ ပြောင်းလဲနိုင် ခဲ့လေပြီ။
ထူးထူး
Post Views: 727